သတင်း

မန္တလေးတိုင်းတွင် ကိုဗစ်နိုင်တင်းကာကွယ်ရေး တားမြစ်ချက်အချို့စတင်ဖြေလျှော့

ကိုဗစ်နိုင်တင်းရောဂါ ပျံ့နှံ့မှုကာကွယ်ရန် ထုတ်ပြန်ထားသော ညမထွက်ရကန့်သတ်ချက်အပါအဝင် တားမြစ်ချက်အချို့ကို မန္တလေးတိုင်းဒေသကြီးတွင် ယခုလ ၁၆ ရက်မှ စတင်လျှော့ပေးမည်ဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူကဆိုသည်။

အဆိုပါဖြေလျှော့မှုတွင် ညမထွက်ရကန့်သတ်ချက်ကို နှစ်နာရီလျှော့ချလိုက်ပြီး ည ၁၂ နာရီမှ နံနက် ၄ နာရီအထိသတ်မှတ်ခြင်း၊ စက်ရုံ၊ အလုပ်ရုံများ ပြန်လည်လည်ပတ်ခွင့်ပြုခြင်း၊ ဖျော်ဖြေရေးလုပ်ငန်းများမှအပ ကျန်လုပ်ငန်းများကို သတ်မှတ်ချက်များနှင့်အညီ လုပ်ကိုင်ခွင့်ပြုခြင်းတို့ပါဝင်သည်။

မန္တလေးမြို့တွင် ညမထွက်ရအမိန့်ကို ည ၉ နာရီမှ နံနက် ၄ နာရီအထိ စတင်သတ်မှတ်ခဲ့ပြီး ဧပြီ ၁၈ မှစ၍ ည ၁၀ နာရီမှ နံနက် ၄ နာရီသို့ ပြောင်းလဲသတ်မှတ်ခဲ့ကာ ယခုတွင် ည ၁၂ နာရီမှ နံနက် ၄ နာရီအထိ ဖြေလျှော့သတ်မှတ်လိုက်ခြင်းဖြစ်သည်။

“ဖျော်ဖြေရေးလုပ်ငန်းတွေပေါ့၊ ကေတီဗီ၊ အနှိပ်ခန်း၊ အပန်းဖြေစခန်း အစရှိတဲ့ လုပ်ငန်းတွေက လွဲရင် ကျန်လုပ်ငန်းတွေကို သတ်မှတ်ထားတဲ့ စံသတ်မှတ်ချက်တွေနဲ့ အညီ ပြန်လည်လုပ်ကိုင်စေမှာပါ” ဟု မန္တလေးတိုင်း ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်က ပြောသည်။

ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် ကိုက်ညီမှုရှိမရှိ စစ်ဆေးပြီး ပြန်လည်ဖွင့်လှစ်ခွင့်ပြုမည့် လုပ်ငန်းများတွင် ဟိုတယ်လုပ်ငန်းများလည်း ပါဝင်ပြီး၊ ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းများကိုတော့ ကိုဗစ်နိုင်တင်းကာကွယ်ရေးနှင့် ထိန်းချုပ်ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီ၏ ညွှန်ကြားချက်များအတိုင်းသာ ခွင့်ပြုဖြစ်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

သို့သော်စားသောက်ဆိုင်များတွင် ဆိုင်ထိုင်စားသောက်ခြင်းများသည် လူစုလူဝေးဖြစ်စေနိုင်သည့်အတွက် ယင်းလုပ်ငန်းများကို ပါဆယ်စနစ်၊ အိမ်အရောက်ပို့စနစ်များဖြင့်သာ ဆက်လက်‌ရောင်းချရမည်ဖြစ်ပြီး၊ လူစုလူဝေးဖြင့် ဝတ်ပြုဆုတောင်းခြင်းများကိုလည်း ဆက်လက်တားမြစ်ထားမည်ဖြစ်ကြောင်း ဦးဇာနည်အောင်က ပြောသည်။

ယခုဆုံးဖြတ်ချက်များမှာ ကိုဗစ်နိုင်တင်း ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မေ ၁၅ အထိ ထုတ်ပြန်ထားသည့် ကန့်သတ်ချက်များနှင့်ပတ်သက်ပြီး မေ ၁၃ ရက်နေ့က ပြုလုပ်သောအစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သည့် အချက်များဖြစ်သည်။

မန္တလေးတိုင်းဒေသကြီးအစိုးရက စက်ရုံအလုပ်ရုံများကို ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်နိုင်တင်း ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့် ကိုက်ညီမှုရှိမရှိ လိုက်လံစစ်ဆေးကာ ပြန်လည်လုပ်ကိုင်ခွင့်ပြုနေပြီး မေ ၁၂ အထိ စက်ရုံပေါင်း ၁၀၁၅ ရုံးကို ပြန်လည်လည်ပတ်ခွင့် ပေးထားပြီးဖြစ်သည်။

မြန်မာနိုင်ငံတွင် ကိုဗစ်နိုင်တင်းရောဂါဖြစ်ပွားသူ ၁၈၁ ဦးရှိပြီဖြစ်ကာ ခြောက်ဦးသေဆုံးထားပြီး ၇၉ ဦး ပြန်လည်သက်သာလာပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ မေ ၁၃ ထုတ်ပြန်ချက် အရသိရသည်။

ကိုဗစ်ရောဂါဖြစ်ပွားသူ ၁၈၁ ဦးအနက် မန္တလေးတိုင်းတွင် သုံးဦးပါဝင်သော်လည်း သုံးဦးလုံးမှာ ရောဂါပျောက်ကင်းသွားပြီဖြစ်ပြီး နှစ်ဦးမှာ နေအိမ်တွင် ပြန်လည်နေထိုင်နေကာ တစ်ဦးမှာဟိုတယ်တွင် သွားလာကန့်သတ်စောင့်ကြည့်မှု ခံယူနေသည်။

Show More

Related Articles

Back to top button