စစ်ကိုင်းတိုင်း၏မြို့တော် မုံရွာရှိ တော်လှန်ရေးတပ်စခန်းတစ်ခုကို စစ်ကောင်စီတပ်က ယမန်နေ့ (ဇွန် ၇) တွင် ဝင်စီးခဲ့ပြီး ကာကွယ်ရေးအဖွဲ့ဝင် ၄ ဦးနှင့် အရပ်သား ၂ ဦးတို့ကို ပစ်သတ်ကာ မီးရှို့ခဲ့ကြကြောင်း သိရသည်။
မြို့အရှေ့မြောက်ဘက် ၉ မိုင်ခန့်အကွာ ရေကန်စုရွာအနီး ခြေကုပ်ယူထားသည့် မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း အမှတ် (၂၇) လက်အောက်ခံတပ်ခွဲ (၂) စခန်းကို နံနက် ၅ နာရီခန့်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်စီးနင်းခံရသည်ဟု သိရသည်။
အမှတ် (၂၇) တပ်ရင်းမှူး ဗိုလ်စိုးကြီးက ရေကန်စုရွာအရှေ့ပိုင်းရှိ စာသင်ကျောင်းအနီးရှိ ၎င်းတို့စခန်းကို စစ်ကောင်စီတပ်သားအင်အား ၈၀ ခန့်က စီးနင်းခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။
ပြန်လည်ခုခံကြအပြီး တပ်ဖွဲ့ဝင် အမျိုးသမီး ၂ ဦး၊ အမျိုးသား ၂ ဦး ဒဏ်ရာဖြင့် ကျန်ခဲ့စဉ် ဖမ်းဆီးသတ်ဖြတ်ခံရသည်၊ ထိုတပ်ဖွဲ့ဝင်များမှာ ၁၇ နှစ်အရွယ် အသေးလေး၊ ၁၈ နှစ်အရွယ် မဇင်ဇင်ဦး၊ အသက် ၂၀ အရွယ် မခင်ရတနာဦး၊ ၂၄ နှစ်အရွယ် ရဲဘော် ဘီအီးတို့ဖြစ်သည်ဟု သူက ပြောသည်။
စခန်းအနီးတွင် စစ်ကောင်စီတပ်နှင့် ပက်ပင်းတိုးသည့် ရေကန်စုရွာမှ အသက် ၅၀ အရွယ် ဒေသခံတစ်ဦး ပစ်သတ်ခံခဲ့ရသည်၊ အသက် ၂၀ အရွယ် လူငယ်အမျိုးသားတစ်ဦးလည်း ဆိုင်ကယ်စီးပြီး ထွက်ပြေးစဉ် ရွာထဲ၌ပင် သတ်ဖြတ်ခံခဲ့ရသည်ဟု သူက ဆက်ပြောသည်။
“ကျွန်တော်တို့ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ဖို့ တန်းစီနေတဲ့အချိန် စခန်းကို ဝင်စီးခံရတာ၊ စခန်းဝင်းစီးခံရတာကနေ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီးတော့ ယောက်ျားလေးရဲဘော် ၂ ယောက်က လက်နက်ကြီးမှန်ပြီး ကျန်ခဲ့တာ။ မိန်းကလေး ၂ ယောက်တော့ ပုန်းနေရာကနေ မိသွားတာဗျ” ဟု ဗိုလ်စိုးကြီးက ပြောသည်။
“ပစ်သတ်ပြီးတော့ အရပ်သားနှစ်ယောက်ကိုလည်း ရဲဘော်တွေအလောင်းတွေနဲ့ အကုန်ပုံပြီး ကျောင်းနဲ့ စခန်းကြားထဲမှာ မီးရှို့သွားတာ။ ကျွန်တော်တို့ လူအင်အားစုပြီးတော့ ပြန်ဝင်တော့ ခြေထောက်လေးနှစ်ချောင်းပဲ ကျန်တော့တယ် မီးမလောင်တာဆိုလို့”
စခန်းစီးနင်းခံရမှုအတွင်း လက်နက်ခဲယမ်းများ၊ ဆိုင်ကယ် ၉ စီး၊ ဆက်သွယ်ရေးပစ္စည်းများနှင့် ယူနီဖောင်းများ ဆုံးရှုံးသွားကြောင်း သိရသည်။
စစ်ကောင်စီတပ်၏ ရန်ကြောင့် လူဦးရေ နှစ်ထောင်ခန့်ရှိ ရေကန်စုရွာသားများ ထွက်ပြေးတိမ်းရှောင်နေကြသဖြင့် သတ်ဖြတ်ခံရသည့် ရွာသားနှစ်ဦးနှင့် ပတ်သက်ပြီး ဒေသခံတို့ထံမှ စုံစမ်းမေးမြန်းနိုင်ခြင်း မရှိသေးပေ။
ရေကန်စုရွာအနီးတစ်ဝိုက်ကို စစ်ကောင်စီတပ်က ယနေ့ နံနက်ပိုင်းတွင်လည်း စစ်ကြောင်းထပ်ထိုးနေဆဲဖြစ်ကြောင်း၊ ၂ ရက်ဆက် စီးနင်းနေသည့် စစ်ကောင်စီတပ်ရန်ကြောင့် ရေကန်စုရွာ ဝန်းကျင်ရှိ ကျေးရွာ ၆ ရွာထက်မနည်းမှ ဒေသခံများမှာလည်း ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။
၂ ရက်ဆက်တိုက် စီးနင်းနေမှုအကြောင်းကို စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိပေ။
၂၀၂၁ ဖေဖော်ဝါရီ စစ်အာဏာသိမ်းမှု ဆန့်ကျင်သူများ လမ်းပေါ်တွင် ပစ်သတ်ခံရပြီးနောက် လက်နက်ကိုင်တော်လှန်ရေး ပေါ်ပေါက်လာရာ စစ်ကိုင်းတိုင်းသည် အခြားဒေသများထက် တိုက်ပွဲပိုမိုများပြားနေသည်ကို တွေ့ရသည်။
လက်နက်ကိုင်တော်လှန်လိုသူများသည် နီးစပ်ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထံတွင် စစ်သင်တန်း တက်ရောက်ခဲ့ကြသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)