သတင်း

အင်းစိန်ထောင် နိုင်ကျဉ်းများကို လုံခြုံရေးအကြောင်းပြကာ သံဒေါက်ဖြင့် ရုံးထုတ်

ရန်ကုန်မြို့၊ အင်းစိန်ထောင်မှ နိုင်ငံရေးအကျဉ်းသားများ တရားခွင်သို့ သွားရာတွင် ထောင်အာဏာပိုင်တို့က လုံခြုံရေးအကြောင်းပြကာ သံခြေချင်းနှင့် သံဒေါက်များ ခတ်နေသည်ဟု ထောင်နှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။​

မကြာသေးမီက ပဲခူးတိုင်း၊ တောင်ငူထောင်မှ အကျဉ်းသားတချို့ ထောင်မှ ထွက်ပြေး လွတ်မြောက်သွားပြီးနောက် ထိုသို့ တင်းကျပ်သည့်အစီအစဉ် ပေါ်ပေါက်လာခြင်း ဖြစ်သည်ဟု ဆိုသည်။

“တောင်ငူထောင်က ထွက်ပြေးမှုနဲ့ ပတ်သက်လို့ လုံခြုံရေးအရ စိတ်ချရအောင်လို့ ထည့်တာလို့ အကြောင်းပြတယ်” ဟု အထက်ပါ သတင်းရင်းမြစ်က ပြောသည်။

သံဒေါက်ဆိုသည်မှာ အကျဉ်းသား၏ သံခြေချင်း ခြေချင်းဝတ်နေရာရှိ သံကွင်းနှစ်ခုတွင် တစ်ပေခန့် ရှည်သည့် သံချောင်းကို ကန့်လန့်ဆက်ထားခြင်း ဖြစ်သည်။ ထိုသို့ ဒေါက်ခတ်ထားသဖြင့် ထိုအကျဉ်းသားမှာ ပြေးနိုင်မည် မဟုတ်သည့်အပြင် လမ်းလျှောက်ရန် လွန်စွာ ခက်ခဲမည်ဖြစ်သည်။

ပုဒ်မ တစ်ခုထက် ပိုပြီးအမှုရင်ဆိုင်နေရသူတို့ ပထမအမှု အမိန့်ချခံရပြီး နောက်ထပ်အမှုများအတွက် ရုံးထုတ် တရားရင်ဆိုင်ရာတွင် ထောင်ဝတ်စုံဝတ်၊ လက်ထိတ်ခတ်၊ သံခြေချင်းများဖြင့် တွေ့ရသည်။

လက်ရှိတွင် အင်းစိန်ထောင်တွင်းအထူးတရားရုံးနှင့် ထောင်ပြင်ပတရားရုံးများ၌ အမျိုးသားအကျဉ်းသားတို့ကို သံဒေါက်ခတ်ပြီး ရုံးထုတ်နေသည်မှာ ၂ ရက် ရှိပြီဖြစ်ကြောင်း အထက်ပါသတင်းရင်းမြစ်က မေ ၂၇ တွင် Myanmar Now ကို ပြောသည်။

ထောင်တွင်း၌ ပြစ်မှုထပ်မံကျူးလွန်သူများကိုသာ သံဒေါက် တပ်ဆင်သည့်နည်းဖြင့် ဒဏ်ပေးလေ့ရှိသည်။

ယခု တရားရုံးသွားရမည့်သူကိုပါ ဒေါက်ခတ်ခြင်းသည် အကျဉ်းသားအခွင့်အရေး ချိုးဖောက်ခြင်း ဖြစ်သည်၊ နိုင်ကျဉ်းများ လူ့ဂုဏ်သိက္ခာ ကျဆင်းစေသည့် လုပ်ရပ်ဖြစ်သည်ဟု ထိုသူက ဝေဖန်သည်။

သမ္မတ ဦးဝင်းမြင့်ကို ဖမ်းဆီးချုပ်နှောင်ထားသည့် တောင်ငူထောင်တွင် ပြီးခဲ့သည့် မေ ၁၈ ရက်က PDF များအပါအဝင် ၁၀ ဦး ထောင်တွင်းအထူးတရားရုံးအချုပ်ခန်းကို ဖောက်ပြီး ထွက်ပြေးခဲ့သည်။ ထိုအထဲ မှ ၁ ဦး ပြန်လည် ဖမ်းဆီးရမိပြီး ၉ ဦး လွတ်မြောက်သွားသည်။

သေနတ် ၄ လက်နှင့် ကျည်ဆန်များ ယူဆောင်ထွက်ပြေးကြရာ ပစ်ခတ်မှုဖြစ်ပြီး တောင်ငူထောင်တွင် လုံခြုံရေးယူနေသည့် စစ်မှုထမ်းဟောင်း တပ်ကြပ်ကြီးကျော်မြင့် ဒူးခေါင်းတွင် သေနတ်မှန် ဒဏ်ရာရသည်၊ ပေါင်ရင်း ကျည်ထိမှန်သည့် တပ်ကြပ်မောင်မျိုး သေဆုံးသည်ဟု ရဲကြေးနန်းတွင် ဖော်ပြထားသည်။

၂၀၁၈ ခုနှစ်က ရန်ကုန်တွင် ပြုလုပ်သော ရှစ်လေးလုံးအရေးတော်ပုံ နှစ် ၃၀ ပြည့်အခမ်းအနားတွင် သံဒေါက်နှင့် အချုပ်ခန်းအတွင်း ဓာတ်ပုံရိုက်နေသော နိုင်ကျဉ်းတစ်ဦး။ (ဓာတ်ပုံ-EPA)

သက်ကြီးရွယ်အိုများနှင့် ခန္ဓာကိုယ်အလေးချိန်များသည့် အင်းစိန်ထောင်ရှိ နိုင်ကျဉ်းတချို့အတွက် သံဒေါက်ဒဏ် ပိုခံစားရပြီး ရုံးထုတ်သည့် တစ်နေ့လုံးနီးပါး ထိုသံဒေါက် ဝတ်ဆင်ထားရခြင်း ဖြစ်သည်။

၂၀၂၂ ဧပြီလဆန်းက စစ်ကိုင်းတိုင်း၊ မုံရွာထောင်အတွင်း ထောင်ဆူပူမှုဖြစ်ပြီးနောက် ထောင်အာဏာပိုင်များက နိုင်ငံရေးအကျဉ်းသား ၂၀ ခန့်ကို သီးသန့်ချုပ်နှောင်ကာ နေ့တိုင်းနီးပါး သံခြေချင်း၊ သံဒေါက်ဖြင့် ဖြစ်ပြီး ရိုက်နှက် နှိပ်စက်မှုများ ပြုလုပ်ခဲ့ကြသည်။

သံဒေါက်ဝတ်ဆင်ထားရပါက စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများရှိပြီး သံဒေါက်ဖြုတ်လိုက်ပါကလည်း ထိုပုံစံအတိုင်းသာ သွားလာမိနေခြင်း၊ ခန္ဓာကိုယ်နာကျင်ခြင်း၊ ခြေခြင်းနှင့် အသား ပွတ်တိုက်မိသည့် ဒဏ်ရာရကာ နာကျင်ခြင်း၊ သံဆိပ်တက်ခြင်းတို့ကို ကြုံတွေ့ရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ၎င်းတို့ကို ဆန့်ကျင်သူများကို ဖမ်းမိချိန်တွင် လူမဆန်စွာ နှိပ်စက်မှု၊ သတ်ဖြတ်မှု အပါအဝင် ရက်စက်ကြမ်းကြုတ်နည်းမျိုးစုံကို အသုံးပြုလျက်ရှိပြီး တော်လှန်ရေးအင်အားစုများကို ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်ခံစားရစေရန် ဗျူဟာကျကျ လုပ်ဆောင်လျက်ရှိသည်ကိုလည်း တွေ့ရသည်။

ကိုဗစ်ကပ်ဘေးကာလ လွန်မြောက်သွားပြီဖြစ်သော်လည်း အကျဉ်းသားများကို ကိုဗစ်ကူးစက်မှု အကြောင်းပြပြီး မိသားစုနှင့် တွေ့ဆုံခွင့် မပေးသေးပေ။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က လက်လှမ်းမီသလောက် ကောက်ယူထားသော စာရင်းများအရ ၂၀၂၁ စစ်အာဏာသိမ်းချိန်မှစပြီး ယခုနှစ် မေ ၂၅ ရက်အထိ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၂၇၁၅ ဦးရှိပြီး ထိုအထဲမှ ၁၈၃၉၆ ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ ၆၀၉၆ ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံရသည်။

ယခုရက်ပိုင်းအတွင်း မန္တလေးတိုင်း မြင်းခြံထောင်၊ ပဲခူးတိုင်း ဒိုက်ဦးထောင်များတွင် ထောင်ကျပြီးသော နိုင်ကျဉ်းတချို့ကို ပြန်ခေါ်ထုတ်ကာ စစ်ကောင်စီက စစ်ကြောရေးလုပ်နေကြောင်း ထောင်နှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button