သတင်း

လူပျောက်သွားရှာသည့် အမ်းမြို့နယ်မှ ရွာသား ၁၄ ဦး ဖမ်းဆီးခံထားရ

ပျောက်ဆုံးနေသည့် ရွာသားတစ်ဦးကို လိုက်လံရှာဖွေသည့် ရခိုင်ပြည်နယ် အမ်းမြို့နယ် အလယ်ကျွန်း ကျေးရွာမှ ရွာသား ၁၄ ဦးကို လက်နက်ကိုင်တစ်ဖွဲ့က ဖမ်းဆီးသွားသည်ဟု ဒေသခံများက ပြောသည်။

မေ ၁၇ ရက်က ငါးရှာရန် ရွာမှထွက်သွားသည့် ၂၇ နှစ်အရွယ် အလယ်ကျွန်းရွာသား ကိုမျိုးနိုင်ဆိုသူ ပျောက်ဆုံးသွားသည့်အတွက် ၎င်းရွာသားများက နောက်တစ်ရက် မေ ၁၈ က လိုက်လံရှာဖွေနေစဉ် လက်နက်ကိုင်အဖွဲ့တစ်ခုက သီးခြားစီ ဖမ်းဆီးထားလိုက်ခြင်းဖြစ်သည်ဟု မျက်မြင်တွေ့သူ အလယ်ကျွန်းရွာ ဘုန်းတော်ကြီးကျောင်းမှ ဦးဇင်းဦးပညာနန္ဒက ပြောသည်။

ကိုမျိုးနိုင်ကို ရှာဖွေရန်ထွက်သွားသည့် လူ ၁၄ ဦးတွင် ၉ ဦးမှာ စက်လှေနှင့် ချောင်းအတွင်းရှာဖွေကြပြီး ကျန်သည့် ၆ ဦးမှာ ချောင်းရိုးတစ်လျှောက် လမ်းလျှောက်ကာ ရှာဖွေကြခြင်းဖြစ်သည်။

လမ်းလျှောက်ရှာဖွေသည့် ရွာသား ၆ ဦးမှာ ဖမ်းဆီးခံလိုက်ရပြီး စက်လှေဖြင့် လိုက်ရှာသည့် လူ ၉ ဦးမှ ၈ ဦးမှာ ချောင်းအနီး ချုံပုတ်တစ်ခုတွင် ကင်းပုန်းဝပ်နေသည့် အရပ်ဝတ်လက်နက်ကိုင်နှစ်ဦးက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဦးပညာနန္ဒက ဆိုသည်။

ကိုမျိုးနိုင်ငါးရှာသွားစဉ် အသုံးပြုခဲ့သည့် လှေကို ချောင်းကမ်းစပ်တွင် တွေ့၍ စက်လှေနှင့်အနီးသို့ ကပ်သွားစဉ် ချောင်းစပ် ချုံပုတ်အနီးတွင် ပုန်းနေသည့် အရပ်ဝတ်လက်နက်ကိုင်နှစ်ဦးက ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။

၉ ဦးအနက် ကိုသန်းဝေဆိုသူမှာ လွတ်မြောက်ခဲ့ပြီး ဖမ်းဆီးသည့် လက်နက်ကိုင်အဖွဲ့မှာ အရပ်ဝတ်များ ဝတ်ထားပြီး ဗမာစကားပြောသည့် လက်နက်ကိုင်များဖြစ်သည်ဟု ပြန်လည်လွတ်မြောက်လာသူ ကိုသန်းဝေကို ကိုးကားပြီး ဦးပညာနန္ဒက ပြောသည်။

ယင်းကဲ့သို့ ဖမ်းဆီးနေသည်ကို ဦးပညာနန္ဒက ရွာအနီး တောင်ကုန်းတစ်ခုပေါ်မှ မြင်တွေ့ နေခဲ့ရသည်။ “ဖမ်းတာကို အားလုံးလှမ်းမြင်နေရတာပဲလေ၊ ဒါပေမဲ့ ကြောက်လို့ဘယ်သူမှ မသွားရဲကြဘူး” ဟု ဦးပညာနန္ဒက မိန့်သည်။

ဖမ်းဆီးခံရသူများမှာ အသက် ၂၇ နှစ်မှ ၅၄ နှစ်ကြား အရွယ်များဖြစ်ကြသည့် ဦးစိုးမြင့်၊ ကိုမောင်မြင့်နိုင်၊ ကိုလှအောင်စိုး၊ ဦးကြည်လွင်၊ ဦးမောင်ညွန့်တင်၊ ဦးညီသိန်း၊ ကိုမင်းနိုင်၊ ဦးဇော်ဝင်း၊ ကိုမင်းသီရိ၊ ဦးကျော်မောင်၊ ဦးမင်းမင်းဇော်၊ ဦးမောင်သန်း၊ ကိုဇော်လေးဝင်းနှင့် ဦးဝင်းဇော်တို့ဖြစ်ကြသည်။

အမ်းမြို့နယ်ပြည်နယ်လွှတ်တော်အမတ် ဦးခင်မောင်ဌေးက ရွာသားများဖမ်းဆီးခံရခြင်းကို အတည်ပြုသော်လည်း ၎င်းကိုယ်တိုင်မမြင်ရသည့်အတွက် မည်သည့်အဖွဲ့က ဖမ်းဆီးသွားသည်ကို မပြောနိုင်ဟုဆိုသည်။

အဆိုပါဖမ်းဆီးမှုဖြစ်စဉ်အတွက် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို ဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။

အလယ်ကျွန်းရွာမှာ အမ်းမြို့၏ အနောက်ဘက် မိုင် ၂၀ ခန့်အကွာတွင်ရှိပြီး အိမ်ခြေ ၂၀၅ အိမ်နှင့် လူဦးရေ ၁၀၀၀ ခန့်ရှိသည်။ ကျေးရွာမှ ရွာသူရွာသားများမှာ ရွာအနီးရှိ တောင်ကုန်းတစ်ခုပေါ်တွင် တိမ်းရှောင် နေကြရသည်။

အမ်းမြို့နယ်သည် ရခိုင်ပြည်နယ် အလယ်ပိုင်းမြို့တစ်မြို့ဖြစ်ပြီး မြန်မာ့တပ်မတော်၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်လည်း တည်ရှိသည့်အတွက် လက်ရှိတိုက်ပွဲဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ မြို့နယ်များကဲ့သို့ ပြင်းထန်သည့်တိုက်ပွဲများဖြစ်ပွားလေ့မရှိပေ။

သို့သော် အမ်းမြို့နယ်အတွင်းမှ အစွန်အဖျား လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် ဒေသများတွင်မူ တိုက်ပွဲများ မကြာခဏဖြစ်ပွားလေ့ရှိပြီး ယင်းဒေသများမှ တိုင်းရင်းသားများမှာ မြို့ပေါ်သို့ စစ်ဘေးရှောင်နေကြရသည်။

Show More

Related Articles

Back to top button