စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားနေသည့် အင်အား ၁၅၀ ခန့်ပါသည့် စစ်ကောင်စီတပ်ဖွဲ့ကို ဒေသခံ တော်လှန်ရေးသမားတို့က နှစ်ရက်ဆက် ချုံခို တိုက်ခိုက်သည်။
ထိုတပ်ဖွဲ့မှာ မြောက်ဘက်ကပ်လျက် ယင်းမာပင်မြို့နယ်ဘက်မှ ပုလဲမြို့နယ်အတွင်းသို့ ဇွန် ၉ ရက်တွင် ခြေလျင်ရောက်လာသည်ဟု မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA) ပြန်ကြားရေးတာဝန်ခံ အမျိုးသားက ပြောသည်။
ပုလဲမြို့ပေါ်ရှိ စခန်းတွင် တစ်ရက် နားခိုပြီး ဇွန် ၁၁ နံနက်တွင် မြို့အနောက်ဘက်သို့ ထွက်လာချိန် ပုလဲနှင့် ၃ မိုင်အကွာ နွယ်ရှောက်ရွာ အနီးဝန်းကျင်တွင် MRDA က စတင်၍ ၆၀ မမ လက်နက်ကြီးဖြင့် နှစ်ကြိမ် ပစ်ခတ်ပြီးနောက် အပြန်အလှန်တိုက်ခိုက်ခဲ့ကြသည်ဟု ထိုသူက ဆို သည်။
နွယ်ရှောက်ရွာ၌ ညအိပ်ပြီး ထွက်ခွာလာသည့် ထိုစစ်ကြောင်းကို နောက်တစ်နေ့ (ဇွန် ၁၂) နံနက်ပိုင်းတွင်လည်း တောင်ဘက် ၂ မိုင်အကွာ လှော်ကားရွာသို့ သွားသည့် လမ်းတွင် ထပ်မံစောင့်ဆိုင်း တိုက်ခိုက်သည်ဟု သူက ပြောသည်။
“ကျွန်တော်တို့ ရဲဘော်တွေက (တိုက်ခိုက်ဖို့အတွက်) ညလုံးပေါက် ပြောပါတော့၊ စောင့်နေကြတာ” ဟု အထက်ပါ MRDA ပြန်ကြားရေးတာဝန်ခံက ဆိုသည်။
နွယ်ရှောက်ရွာအနီး တိုက်ပွဲတွင် ၎င်းတို့၏ လက်နက်ကြီးကြောင့် စစ်သားနှစ်ဦး ဒဏ်ရာရ လဲကျသွားကြောင်း၊ နာရီဝက်ကြာ အပြန်အလှန်ပစ်ခတ်ခဲ့သည့် နွယ်ရှောက်နှင့် လှော်ကားရွာကြား တိုက်ပွဲတွင်လည်း စစ်ကောင်စီဘက်မှ ၁၀ ဦးထက်မနည်း ဒဏ်ရာရကြောင်း ၎င်းက ဆိုသည်။
“တိုက်ပွဲဖြစ်ပြီးတော့ ဒဏ်ရာရတဲ့သူတွေကို ရွာထဲမှာ ဆေးကုထားတာတွေ တွေ့ရတယ်။ ဆေးအသုံးအဆောင်တွေ၊ သွေးကွက်တွေ အများကြီးတွေ့ရတယ်လို့ ပြောတယ်။ အဲဒီနေ့ (ဇွန် ၁၂) ညနေမှာ အင်မထီးပျူရွာကို ထွက်သွားကြတယ်။ အဲဒီရွာ အရှေ့တောင်ဘက်က တဲတစ်လုံးပေါ်မှာ အလောင်းတွေကို ပုံမီးရှို့နေတယ်” ဟု MRDA ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ပုလဲ-ဂန့်ဂေါလမ်းပေါ်တွင် ရှိသည့် အင်မထီးရွာမှာ စစ်ကောင်စီက လက်နက်ပေးထားသည့် အရပ်သားအဖွဲ့ (ပျူစောထီး) အခြေစိုက်ရွာဖြစ်၍ စစ်တပ်ဘက်မှ သေဆုံး၊ ဒဏ်ရာရမှုကို အတည်မပြုနိုင်သေးကြောင်း၊ MRDAဘက်မှ ထိခိုက်သူမရှိကြောင်း ၎င်းက ဆက်ပြောသည်။
အထက်ပါဖြစ်စဉ်များနှင့် ပတ်သက်၍ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီက နှုတ်ဆိတ်နေဆဲဖြစ်သည်။
အာဏာသိမ်းပြီး နှစ်နှစ်ကျော်အတွင်း ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံမှုများ လွန်စွာအရှိန်မြင့်နေပြီး စစ်မီးမှာ တော်လှန်ရေးနှင့် နှစ်ပေါင်းများစွာ အလှမ်းဝေးသည့် နိုင်ငံအလယ်ပိုင်းမှ မန္တလေး၊ မုံရွာကဲ့သို့ မြို့ကြီးများနှင့် လက်တစ်ကမ်းသို့ပင် ရောက်နေပြီဖြစ်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)