
မြန်မာတပ်မတော်သည် အိန္ဒိယအရှေ့မြောက်ပိုင်း လက်နက်ကိုင်တပ်ဖွဲ့ဝင် ၂၂ဦးကို အိန္ဒိယအစိုးရထံသို့ ပြီးခဲ့သည့် သောကြာနေ့လယ်ပိုင်းက လွှဲပြောင်းပေးခဲ့သည်။
ထိုလက်နက်ကိုင်များသည် မဏိပူရနှင့် အာသံပြည်နယ်တို့တွင် အလိုရှိသည့် တရားခံပြေးများဖြစ်ပြီး၊ အစိုးရက ၎င်းတို့ကို အထူးလေယာဉ်ဖြင့် အိန္ဒိယသို့ ပြန်လည်ခေါ်ဆောင်လာခဲ့သည်ဟု သတင်းရင်းမြစ်များက Hindustan Times သတင်းဌာနကို ပြောသည်။
“ဒါဟာ မြန်မာအစိုးရအတွက်တော့ တကယ့်ကို ခြေလှမ်းကြီးလှမ်းလိုက်တာပဲ… နှစ်နိုင်ငံကြား ချစ်ကြည်ရေး ပိုပြီး ခိုင်မာလာပြီဆိုတာကို ပြလိုက်တာပဲ” ဟု လက်ကိုင်များကို တင်ဆောင်ထားသော လေယာဉ် မြန်မာ့မြေပေါ်မှ ထွက်ခွာသွားပြီးနောက် အိန္ဒိယ ထိပ်တန်းအစိုးရ အရာရှိတစ်ဦးက မှတ်ချက်ချသည်။
လေယာဉ်သည် မဏိပူရ၏ မြို့တော် အင်ဖာတွင် ခေတ္တနားပြီးနောက် အာသံပြည်နယ်ရှိ ဂူဝါဟာတီသို့ ဆက်လက် မောင်းနှင်ခဲ့သည်။ လက်နက်ကိုင်များကို ထိုနှစ်ပြည်နယ်ရှိ ရဲများထံသို့ လွှဲပြောင်းပေးခဲ့သည်။
“မြန်မာအစိုးရအနေနဲ့ အိန္ဒိယရဲ့တောင်းဆိုချက်ကို လက်ခံပြီး အရှေ့မြောက်လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေကို လွှဲပြောင်းပေးအပ်တာဟာ ဒါပထမဆုံးအကြိမ်ပဲ” ဟု အကြီးတန်း အမျိုးသားလုံခြုံရေး စီမံခန့်ခွဲအရာရှိတစ်ဦးက ပြောသည်။ ဤသည်မှာ နှစ်နိုင်ငံရှိ တပ်ဖွဲ့ဝင်များကြား ထောက်လှမ်းရေးနှင့် ကာကွယ်ရေးလုပ်ငန်းများတွင် ပို၍ ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာသည့် ပြယုဂ်ပင်ဖြစ်သည်။
မြန်မာက ပြန်လည်လွှဲပြောင်းပေးခဲ့သည့် လက်ကိုင်များတွင် အိန္ဒိယအစိုးရက အလိုရှိနေခဲ့သည့် NDFB အဖွဲ့မှ Rajen Daimary၊ UNLF အဖွဲ့မှ ဗိုလ်ကြီး Sanatomba Ningthoujam နှင့် PREPAK(Pro) အဖွဲ့မှ ဗိုလ် Pashuram Laishram တို့ပါဝင်သည်။
ဖမ်းဆီးရမိသော လက်နက်ကိုင် ၂၂ ယောက်မှ ၁၂ ယောက်သည် မဏိပူရရှိ လက်ကိုင်တပ်ဖွဲ့များဖြစ်သော UNLF၊ PREPAK (PRO)၊ KYKL နှင့်PLA စသည့် အဖွဲ့လေးဖွဲ့နှင့် အချိတ်အဆက်ရှိသည်။ ကျန် ၁၀ယောက်မှာ အာသံပြည်နယ်ရှိ လက်နက်ကိုင်တပ်ဖွဲ့များဖြစ်သောNDFB (S) နှင့်KLO တို့မှ ဖြစ်သည်။
မိုင် ၁၀၀၀ ကျော်ရှည်သော အိန္ဒိယ-မြန်မာနယ်စပ်သည် ပထဝီအနေအထားအရ အန္တရာယ်ထူထပ်သောကြောင့် အိန္ဒိယအစိုးရကို ဆယ်စုနှစ်များတိုင်အောင် ဆန့်ကျင်တိုက်ခိုက်နေသော လက်နက်ကိုင်သူပုန်တပ်ဖွဲ့များ အတွက် ခိုအောင်းနိုင်ရာ ဘူမိနက်သန်ဖြစ်နေသည်။
သို့သော် လွန်ခဲ့သည့် နှစ်အနည်းငယ်မှစ၍ မြန်မာစစ်တပ်က အိန္ဒိယနှင့် ပူးပေါင်း စစ်ဆင်ရေးလုပ်ရန် သဘောတူညီခဲ့သောကြောင့် လက်နက်ကိုင်အဖွဲ့များ စိုးရိမ်ပူပန်နေရပြီဖြစ်သည်။
အိန္ဒိယ လုံခြုံရေး အဖွဲ့များ အတိအကျ ထောက်လှမ်းမိသော နယ်မြေများတွင် မြန်မာ စစ်တပ်သည် ယမန်နှစ် ၂၀၁၉ ဖေဖော်ဝါရီနှင့် မတ်လ တစ်လျှောက်လုံး စစ်ဆင်ရေးများ အဆက်မပြတ်လုပ်ဆောင် ခဲ့သည်။
ထိုစစ်ဆင်ရေးများအတွင်းတွင် မြန်မာစစ်တပ်က လက်နက်ကိုင်များကို စစ်ကိုင်းတိုင်းအတွင်း ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
လက်နက်ကိုင်များကို လွှဲပြောင်းပေးရန် မြန်မာအစိုးရ၏ ဆုံးဖြတ်ချက်သည် နေပြည်တော်နှင့် နယူးဒေလီတို့ သူပုန်များကို တိုက်ခိုက်ရာတွင် စိတ်တူကိုယ်တူရှိကြောင်း လက်နက်ကိုင်များကို ထင်ထင်ရှားရှားသိသွားစေသည်ဟု အမျိုးသား လုံခြုံရေးအရာရှိတစ်ဦးက ဆိုသည်။
မြန်မာ၏ လုပ်ဆောင်ချက်ကြောင့် နယ်စပ်တစ်လျှောက်ရှိ တောများတွင် ချုံခိုနေသော လက်နက်ကိုင်အဖွဲ့များ ထကြွသောင်းကျန်း မလာစေရန် အဟန့်အတား ဖြစ်စေမည်ဟု အိန္ဒိယ အာဏာပိုင်များက မျှော်လင့်နေကြသည်။ ယခင် အိန္ဒိယ တရားခံပြေးများအတွက် နတ်ပြည်သဖွယ် ဖြစ်ခဲ့သော အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) သည် ထိုတရားခံပြေးများကို စတင်ဖမ်းဆီးလွှဲပြောင်း လာသော အခါ လက်နက်ကိုင်များ ကို အကျပ်အတည်း အဟန့်အတား ဖြစ်စေခဲ့ သကဲ့သို့ပင် ဖြစ်သည်။
“အကယ်၍ ပါကစ္စတန်ကသာ ဒီနှစ်နိုင်ငံလိုမျိုးလုပ်မယ်ဆိုရင်တော့ ဒီဒေသတွေမှာ ဘယ် အကြမ်းဖက်တပ်ဖွဲ့မှ ရှိနေနိုင်မှာ မဟုတ်ဘူး” ဟု အကြီးတန်း အမျိုးသား လုံခြုံရေး အရာရှိက ဆိုသည်။