သတင်း

ကုလနှင့် နိုင်ငံတကာအဖွဲ့အစည်းများ မုန်တိုင်းသင့်ဒေသသွားလာခွင့် ပိတ်ပင်ခံရ

ပြင်းထန်သော ဆိုင်ကလုန်းမုန်တိုင်း မိုခါတိုက်ခတ်ပြီးနောက် အကြီးအကျယ် ထိခိုက်ပျက်စီးမှုများနှင့်အတူ အရေးပေါ်အကူအညီများ လိုအပ်နေချိန် စစ်ကောင်စီက ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများ အပါအဝင် အရပ်ဘက်အဖွဲ့အစည်းများကို မုန်တိုင်းသင့်ဒေသသွားများသို့ သွားလာခွင့် ပိတ်ပင်လိုက်သည်။

ပြည်တွင်းမှ အရပ်ဘက်အဖွဲ့များနှင့် နိုင်ငံတကာအဖွဲ့အစည်းများကို ယခုလ ၇ ရက်နေ့မှစ၍ ခရီးသွားလာခွင့် ရပ်ဆိုင်းထားရန် စစ်ကောင်စီ၏ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရက ယမန်နေ့ (ဇွန် ၈) ရက်စွဲဖြင့် အကြောင်းကြားခဲ့ခြင်းဖြစ်သည်။

မုန်တိုင်းသင့်ဒေသများသို့ သွားရောက်ကူညီခွင့်ရရေး ကုလလက်အောက်ခံအဖွဲ့များနှင့် မိတ်ဖက်အဖွဲ့များက မိုခါတိုက်ခတ်ပြီးစကတည်းက ဆက်တိုက်တောင်းဆိုနေစဉ် စစ်ကောင်စီက ပိတ်ပင်လိုက်ခြင်း ဖြစ်သည်။​

မေလလယ်ပိုင်း၌ လေတိုက်နှုန်း တစ်နာရီမိုင် ၁၃၀ ကျော်ဖြင့် ဝင်ရောက်တိုက်ခတ်ခဲ့သော မိုခါမုန်တိုင်းကြောင့် နေအိမ်၊ လယ်ယာနှင့် အိမ်မွေးတိရစ္ဆာန်များ ပျက်စီးဆုံးရှုံးခဲ့ရာ ရခိုင်၊ ချင်း၊ မကွေး၊ စစ်ကိုင်းနှင့် ကချင်ပြည်နယ်တို့ရှိ လူဦးရေ ၁ ဒသမ ၆ သန်းခန့် သေရေးရှင်ရေးတမျှ အကူအညီလိုအပ်နေသည်ဟု ယခုလဆန်းပိုင်း၌ ကုလသမဂ္ဂက ထုတ်ပြန်ထားပြီးဖြစ်သည်။

မုန်တိုင်းသင့်ဒေသများသို့ သွားရောက်ကူညီရေးအတွက် ကုလနှင့် မိတ်ဖက်အဖွဲ့အစည်းများကို မေလကုန်ပိုင်း၌ သွားလာခွင့်ပြုခဲ့ရာမှ ရုတ်တရက် ရပ်ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း၊ နေပြည်တော်မှ လာသည့် အမိန့်ညွှန်ကြားချက်ဖြစ်ကြောင်း နိုင်ငံတကာအဖွဲ့အစည်းများနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

“TA (Travel Authorization) ခေါ် ခရီးသွားလာခွင့်ပေါ့။ သူက တစ်လချင်း ယူရတာ။ အဓိကတော့ နိုင်ငံရေးပါပဲ။ AA (ရက္ခိုင့်တပ်တော်) ကို ညစ်ချင်တဲ့အတွက် သက်သက်လုပ်တာပါ” 

တရုတ်၏ ကြားဝင်မှုဖြင့် ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလားမြို့တွင် လွန်ခဲ့သည့် သီတင်းပတ်အတွင်းက ပြုလုပ်ခဲ့သော မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့နှင့် တွေ့ဆုံဆွေးနွေးပွဲ ပျက်ပြယ်ပြီးနောက် စစ်ကောင်စီက နိုင်ငံတကာအဖွဲ့အစည်းများကို ရခိုင်ပြည်နယ်အတွင်း သွားလာခွင့် ပိတ်ပင်လိုက်ခြင်း ဖြစ်သည်။

တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA)၊ ရက္ခိုင့်တပ်တော် (AA) တို့နှင့် စစ်ကောင်စီတို့ မိုင်းလားမြို့တွင် သုံးရက်ကြာ ဆွေးနွေးရန် စီစဉ်ခဲ့သော်လည်း ဒုတိယမြောက်နေ့တွင် အစီအစဉ်ပျက်ခဲ့ခြင်းဖြစ်သည်။

ဆွေးနွေးပွဲပျက်သည့် အကြောင်းရင်းကို စစ်ကောင်စီနှင့် သက်ဆိုင်ရာလက်နက်ကိုင်အဖွဲ့များက သီးသန့် ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။ ထိုဆွေးနွေးပွဲ၌ ရခိုင်ပြည်နယ်မှ မိုခါမုန်တိုင်းသင့် ပြည်သူများကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အချိန်မီပေးအပ်နိုင်ရေး AA တာဝန်ရှိသူက ထည့်သွင်း တောင်းဆိုခဲ့သည်။

မိုင်းလားဆွေးနွေးပွဲနှင့် ပတ်သက်၍ ပထမနေ့ရလဒ်မှာ အပြုသဘောဆောင်သည်ဟု စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ထုတ်ဖော်ပြောဆိုခဲ့ရာ ၎င်းတို့လုပ်ရပ်အပေါ် မူတည်သည်ဟု AA တာဝန်ရှိသူက တုံ့ပြန်ခဲ့သည်။

“အပြုသဘောဆောင်ခြင်း မဆောင်ခြင်း ကိစ္စရပ်တွေကတော့ ဆွေးနွေးပွဲပြီးသွားမှ စစ်ကောင်စီဘက်က ဘာတွေလုပ်ဆောင်မလဲဆိုတဲ့အပေါ်မှာ မူတည်ပြီး ကြည့်ရမှာပါ” ဟု AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ထုတ်ဖော်ပြောဆိုသည်။ ထို့ပြင် အာဏာသိမ်းစစ်တပ်နှင့် တွေ့ဆုံသော်လည်း ၎င်းတို့၏ နိုင်ငံရေးရပ်တည်ချက် ပြောင်းလဲခြင်းမရှိဟုလည်း ၎င်းက အတည်ပြုသည်။

သီတင်းနှစ်ပတ်ကျော်သည်အထိ မုန်တိုင်းသင့်ဒေသများသို့ သွားရောက်ကူညီခွင့် မရသေးသဖြင့် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများနှင့် အငတ်ဘေးမှ ကာကွယ်နိုင်ရေး အချိန်လင့်နေသည်ဟု ကုလသမဂ္ဂ၏ ယခုလ ၂ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မုန်တိုင်းကြောင့် ဒေသခံများ စုဆောင်းထားသည့် စားနပ်ရိက္ခာများ တက်တက်စင် ပြောင်သွားသည်အထိ ပျက်စီးဆုံးရှုံးသည့်အခြေအနေတွင် မကြာမီ မိုးရာသီလည်း ဝင်ရောက်လာတော့မည်ဖြစ်သည်ဟု ကုလဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Titon Mitra က ပြောသည်။

“ဒီအချိန်ဟာ နိုင်ငံရေးနဲ့ မပတ်သက်တဲ့၊ စစ်တပ်နဲ့ မဆိုင်တဲ့ အကူအညီပေးရေးအစီအစဉ် ဆောင်ရွက်ရမယ့် အချိန်ဖြစ်ပါတယ်။ ဘာကြောင့်ဆို လိုအပ်ချက်က အရမ်းကို ကြီးမားနေပါတယ်။ နိုင်ငံတကာအနေနဲ့ အလျင်အမြန် အရေးယူမဆောင်ရွက်နိုင်ဘူးဆိုရင် မုန်တိုင်းကြောင့် ဖြစ်လာတဲ့ အတိဒုက္ခတွေက ပြီးဆုံးသည်မရှိဘဲ အဖန်တလဲလဲ ဖြစ်နေမှာပါ” ဟုလည်း ကုလအရာရှိက ပြောသည်။

အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက် ၂၀၀၈ ခုနှစ် မေလဆန်းပိုင်းက တိုက်ခတ်ခဲ့သော နာဂတ်မုန်တိုင်းကြောင့် ဧရာဝတီတိုင်း၌ လူပေါင်း တစ်သိန်းကျော် သေဆုံးခဲ့စဉ်ကလည်း အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများကို စစ်အစိုးရက အလားတူ ပိတ်ပင်ခဲ့သည်။

မြန်မာ့သမိုင်းတစ်လျှောက် အဆိုးရွားဆုံး သဘာဝဘေးအန္တရာယ်ကြီး ကျရောက်ကာ လူပေါင်း သိန်းနှင့်ချီ သေဆုံးခဲ့သော်လည်း စစ်အစိုးရက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုရေးအတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို အပြင်းအထန်ကန့်ကွက်မှုများကြားမှ နာဂစ်မုန်တိုင်းအပြီး ရက်ပိုင်းအတွင်း အတင်းအဓမ္မပြုလုပ်ခဲ့သည်။

မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်း စစ်တွေမြို့ပေါ်၌ပင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ မပြီးပြတ်သေးကြောင်း ရခိုင်ဒေသခံတစ်ဦးက ယနေ့ (ဇွန် ၉) တွင် Myanmar Now ကို ပြောသည်။

“ပြည်သူတွေလည်း အဆင်မပြေဘူး။ လုပ်လို့မပြီးတဲ့ဟာ အများကြီးပဲ။ စစ်တွေမြို့ပေါ်မှာတောင် မပြီးသေးဘူး။ နယ်ဘက်တွေဆို ပိုဆိုးပေါ့။ တောတောင်တွေမှာလည်း ဝါးပင်တွေ အကုန်လဲကုန်တာ။ ဓနိတွေလည်း ဈေးကြီးတယ်” ဟု ၎င်းက ပြောသည်။

ကုလနှင့် နိုင်ငံတကာအဖွဲ့အစည်းများကို မုန်တိုင်းသင့်ဒေသများသို့ သွားလာခွင့်ပိတ်ပင်လိုက်သည့်အပြင် စစ်ကောင်စီက ရခိုင်ပြည်နယ်အတွင်း စစ်အင်အားဖြည့်တင်းမှုများ လုပ်လာသည်ဟုလည်း ရခိုင်ဒေသခံက ဆိုသည်။

“စစ်ဖြစ်မှာတော့ ကြောက်နေကြတယ်။ အရင်ထက်စာရင် ပိုပြီးတော့ အင်အားတွေ တိုးချဲ့လာတယ်။ ကားတွေနဲ့ အရင်က မသွားလာတဲ့နေရာတွေမှာ သွားလာနေကြတယ်”

စစ်တပ်က အာဏာသိမ်းပြီး နှစ်နှစ်ကျော်လာချိန်တွင် ပြည်တွင်း၌ မငြိမ်မသက်မှုများနှင့် အကြမ်းဖက်မှုများ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေသည်ဟုလည်း ကုလသမဂ္ဂ၏ ယခုလဆန်းပိုင်းထုတ်ပြန်ချက်တွင် ထည့်သွင်း ဖော်ပြထားသည်။ စစ်ကောင်စီ၏ မေလ ၁၇ ရက်နေ့ နောက်ဆုံးထုတ်ပြန်ချက်အရ မိုခါမုန်တိုင်းကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သေဆုံးသူ ၁၄၈ ဦးရှိပြီး စစ်တွေနှင့် ရသေ့တောင်မြို့နယ်ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းများ၌ ၁၀၀ နီးပါး သေဆုံးခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button