သတင်း

ဝေဖန်ခံနေရသည့် လိင်ပညာပေးသင်ခန်းစာကို ပြန်လည်ပြင်ဆင်မည်

ယခုပညာသင်နှစ်မှစ၍ ဒသမတန်းသင်ရိုးသစ်တွင် ထည့်သွင်းသင်ကြားမည့် ‘ဘဝတွက်တာကျွမ်းကျင်စရာ’ ဘာသာရပ်ကို ပြန်လည်သုံးသပ်ကာ ပြင်ဆင်မှုများပြုလုပ်သွားမည်ဟု အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူများက နေပြည်တော်၌ ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။

“ပြည်သူ့အသံကိုနားထောင်ပြီး ပြန်လည်သုံးသပ်ပြင်ဆင်ပြီး ထုတ်နုတ်သင့်တာ ထုတ်သွားမှာပါ” ဟု အခြေခံပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးချုပ် ဒေါက်တာတင်မောင်ဝင်းက ပြောသည်။

ယင်းသင်ခန်းစာများတွင် ပါရှိသည့်အသုံးအနှုန်းများကို မြန်မာ့ယဉ်ကျေးမှုနှင့် ကိုက်ညီမှုရှိစေရန်အတွက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီတို့နှင့် ညှိနှိုင်းပြီး ပြန်လည်ပြင်ဆင်ရန် စီစဉ်နေကြောင်း ပညာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ယင်းဘာသာရပ်တွင် ဖော်ပြထားသည့် လိင်ပညာပေးသင်ခန်းစာနှင့် ပတ်သက်၍ သင်ကြားရန်သင့်မသင့် အငြင်းပွားမှုများ လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေပြီး သင်ရိုးအပေါ် ဝေဖန်မှုများစွာလည်း ရှိနေသည်။

ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူများကမူ ဆယ်ကျော်သက်အရွယ် ကျောင်းသား၊ ကျောင်းသူများအတွက် ဆောင်ရန်၊ ရှောင်ရန်နှင့် မိမိကိုယ်ကို ကာကွယ်စောင့်ရှောက်နိုင်ရန်စသည့် ရည်ရွယ်ချက်ကောင်းများဖြင့် ထည့်သွင်းသင်ကြားရန်စီစဉ်ခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။

သို့သော် အဆိုပါ ဘာသာရပ်ပါ ‘ရောဂါကင်းဝေးကျန်းမာရေးသင်ခန်းစာ၊ မျိုးဆက်ပွားကျန်းမာရေးနှင့် ဆက်ကျော်သက်အရွယ်များ ပေါင်းသင်းဆက်ဆံရေး’ သင်ခန်းစာအပေါ် ဝေဖန်မှုများ၊ စိုးရိမ်မှုများရှိလာသည့်အတွက် ပြန်လည်စိစစ်ရန်ပညာရေးဝန်ကြီးဌာနက ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

 

Show More

Related Articles

Back to top button