သတင်း

အဝေးထိန်းမိုင်း ထိန်းချုပ်စက်များ သုံးရန် စစ်ကောင်စီ လျှို့ဝှက်ညွှန်ကြားထား

နိုင်ငံအနှံ့ စစ်မျက်နှာဖွင့်ထားရပြီး တော်လှန်ရေးအင်အားစုများ၏ မိုင်းခွဲတိုက်ခိုက်မှုဒဏ်ကို အကြီးအကျယ်ရင်ဆိုင်နေရသည့် အာဏာသိမ်းစစ်တပ်က အဝေးထိန်းစနစ်ဖြင့် ဖောက်ခွဲတိုက်ခိုက်မှုကို ကာကွယ်တားဆီးနိုင်ရေး Jammer (ဆက်သွယ်ရေးလှိုင်း ဖြတ်တောက်စက်) ၆ မျိုး အသုံးပြုရန် မေ ၁၄ ရက်စွဲဖြင့် လျှို့ဝှက်ညွှန်ကြားထားသည်။

ထိပ်တန်းလျှို့ဝှက်အဆင့် ထိုညွှန်ကြားစာကို ယခုလ ၂ ရက်က မကွေးတိုင်း ချောက်မြို့တွင် ဒေသခံတော်လှန်ရေးသမားများ လုပ်ကြံခဲ့သည့် အမှတ် (၂၁) ကာကွယ်ရေးပစ္စည်းစက်ရုံမှ တပ်ကြပ်ကြီးအောင်သူတင့်ထံမှ တွေ့ရှိရခြင်းဖြစ်သည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) များထံမှ သိမ်းဆည်းရရှိသော ဖောက်ခွဲရေးတွင် အသုံးပြုသည့် ထိန်းချုပ်ရေး (Transmitter) နှင့် ဆက်စပ်ပစ္စည်းတချို့ကို လေ့လာရာတွင် 5 MHZ လှိုင်းနှုန်းကို အသုံးပြု၍ အဝေးထိန်းစနစ်ဖြင့် ဖောက်ခွဲသည်ကို တွေ့ရကြောင်း ထိုညွှန်ကြားချက်စာတွင် ရေးသားထားပြီး မန္တလေးတိုင်း ပြင်ဦးလွင်အခြေစိုက် ဆက်သွယ်ရေးတပ်ရင်းတံဆိပ်တုံး ခတ်နှိပ်ထားသည်ကိုလည်း တွေ့ရသည်။

အဆိုပါ လျှို့ဝှက်စာကို ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ၏ ညွှန်ကြားချက်အရ တပ်မ ၁၁ ၊ ၃၃၊ ၈၈၊ ၉၉၊ ၁၀၁ အပါအဝင် တပ်ရင်းအသီးသီးထံ ပေးပို့ထားပြီး မိုင်းဒဏ်ကာကွယ်နိုင်ရန် မည်သို့လုပ်ဆောင်ရမည်ဆိုသော နည်းလမ်းများကိုပါ တစ်ပါတည်း ဖော်ပြထားသည်။

“ရန်သူလုပ်ဆောင်လာနိုင်သည့် ဖောက်ခွဲရေးစနစ်အား သိရှိနားလည်စေရန်နှင့် ရန်သူ၏ ဖောက်ခွဲရေး ရီမုတ်နှင့် ဆက်စပ်ပစ္စည်းများအား ဆက်သွယ်ရေးညွှန်ကြားမှူးရုံးမှ ထုတ်ပေးထားသော jammer များဖြင့် တားဆီးဖျက်ဆီးနိုင်ကြောင်း တာဝန်ရှိသူအဆင့်ဆင့်မှ ချပြ ရှင်းလင်းသွားရန် အကြောင်းကြားသည်” ဟု ဆိုထားသည်။

ဆက်သွယ်ရေးလှိုင်း ဖြတ်တောက်စက် ၆ မျိုးမှာ 315 MHZ-MAND-HElD ၊ D-3 CHENNEL ၊ D-5 CHANNELS HELD ၊ M-3 VEHICULAR Sport ၊ MANPACK နှင့် MULTIDAND LED Jammer တို့ဖြစ်ကြောင်း စစ်ကောင်စီ၏ ထိုညွှန်ကြားစာတွင် ရေးထားသည်။

မိုင်းအန္တရာယ်ကာကွယ်ရေး စစ်ကောင်စီ ညွှန်ကြားစာ။ ဓာတ်ပုံ – ပေးပို့

ယခုအခါ စစ်ကောင်စီ၏ မြေပြင်တပ်များက ထိုစက်များ တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြောင်း၊ ထို့ကြောင့် အဝေးထိန်းစနစ်ဖြင့် မိုင်းခွဲတိုက်ခိုက်ရာတွင် မိုင်းမကွဲသည့် အခြေအနေများကြုံရကြောင်း မကွေးအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့နှစ်ခုထံမှ စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် သင်္ကြန်ကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖြန့်ကြက်ထားသည့် ချောက်မြို့နယ် စစ်ကောင်စီဗဟိုမဏ္ဍပ်နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို အဝေးထိန်းစနစ်ဖြင့် တိုက်ခိုက်ခဲ့စဉ်က Jammer ကြောင့် မပေါက်ကွဲခဲ့ကြောင်း ချောက်မြို့နယ်ပြောက်ကျားတပ်ဖွဲ့ (C.G.F) တာဝန်ခံ ကိုဘကွန်းက ဆိုသူက ပြောသည်။

“ဆိုင်ကယ်ထဲ ဖောက်ခွဲရေးပစ္စည်းတွေ ထည့်ပြီး ဖောက်ခွဲဖို့ လုပ်တော့ Jammer မိပြီး မကွဲတဲ့အတွက် ဆိုင်ကယ်နဲ့အတူ ဖောက်ခွဲရေးပစ္စည်းတွေ ဆုံးရှုံးခဲ့ပါတယ်” ဟု ၎င်းက ဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပခုက္ကူခရိုင် အမှတ် (၁၉) တပ်ရင်း ပြန်ကြားရေးတာဝန်ရှိသူကလည်း တော်လှန်ရေးအဖွဲ့များမှာ လက်လုပ်မိုင်းကိုသာ အဓိကအသုံးပြုရသည်ဖြစ်၍ တပ်ဖွဲ့ဝင်များ အသက်အန္တရာယ် နည်းနိုင်သမျှ နည်းစေရန် အဝေးထိန်းစနစ်ကို အဓိကအသုံးပြုရချိန်တွင် စစ်တပ်က Jammer ကို တွင်ကျယ်စွာ အသုံးပြုလာ၍ မိုင်ခွဲရာတွင် ယခင်ကထက် စွန့်စားရသည့် နည်းလမ်းများကို ရွေးချယ်နေရကြောင်း ပြောသည်။

“ဆွဲကွင်းနဲ့ပေါ့။ လူကိုယ်တိုင် ကင်းပုန်းဝပ်ပြီးတော့ သူတို့လာတဲ့အချိန် မိုင်းကွင်းထဲ ရောက်တဲ့အချိန် ဘက်ထရီနဲ့ဆွဲတဲ့စနစ်ပဲ နောက်ပိုင်း ကျင့်သုံးတော့တယ်။ အဲဒါက safe မဖြစ်ဘူး (ဘေးမကင်းဘူး)။ ဒါပေမဲ့ သူတို့ဘက်က Jammer သုံးတဲ့အတွက် (ဒီလိုမှ မတိုက်ခိုက်ရင်) ဘယ်လိုမှ အဆင်မပြေတော့ဘူး” ဟု ၎င်းက ဆိုသည်။

ဆက်သွယ်ရေးဖြတ်တောက်စက်များသည် သတ်မှတ်အကွာအဝေးပတ်ပတ်လည် လေလှိုင်းများတွင် အသုံးပြုနေသည့် ဆက်သွယ်ရေးစနစ်များကို ဖြတ်တောက်ပစ်လိုက်ခြင်းဖြစ်ကြောင်း၊ မိုင်းမကွဲရုံသာမက တော်လှန်ရေးသမားတို့ အသုံးပြုသည့် စကားပြောစက်များပင် အလုပ်မလုပ်တော့သည်အထိ ဖြစ်ရကြောင်း ၎င်းက ဆိုသည်။

လွန်ခဲ့သည့် နှစ်နှစ်ကျော်အတွင်း အရပ်သားအစိုးရကို ဖြတ်ချကာ စစ်အာဏာသိမ်းလိုက်ပြီးနောက် ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်တပ်၏ လုပ်ရပ်များကြောင့် နိုင်ငံအနှံ့ လက်နက်ကိုင်ခုခံမှုများ ပေါ်ပေါက်လာသည်။

လက်နက်ကိုင်ခုခံမှုအားကောင်းသည့် ဒေသများကို မြေလှန်မီးရှို့နေသည့် အာဏာသိမ်းစစ်တပ်က နိုင်ငံအနှံ့တွင် မြေပြင်တပ်များ အထိနာနေချိန်တွင် ကာကွယ်ရေးစရိတ် တိုးမြှင့် သုံးစွဲ၍ စစ်သုံးပစ္စည်းများ ဖြည့်တင်းနေသလို တော်လှန်ရေးသမားများ ခုခံရန် မစွမ်းသာသည့် လေကြောင်းကိုသာ အဓိကအသုံးပြု၍ တိုက်ခိုက်နေသည်။

ထိုအခြေအနေတွင် နိုင်ငံအနှံ့ တော်လှန်ရေးအဖွဲ့အများစုကမူ လက်လုပ်သေနတ်၊ မိုင်း၊ လက်နက်ကြီးများကိုသာ အဓိကသုံးစွဲ၍ စစ်ကောင်စီကို ခုခံနေရဆဲဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button