သတင်း

တမူးမြို့ ပျူစောထီးရွာတိုက်ပွဲတွင် လေတပ်က ဗုံးကြဲ

အိန္ဒိယ-မြန်မာနယ်စပ် စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်တွင် စစ်ကောင်စီ တပ်စွဲထားသည့် ပန်းသာရွာကို ယနေ့ (ဇွန် ၁၅) ရက် နံနက်ပိုင်းတွင် ကာကွယ်ရေးအဖွဲ့များက ဝင်တိုက်ပြီးနောက် စစ်ကောင်စီလေတပ်က လေကြောင်းဖြင့် လာရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

တမူးမြို့ တောင်ဘက် ၈ မိုင်ခန့်အကွာ တမူး-ကလေး ကားလမ်းပေါ်ရှိ စစ်တပ်နှင့် ပြည်သူ့စစ် ခေါ် ပျူစောထီးများ တပ်စွဲထားသည့် ပန်းသာရွာကို ယနေ့ နံနက် ၅ နာရီဝန်းကျင်တွင် ကာကွယ်ရေးအဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ပန်းသာရွာသည် စစ်တပ်က လက်နက်တပ်ဆင်ပေးထားသည့် အရပ်ဝတ်လက်နက်ကိုင် ပြည်သူ့စစ် (အရပ်အခေါ် ပျူစောထီး) များ အားကောင်းသည့် ကျေးရွာဖြစ်ပြီး ကာကွယ်ရေးအဖွဲ့များက တတိယအကြိမ်မြောက် တိုက်ခိုက်ခြင်းဖြစ်သည်။

ပြည်သူ့စစ်အခြေပြုရွာ တိုက်ခိုက်ခံရပြီးနောက် နာရီပိုင်းအကြာ နံနက် ၈ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ပန်းသာရွာအနီးရှိ ရန်ကြီးအောင်ရွာနှင့် အင်ဒိုင်းရွာအနီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“တိမ်တွေနဲ့ ဖုံးနေတာ။ မိုးအုံ့နေတယ်ဆိုတော့ အသံတော့ ကြားတယ်။ မမြင်ရဘူး။ သိရသလောက်တော့ ၁ ကြိမ်လောက်လို့ သိရတယ်။ ဗုံးသီး ၂ လုံး ချတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

တိုက်ပွဲပြင်းထန်ခဲ့ပြီး တမူးမြို့မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကြောင့် ကာကွယ်ရေးအဖွဲ့ဝင် ၂ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကာကွယ်ရေးအဖွဲ့နှင့် နီးစပ်သည့် သတင်းရင်းမြစ်များက ပြောသည်။ လေကြောင်းတိုက်ခိုက်မှုအတွင်း ကာကွယ်ရေးအဖွဲ့ဝင်များ ထိခိုက်မှုမရှိကြောင်း၊ အရပ်သား ထိခိုက်ဒဏ်ရာရမှု၊ နေအိမ်ပျက်စီးမှု အခြေအနေနှင့် ပတ်သက်ပြီး အသေးစိတ်အခြေအနေကို မသိရသေးကြောင်း ၎င်းတို့က ပြောသည်။

ပန်းသာရွာတွင် ယခင်က နယ်မြေရဲကင်းစခန်း တစ်ခုသာရှိသော်လည်း အာဏာသိမ်းပြီးနောက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသာမက လက်နက်တပ်ဆင်ပေးထားသည့် အရပ်ဝတ်ပြည်သူ့စစ်များပါ ပူးပေါင်း အခြေချ တပ်စွဲထားခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။

ထို့ပြင် ယနေ့ နံနက် ၇ နာရီဝန်းကျင်တွင် တမူးမြို့မြောက်ဘက်သို့ ထွက်လာသည့် ပြည်သူ့စစ်အဖွဲ့တစ်ဖွဲ့ကို ကံကြီးဝတံတားအနီး မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုအခြေအနေကို မသိရသေးကြောင်း ဒေသခံများက ပြောသည်။

မြန်မာနိုင်ငံ၏ အနောက်မြောက်ဘက် တံခါးပေါက်မြို့ဖြစ်သည့် တမူးမြို့သည် အိန္ဒိယနှင့် နယ်နိမိတ်ချင်း ရှည်လျားစွာ ထိစပ်နေပြီး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ကာ ကူးသန်းရောင်းဝယ်ရေး အချက်အချာကျသည့် မြို့ဖြစ်သည်။

တမူးမြို့နယ် အရှေ့ဘက်နှင့် အနောက်ဘက်တွင် ပေတစ်ထောင်ကျော်မြင့်သည့် ဝေလုံတောင်၊ မင်းသမီးတောင်၊ မှန်တောင်တို့ ကာရံထားသဖြင့် တောတောင်ထူထပ်ပြီး ဖောင်းပြင်၊ မော်လိုက်၊ ဟုမ္မလင်းမြို့တို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။

တောတောင်ထူထပ်ရာ အိန္ဒိယနယ်စပ် တမူးမြို့နယ်တွင် NUG လက်အောက်ခံ PDF တပ်ရင်း ၂ ခု၊ ယခင် NUG လက်အောက်ခံ တမူးတပ်ရင်း (၃) မှ အမည်ပြောင်းလဲဖွဲ့စည်းထားသည့် အမျိုးသားလွတ်မြောက်ရေးတပ်တော်၊ ကျောင်းသားတပ်မတော် ABSDF၊ အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်နေသည့် ရဲများဖြင့် ဖွဲ့စည်းထားသည့် Fighter Police CDM အဖွဲ့၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) စသည့် အဖွဲ့များ လှုပ်ရှားလျက်ရှိသည်။

ထို့ပြင် စစ်ကောင်စီဘက်ကလည်း တမူးမြို့ တောင်ဘက်တွင် ပန်းသာရွာနှင့် ဝိတုတ်ရွာ၊ မြို့မြောက်ဘက်တွင် ကွန်းတောင်း၊ မင်းသာရွာ၊ မြို့သစ်မြို့၊ တနံရွာတို့မှာ ပြည်သူ့စစ်များ အားကောင်းသည့် ကျေးရွာများ ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ယခုနှစ် မတ်လကုန်ပိုင်းက တမူးမြို့ မြောက်ဘက်ရှိ PDF စခန်းတစ်ခုကို စစ်ကောင်စီက နှစ်ရက်ဆက်တိုက် မြေပြင် ဝေဟင် ထိုးစစ်ဆင်တိုက်ခိုက်ရာ ကာကွယ်ရေးအဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့သည်။

စစ်ကောင်စီကို ခုခံမှုအားကောင်းသည့် စစ်ကိုင်း၊ မကွေး၊ ကရင်နီဒေသများတွင် စစ်ကောင်စီလေတပ်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လေ့ရှိသည်။

စစ်ကောင်စီလေတပ်၏ လေ့ကျင့်ရေးရဟတ်ယာဉ်တစ်စီး ယနေ့ ဇွန်လ (၁၅) ရက်တွင် လေ့ကျင့်ပျံသန်းနေစဉ် ပျက်ကျခဲ့ပြီး လေယာဉ်မှူးနှင့် သင်တန်းသားတစ်ဦးတို့ သေဆုံးသွားသည်။ ထိုလေယာဉ်သည် နေပြည်တော်မှ မိတ္ထီလာသို့ ပျံသန်းစဉ် လယ်ဝေးမြို့နယ်အတွင်း ပျက်ကျခဲ့ခြင်းဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button