
တိုက်ပွဲများကြောင့် လူနေထိုင်ခြင်းမရှိသည့် ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှ ရွာတစ်ရွာတွင် နေအိမ် ၁၉၀ ကျော် မီးရှို့ခံရသည်ဟု မျက်မြင်တွေ့ခဲ့ရသည့် ဒေသခံများက ပြောသည်။
မေ ၁၆ ရက် နေ့လယ် ၂ နာရီခန့်က လက္ကာရွာဘက်မှ သေနတ်သံများနှင့်အတူ လက်နက်ကြီးပေါက်ကွဲသံကိုပါ တစ်ဆက်တည်းကြားလိုက်ရပြီးနောက် လက္ကာရွာမှ မီးခိုးများတက်လာသည်ကို တစ်မိုင်ခွဲခန့်အကွာ ပီပင်ရင်းရွာမှ လှမ်းတွေ့ရကြောင်း လက္ကာရွာဇာတိဖြစ်သည့် ပီပင်ရင်းဆရာတော်က ပြောသည်။
“အဲဒီသေနတ်သံတွေကြားပြီး မကြာဘူး ရွာထဲက မီးခိုးတွေအူထွက်လာပြီး မီး စ လောင်တော့တာပဲ” ပီပင်ရင်းဆရာတော်က မိန့်သည်။ မီးလောင်သွားသည့် အိမ်များတွင် ၎င်း၏ ဆွေမျိုးအိမ်များလည်း ပါဝင်သွားသည်ဟု ဆိုသည်။
ထို့အပြင် လက္ကာရွာအနီးတွင်ရှိသည့် ဘူးရွက်မညှိုးကျေးရွာသားများ၏ ပြောပြချက်အရ နေ့လယ် ၂ နာရီခန့်တွင် တပ်မတော်စစ်ကြောင်းတစ်ခု လက္ကာရွာအတွင်းဝင်ရောက်သွားသည်ကိုလည်း တွေ့ရသည်ဟုဆိုကြသည်။
ရွာအတွင်း မီးစတင်လောင်ခဲ့ပြီး ညနေ ၅ နာရီခွဲခန့်တွင် တပ်မတော်စစ်ကြောင်းပြန်ထွက်သွားသည်ဟု ပီပင်ရင်း ဆရာတော်က ပြောသည်။
လက္ကာရွာမှာ မေ ၁၆ ရက် တစ်ညလုံး မီးလောင်နေခဲ့ပြီး ယနေ့မနက် ဒေသခံများသွားရောက် စစ်ဆေး ကြည့်သည့်အခါ နေအိမ် ၁၉၃ လုံးနှင့် စာသင်ကျောင်းဆောင်တစ်ခု မီးရှို့ခံခဲ့ရသည်ကို တွေ့ခဲ့ကြသည်။ လက္ကာရွာတွင် အိမ်ခြေ ၃၀၂ လုံးရှိသည့်အတွက် အိမ် ၁၀၉ လုံး မီးမလောင်ဘဲ ကျန်ခဲ့သည်။
မီးလောင်မှု၏လက်သည်မှာ ရခိုင်လက်နက်ကိုင်အဖွဲ့ AA ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ယမန်နေ့ က သတင်းထုတ်ပြန်ထားသည်။
တပ်မတော်၏ထုတ်ပြန်ချက်အရ မေ ၁၆ ရက် နေ့လယ် ၂ နာရီခွဲခန့်က လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များ လက္ကာရွာအနီးသို့အရောက်တွင် AA တပ်ဖွဲ့ဝင်များက ရွာအတွင်းမှ လက်နက်ကြီး လက်နက်ငယ်များနှင့် တိုက်ခိုက်ခဲ့ပြီး တပ်မတော်က ပြန်လည်တိုက်ခိုက်သည့်အခါ ရွာရှိ နေအိမ် ၂၀ ခန့်ကို မီးရှို့ပြီး ရွာအရှေ့ဘက် တောင်တန်းများပေါ်သို့ ဆုတ်ခွာသွားသည်ဟု ဆိုသည်။
နေအိမ် ၁၉၀ ကျော်မီးလောင်ပျက်စီးသွားကြောင်းကို မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်အမတ် ဦးထွန်းသာစိန်က အတည်ပြုသည်။ သို့သော် မည်သည့်အဖွဲ့ကလုပ်သည်ကို မမြင်ရသည့်အတွက် အတိအကျမပြောနိုင်ကြောင်း သူက ဆိုသည်။
လက္ကာရွာမှာ မြောက်ဦးမြို့၏ မြောက်ဘက် ၇ မိုင်ခန့်အကွာတွင်ရှိပြီး အိမ်ကြီး၊ အိမ်ကောင်းများရှိသည့် ရွာကြီးတစ်ရွာဖြစ်သည်။
၂၀၁၉ နိုဝင်ဘာက လက္ကာရွာကိုMyanmar Now ရောက်ရှိခဲ့စဉ်ကလည်း ရွာအတွင်းရှိ နေအိမ်များ၊ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်း တို့တွင် လက်နက်ကြီး၊ လက်နက်ငယ်ကျည်များ ထိမှန်ခံထားရသည်ကို မြင်ခဲ့ရသလို ယခု မီးလောင်ခံထားရသည့် စာသင်ကျောင်းကိုလည်း တွေ.ရှိရသည်။ ထိုစာသင်ကျောင်းတွင် မြန်မာ့တပ်မတော်သုံး ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) ထုတ် ၆၀ မမ၊ ၈၀ မမ ကဲ့သို့ စိန်ပြောင်းများထည့်သည့် စက္ကူဘူးခွံ ၁၀၀ ကျော်ခန့်ကို နေရာအနှံ့တွေ့ခဲ့ရပြီး သေနတ်ကျည်ဆန်ဘူးခွံများမှာလည်း စာသင်ခန်းကြမ်းပြင်များတွင် ပြန့်ကျဲနေသည်။
ထိုရွာနှင့်ပတ်သက်၍ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောခွင့်ရ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက “အဲဒီ လက္ကာရွာဆိုတာက တစ်ရွာလုံးက AA နဲ့မကင်းတဲ့ကောင်တွေချည်းပဲ။ ကျွန်တော် အဲဒီလိုကိုပြောရဲတယ်” ဟု Myanmar Now ကိုယမန်နှစ် အောက်တိုဘာက ပြောကြားဖူးသည်။
လက္ကာရွာမှာ ကျေးရွာအတွင်းထိပင် တိုက်ပွဲများဖြစ်ပွားခဲ့သည်ရွာဖြစ်ပြီး ၂၀၁၉ ခုနှစ် ဧပြီမှစ၍ ရွာသူရွာသားများမှာ တိမ်ညိုစစ်ရှောင်စခန်းနှင့် ပီပင်ရင်းဘုန်းတော်ကြီးကျောင်းရှိ စစ်ရှောင်စခန်းတို့တွင် တိမ်းရှောင်နေခဲ့ကြရသည်မှာ တစ်နှစ်ကျော်သွားပြီဖြစ်သည်။