
စစ်ကိုင်းတိုင်း၊ မုံရွာထောင်အတွင်း ပြီးခဲ့သည့် ဧပြီ ၃ က ထောင်ဆူပူမှုဖြစ်ကာ ပစ်ခတ်ထိန်းသိမ်းပြီးနောက် သီးသန့် ပြောင်းရွှေ့ချုပ်နှောင်ခံရသည့် နိုင်ငံရေးအကျဉ်းသား ၂၀ ခန့်ကို ရိုက်နှက်နှိပ်စက်နေကြောင်း ထောင်တွင်းသတင်းရင်းမြစ်များထံမှ သိရသည်။
၎င်းတို့ကို သံခြေချင်းခတ်ထားသည့်ပြင် တစ်ပေဝန်းကျင်သံချောင်းကို ခြေချင်းဝတ်နေရာရှိ သံကွင်းတွင် ဆက်ထားသဖြင့် လမ်းလျှောက်ရ လွန်စွာ ခက်ခဲစေသည်ဟု ထောင်တွင်းသတင်းရင်းမြစ်ကို ကိုးကား၍ နီးစပ်သူတစ်ဦးက ပြောသည်။
“ဟိုတလောက ပြဿနာဖြစ်ပြီး ပါဝင်တဲ့ကလေးတချို့ကို သီးသန့်ထောင်မှာ ထုတ်ထားတယ်။ အယောက် ၂၀ ကျော်လောက် ရှိတယ်။ သူတို့ကို ခြေထောက် သံဒေါက်လည်း ခတ်ထားတယ်။ အဲဒီမှာ ထောင်ပိုင်လေး ဇော်ဇော်အောင်ဆိုတဲ့သူက သူ အလုပ်ဖိအားများရင်၊ အရက်မူးလာရင် အဲဒီကလေးတွေကို အမြဲတမ်းဝင်ရိုက်လေ့ရှိတယ်။ နှိပ်စက်လေ့ရှိတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသော မုံရွာဒေသခံက Myanmar Now ကို ပြောသည်။
“ဟိုတစ်နေ့ကလည်း ဝင်ရိုက်တာ ကလေးတစ်ယောက် နှာခေါင်းရိုး ကျိုးသွားတယ်။ ခါးပတ်တွေ ဘာတွေနဲ့လည်း ချွတ်ရိုက်တယ်”
ဧပြီ ၃ တွင် မုံရွာထောင်၌ ဆူပူမှုဖြစ်ခဲ့ပြီး ထောင်အာဏာပိုင်များက ပစ်ခတ်ဖြိုခွင်းခဲ့ကာ ထောင်ဝင်စာတွေ့ခွင့် ယနေ့အထိ ပိတ်ပင်ထားသည်။
“ထောင်ဆူပူမှုက အကြမ်းဖက်ကလေးတွေ (ရာဇဝတ်သား) နဲ့ စဖြစ်တာလို့ ပြောတယ်။ အဲဒီကနေ ထောင်ထဲမှာ ရုန်းရင်းဆန်ခတ်ကို ဖြစ်သွားတာပေါ့” ဟုလည်း အဆိုပါ သတင်းရင်းမြစ်က ပြောသည်။
ထောင်ဆူပူမှုအပြီး အာဏာပိုင်များက မုံရွာသပိတ်ဦးဆောင်ကော်မတီတွင် ပါဝင်သူများ၊ ကျောင်းသားခေါင်းဆောင်များ၊ နိုင်ငံရေးသမားများ စုစုပေါင်း ၁၅၀ ခန့်ကို မြင်းခြံထောင်နှင့် အိုးဘိုထောင်သို့ ပြောင်းရွှေ့ခဲ့ကြသည်။
ဧပြီလဆန်းမှစ၍ ထိုသို့ နှိပ်စက်ခံနေရသည့် နိုင်ငံရေးအကျဉ်းသားများက ဥပဒေမဲ့လုပ်ရပ်များနှင့် ပတ်သက်၍ အများပြည်သူကို သိရှိစေလိုသည်ဟု ထိုနီးစပ်သူက ဆိုသည်။
“ဒီလိုမျိုး ခံနေရတာကို အများ သိစေချင်တာ။ ထောင်ပိုင်က ပုံမှန်လည်း နာမည်ထွက်နေတဲ့သူပေါ့။ အခု ထောင်ဝင်စာ ပိတ်ထားတယ်။ ပို့လို့ မရသေးဘူး” ဟု ပြောသည်။
သီးသန့်ထောင်တွင် ချုပ်နှောင်ခံထားရသည့် နိုင်ကျဉ်း ၂၀ ခန့်ကို အမှုထပ်မံစွဲတင်ရန် ထောင်အာဏာပိုင်များက ပြင်ဆင်နေကြောင်း ဆိုသည်။
“(မိသားစုက) ထောင်ဝင်စာလည်း ပို့မရတော့ အထဲမှာ ဝေမျှပြီးတော့ ကျွေးမွေးထောက်ပံ့ထားရတာပေါ့။ ထောင်ဆူပူမှုနဲ့ ပတ်သက်ပြီးတော့ သူတို့ကို နောက်ထပ် အမှုစွဲတင်ဖို့တော့ ပြင်ဆင်နေတယ်” ဟု သူက ဆက်ပြောသည်။
ထိုကဲ့သို့ ရိုက်နှက်ခံရသည်နှင့် ပတ်သက်၍ Myanmar Now အနေဖြင့် သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီကလည်း သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
မကြာသေးမီကလည်း ကရင်ပြည်နယ်၊ ဘားအံအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားတစ်ဦး ရိုက်နှက်ခံရသည်ကို ထောင်အာဏာပိုင်များက ဖြေရှင်းမပေးသည့်အတွက် ထောင်အတွင်း ဆန္ဒပြကန့်ကွက်မှုများ ဖြစ်ပွားနေသည်။
ဧပြီတတိယပတ်ကလည်း ရန်ကုန်မြို့၊ အင်းစိန်ထောင်မှ ကျောင်းသားခေါင်းဆောင်များအပါအဝင် နိုင်ငံရေးအကျဉ်းသား တစ်ရာကျော်ကို နယ်ထောင်များသို့ ပြောင်းရွှေ့ခဲ့သည်။
စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ၎င်းတို့ကို ဆန့်ကျင်သည့် ကျောင်းသားခေါင်းဆောင်များ၊ နိုင်ငံရေးသမားများ၊ အရပ်သားများကို ဖမ်းဆီးထောင်ချနေပြီး ထောင်အတွင်း ဖိနှိပ်မှုများ ပြုလုပ်နေရာ ထိုအထဲတွင် နာမည်ကျော် အင်းစိန်ထောင်၊ အိုးဘိုထောင်တို့လည်း ပါဝင်ခဲ့သည်။
စစ်ကောင်စီကို ဆန့်ကျင်မှုနှင့် ဆက်စပ်၍ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း ၁၀,၄၄၉ ဦးထက်မနည်းရှိပြီး ၎င်းတို့အနက်မှ ၁,၀၂၉ ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းများအရ သိရသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)