သတင်း

ထောင်တွင်း ရေမသန့်ရှင်းခြင်းကြောင့် ယားနာဖြစ်သည့် အကျဉ်းသားများ ဆေးကုခွင့်မရ

စစ်ကောင်စီ၏ အကျဉ်းထောင်အချို့တွင် သောက်သုံးရေ မသန့်ရှင်းမှုကြောင့် နိုင်ငံရေးအကျဉ်းသားများအပါအဝင် အခြားအကျဉ်းသားများပါ အရေပြားယားနာများ ဖြစ်ပွားနေပြီး လုံလောက်သည့် ဆေးကုသခွင့်မရကြောင်း မကြာသေးခင်က ပြန်လွတ်လာသည့် နိုင်ငံရေးအကျဉ်းသားဟောင်းများက Myanmar now ကို ပြောသည်။

သောက်ရေနှင့် ချိုးရေမှာ အတူတူဖြစ်ပြီး ခေတ်အဆက်ဆက် နာမည်ဆိုးဖြင့် ကျော်ကြားသော ပဲခူးတိုင်း သာယာဝတီ ထောင်၊ ဒိုက်ဦးထောင်နှင့် မွန်ပြည်နယ် ကျိုက်မရောထောင်တို့တွင် အခြေအနေ ပိုမိုဆိုးဝါးကြောင်း ထိုသူများက ဆိုသည်။

“အဲဒီရေကို ချိုးရင် လူတွေက ခေါင်းမှာ ဆံပင်တွေက ကြမ်းပြီးတော့ ကြေးနီရောင်တွေဖြစ် အသားတွေမှာလည်း ကြေးနီရောင်တွေထ ပြီးတော့ ရေက ယားတာ။ ကုတ်တော့ သဲစားသလို ဝဲတွေပေါက်လာတယ်။ ယားနာတွေ ပေါက်လာတယ်။ အနာစိမ်းတွေ ပေါက်လာတယ်။ ဆေးဝါးကုသဖို့ကျတော့ ဆေးမပေးဘူး” ဟု ဒိုက်ဦးထောင်မှ မကြာသေးမီကမှ လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသူဟောင်းတစ်ဦးက ပြောသည်။

ထိုထောင်တွင် ရာဇဝတ်ပြစ်မှုများ၊ နိုင်ငံရေးပုဒ်မများဖြင့် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသူ စုစုပေါင်း၂၀၀ ခန့်ရှိပြီး ထိုအထဲမှ ၅၀ ကျော်ခန့်သည် ယားနာများ ပေါက်နေကာ ဆေးရုံပင်မရှိကြောင်း သူက ဆက်ပြောသည်။

အဆိုပါထောင်၏ ထောင်ပိုင်မှာ ဦးပိုင်ဆန်းအောင် ဆိုသူဖြစ်သည်။

ဒိုက်ဦးထောင် အမျိုးသားဆောင်ဘက်တွင်လည်း ထိုနည်းတူစွာ သောက်သုံးရေ မသန့်ရှင်းမှု အစားအစာ မသန့်ရှင်းမှုတို့ကြောင့် ပွေး၊ ဝဲ၊ ညှင်း စသော အရေပြားယားနာများ ထူပြောနေပြီး လုံလောက်သည့် ဆေးကုသခွင့် မရကြဘဲ လူ ၃၀၀ ခန့် နေရသည့်အဆောင်တွင် အားလုံးနီးပါး အရေပြားရောဂါဝေဒနာ ခံစားနေရသည်ဟု ဒိုက်ဦးထောင်မှ လွတ်လာသည့် နိုင်ကျဉ်းအမျိုးသားတစ်ဦးက ပြောသည်။

“ကျွန်တော်ကိုယ်တိုင် ကြုံတွေ့ခဲ့ရတာပါ။ အနာက ပြည်တွေတစိုစိုနဲ့ နေခဲ့ရပါတယ်။ ကျန်ခဲ့တဲ့သူငယ်ချင်းတွေထဲမှာလည်း ယားနာတွေနဲ့ ကြုံနေရသူတွေ အများကြီးပါပဲဗျာ”

ချိုးရေတွင် သံချေး၊ အနည်အမှိုက်များဖြင့် ပြည့်နှက်နေပြီး မြောင်းပုပ်နံ့ရသည့်ရေများကို သုံးစွဲနေရကြောင်း ၎င်းက ဆက်ပြောသည်။

ယင်းသို့ တွေ့ကြုံနေရသည့် နောက်ထောင်တစ်ခုမှာ နာမည်ဆိုးဖြင့် ကျော်ကြားသော သာယာဝတီထောင် ဖြစ်သည်။

အကျဉ်းသားတို့ထံမှ အလှူငွေ အနည်းဆုံး တစ်ဦးလျှင် ကျပ် ၅၀၀၀ ကောက်ခံပြီး အဝီစိတွင်းကို တူးထားသော်လည်း ရေဆိုးရေညစ်များသာ သုံးစွဲရကြောင်း ထိုထောင်မှ ပြန်လွတ်လာသော နိုင်ငံရေးအကျဉ်းသားဟောင်းများက ပြောသည်။

“ရေညစ်ပတ်တာ ပြောမနေနဲ့။ ရွှံ့ရေ ကြံရည်အရောင် ၊ ရေစက်ကလည်း ခဏခဏ ပျက်။ လွတ်ကာနီးမှာ ပူတာရော ၊ မီးပျက်တာရော ရေပုံးမှာ အဝတ်ကြိုးတပ်ပြီး ရေဆွဲပြီး လုချိုးရတယ်” ဟု သာယာဝတီထောင်မှ လွတ်လာသော အထက်ပါ နိုင်ကျဉ်းအမျိုးသမီးက ဆိုသည်။

သာယာဝတီထောင်က လွတ်မြောက်လာသော အကျဉ်းသူတစ်ဦး၏ တင်ပါးအနာများ။

ရေသန့်စက်ပြုလုပ်ရန် အကျဉ်းသားတို့ထံမှ ငွေကြေးကောက်ခံခဲ့သော်လည်း ၎င်းရေသန့်စက်မှာ မီးသွေး၊ သဲ၊ ကျောက်စရစ်များကို ပီပါထဲတွင် အစီအရီထည့်ကာ ရေကို သန့်စင်သည့် ပုံးသာဖြစ်နေသည်ဟု ဆိုသည်။

ရာသီဥတု ပူပြင်းလွန်းသဖြင့် သက်ကြီးရွယ်အိုများနှင့် ကျန်းမာရေးမကောင်းသူများ အသေအပျောက်များခဲ့သည့် ယခုနှစ်နွေရာသီတွင် သာယာဝတီထောင်အတွင်း အကျဉ်းချခံရသူတို့မှာ နေပူပူတွင် ရေချိုးရသည့်ဒဏ်ကို ထပ်ဆင့်ခံစားခဲ့ကြရသည်။

ရေတွင်းတူးရန် ငွေကြေးပေးသည့်အပြင် မော်တာစက်ဖိုး၊ ရေကန်ဖိုးများပါ အကျဉ်းသားတို့က ထပ်ဆောင်းပေးကြရသည်။ အကျဉ်းသားမိသားစုများထံမှလည်း ရေစက်ဖိုးများ ကောက်ယူနေပြီး မည်သို့မည်ပုံ ခွဲဝေသုံးစွဲနေသည်ကိုမူ ကွဲကွဲပြားပြားမသိရှိရပေ။

အဆိုပါရေများကို သောက်သုံးမိသဖြင့် ဆီးအောင့်ခြင်း၊ ရေချိုးရာတွင်လည်း အသားအရောင်များ မဲပြာသွားခြင်းတို့ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများက ပြောပြသည်။

“ကျွန်တော့် အနာက တော်တော် ဆိုးဆိုးရွားရွားပေါက်ခဲ့တာ ယောကျ်ားလေးရဲ့ အင်္ဂါမှာ ပေါက်ခဲ့တာ များသောအားဖြင့် ပေါင်ကြားတွေ တင်ပါးတွေ အင်္ဂါတွေမှာ အခက်အခဲက အဲဒီမှာ ကြုံရတယ် အဆိုးဆုံးအရာပေါ့” ဟု သာယာဝတီထောင်မှ ပြန်လည်လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားဟောင်း ကိုသူရက ပြောသည်။ ထိုထောင်၏ ထောင်ပိုင်မှာ ရဲရင့်နိုင် ဆိုသူဖြစ်သည်။

အလားတူပင် မွန်ပြည်နယ် ကျိုက်မရောထောင်တွင်လည်း ရေမသန့်ရှင်းမှုကြောင့် ရေကြည်ဖုပေါက်ခြင်း၊ ပွေး၊ ဝဲ၊ ညှင်းယားနာမျိုးစုံကို ခံစားနေကြရသည်။ အဆိုပါထောင်တွင် တစ်နေ့ ရေတစ်ကြိမ်သာ ချိုးခွင့်ပေးကြောင်း ပြန်လည်လွတ်မြောက်လာသူတို့က ပြောပြသည်။

ဆိုးရွားစွာ ယားနာများ ပေါက်နေချိန်တွင် ထောင်အာဏာပိုင်တို့က ကြက်သားဟင်းကျွေးရမည့် ရက်များတွင်လည်း ငါးတန် (ငါးမြင်း) များကိုသာ ကျွေးသဖြင့် ယားယံခြင်း ပိုဖြစ်ကြောင်း အကျဉ်းသားတို့က ပြောသည်။

ထောင်ဝင်စာ မရှိသူတို့သည်လည်း ထောင်မှ ကျွေးသည့် ငါးပိကြမ်းနှင့် မသန့်ရှင်းသော အစားအစာများကိုသာ အားပြုနေရသဖြင့် ယားနာများ ပိုမိုဖြစ်ပေါ်လာသည်။

ထောင်တွင်း ပေးသော ဆေးများမှာ အကိုက်အခဲပျောက်ဆေး၊ ဘာမီတွန်နှင့် ဆေးတစ်ချို့သာ ရှိပြီး ရောဂါပြင်းထန်စွာ ခံစားရချိန်တွင် ဆေးမရှိသည်က များသည်။ ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန် အင်းစိန်အကျဉ်းထောင်တွင် မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခံထားရသူတို့ကို အကျဉ်းသားများအတွက် ဆေးမှူးများ ခန့်အပ်ထားသည်ကို တွေ့ရှိရသည်။

အရေးပေါ်ကျန်းမာရေး ကုသရန်အတွက် ကြိုတင်ပြင်ဆင်ထားခြင်းမရှိသဖြင့် အင်းစိန်ထောင်တွင်း ပြီးခဲ့သည့် ၂ နှစ်အတွင်းက ကိုယ်ဝန်ဆောင် နိုင်/ကျဉ်း အမျိုးသမီးတစ်ဦး ကလေးမွေးရန် ဆေးရုံ အချိန်မီမရောက်သဖြင့် ကလေးသေဆုံးခဲ့သလို ကိုဗစ်ကပ်ရောဂါ ပြင်းထန်နေချိန်အတွင်း နိုင်/ကျဉ်း အမျိုးသမီးကြီးတစ်ဦး ထောင်တွင်း သေဆုံးခဲ့သည်။

အကျဉ်းသားတို့ ကျန်းမာရေးအခြေအနေကို စောင့်ကြည့်နိုင်ရန် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) အနေဖြင့်လည်း စစ်ကောင်စီလက်အောက်ခံ အကျဉ်းထောင်များသို့ ဝင်ရောက်ခွင့် မရသေးပေ။ ထို့အတူ လူကိုယ်တိုင် ထောင်ဝင်စာတွေ့ခွင့်ကိုလည်း စစ်ကောင်စီက ဆက်လက် ပိတ်ပင်ထားသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က လက်လှမ်းမီသလောက် ကောက်ယူထားသော စာရင်းများအရ ၂၀၂၃ ခုနှစ်၊ မေလ ၂၆ ရက်နေ့ထိတိုင် ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၂၇၂၆) ဦးရှိပြီး ထိုအထဲမှ (၁၈၄၀၇) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button