ကောလင်းမြို့တွင် စစ်တပ်က အရပ်သား ၂ ဦးကို ပစ်သတ်

စစ်ကိုင်းတိုင်း၊ ကောလင်းရောက် စစ်ကောင်စီတပ်က ရွာသား ၂ ဦး၊ တော်လှန်ရေးတပ်ဖွဲ့ဝင် ၂ ဦးကို ပစ်သတ်ခဲ့သည်။

စစ်ကောင်စီတပ်ရန်ကြောင့် တိမ်းရှောင်နေကြသော ကောလင်းဒေသခံများကို ယခုနှစ် ဖေဖော်ဝါရီအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ- Kawlin Revolution)

စစ်တပ် စစ်ကြောင်းထိုးနေသော စစ်ကိုင်းတိုင်းအထက်ပိုင်း ကောလင်းမြို့နယ်အနောက်ခြမ်းတွင် ဒေသခံ ၂ ဦး ပစ်သတ်ခံရပြီး ကာကွယ်ရေးအဖွဲ့ဝင် ၂ ဦး သတ်ဖြတ်ခံရကြောင်း သိရသည်။

မေ ၂၂ ရက်နေ့က ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့ရွာစခန်းမှ အင်အား ၅၀ ခန့် စစ်ကြောင်း၊ မြို့ပေါ်မှ အင်အား ၁၀၀ ဝန်းကျင် စစ်ကြောင်းတို့က ကောလင်းအနောက်ခြမ်း ကျေးရွာများကို တစ်ပြိုင်တည်း ချီတက်ခဲ့ကြောင်း သိရသည်။

အင်အား ၅၀ ပါစစ်ကြောင်းသည် မေ၂၃ တွင် မြို့အနောက်ဘက် ၈ မိုင်ခန့်အကွာ မောင်းကော်ရွာကို ပစ်ခတ်စီးနင်း၍ ညအိပ်တပ်စွဲခဲ့သည်။

ယနေ့ (မေ ၂၄) နံနက်ပိုင်း ဒေသခံများ၊ တော်လှန်ရေးသမားများ ရွာအတွင်း ပြန်လည်ဝင်ရောက်ချိန်တွင် စစ်သားများက ပစ်ခတ်ခဲ့သည်ဟု သိရသည်။

ပစ်ခတ်မှုတွင် သေဆုံးသူတို့မှ ထိုရွာမှ အသက် ၄၀ ခန့်အရွယ် ကိုမင်းလှိုင်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အဖွဲ့ဝင် အသက် ၃၀ အရွယ် ကိုကျော်မင်းသိမ်းတို့ ဖြစ်သည်ဟု ဆိုသည်။

လုံခြုံရေးအခြေအနေနှင့် ပတ်သက်ပြီး သတင်းမှား ရရှိသဖြင့် ထိုသို့ ပစ်ခတ်ခံလိုက်ရသည်ဟု ကောလင်းမြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“xxxxx တွေ မရှိတော့ဘူးဆိုပြီး တစ်ယောက်က အော်တော့ ရွာထဲဝင်တော့ ဘွားခနဲပေါ်လာပြီး ပစ်တော့တာပဲ။ ကျွန်တော်တို့လည်း ကင်းထောက်တာပဲဗျာ၊ ဖုန်းလိုင်းတွေက မရတော့ အားနည်းချက်တွေ ဖြစ်တာပေါ့ဗျာ၊ အိုင်ကွန် (စကားပြောစက်) တွေကျတော့လည်း လူတိုင်း မသုံးနိုင်ဘူး” ဟု သူက ပြောသည်။

ထိုသို့ ပစ်ခတ်ပြီးနောက် ၎င်းတို့စစ်ကြောင်းထိုးရာတစ်လျှောက်မှ ဖမ်းခေါ်လာသူ ၄ ဦးကို ခေါ်ဆောင်ကာ ကိုးတောင်ဘို့ရွာရှိ စစ်တပ်အထိုင်စခန်းသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။

ထိုစစ်ကြောင်းက မောင်းကော်ကျေးရွာနှင့် ကပ်လျက် အောက်သီတရာကျေးရွာထိပ် အရောက်တွင် နွားကျောင်းနေသည့် အသက် ၅၀ ကျော်အရွယ် ဦးဖိုးဝ ဆိုသူကိုလည်း ပစ်သတ်သွားသည်ဟု အထက်ပါတာဝန်ခံက ပြောသည်။

“ညာဘက် ပေါင်ရင်းနဲ့ ဆီးခုံကြား မှန်ပြီး၊ သွေးထွက်လွန်ပြီး ဆုံးသွားတာ” ဟု သူက ဆိုသည်။

ကောလင်းအနောက်ခြမ်းတွင် စစ်တပ်က မီးရှို့သွားသည့် ဆိုင်ကယ်များ။ (ဓာတ်ပုံ- Kawlin Revolution)

ကောလင်းမြို့မှ လာသည့် အင်အား ၁၀၀ ခန့်ပါ စစ်ကြောင်းသည် ယမန်နေ့က မြို့အနောက်ဘက် ၄ မိုင်အကွာ ခမောက်တောင်ရွာအနီး ဒေသကာကွယ်ရေးအဖွဲ့များနှင့် တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ R7 ဟု အမည်ပေးထားသည့် အသက် ၂၇ နှစ်အရွယ် ဒေသကာကွယ်ရေးအဖွဲ့ဝင်တစ်ဦး သေဆုံးကြောင်း ပကဖပြန်ကြားရေးတာဝန်ခံက ပြောသည်။

“တိုက်ပွဲထဲမှာပဲ ပစ်ရင်းခတ်ရင်းနဲ့ပဲ ကျသွားတာ။ သူတို့ဘက် ကျမကျတော့ ကျွန်တော်တော့ သေသေချာချာတော့ မသိဘူး။ (စစ်သားများ တပ်စွဲသည့်) ဘုရားနှစ်ဆူမှာ သွေးတွေ ဂွမ်းစတွေ တွေ့တာ ရှိတယ်။ ဘယ်လောက်ထိလဲတော့ မသိဘူး” ဟု သူက ပြောသည်။

ထိုစစ်ကြောင်း ဆက်လက် လှုပ်ရှားနေသောကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်းမှ ဒေသခံများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက ထုတ်ပြန်ထားသည်။

ဧပြီလကုန်ပိုင်းကလည်း ကောလင်းမြို့နယ်အရှေ့ပိုင်းကို စစ်ကောင်စီက စစ်ကြောင်း နှစ်ကြောင်းဖြင့် စီးနင်းသဖြင့် တိုက်ပွဲများ ပြင်းထန်ခဲ့ကာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က စေလွှတ်ထားသည့် ကောလင်းခရိုင် PDF တပ်ရင်းမှူး အပါအဝင် ၉ ဦး သေဆုံးခဲ့သည်။

ကချင်ပြည်နယ်နှင့် နီးစပ်သည့် ကသာ၊ ကောလင်း၊ ဝန်းသို၊ အင်းတော်၊ ထီးချိုင့် စသည့် မြို့နယ်များတွင် KIA ၏ ကူညီထောက်ပံ့မှုများဖြင့် စစ်ကောင်စီကို ပြင်းပြင်းထန်ထန် ခုခံနေကြသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

တိုက်ပွဲဆက် စဉ့်ကူးမြို့ကို လေတပ်က တိုက်ခိုက်၊ ဒေသခံများ ထွက်ပြေးနေရ

စစ်ကောင်စီရေယာဉ်များ ဧရာဝတီမြစ်အတွင်း အတိုက်ခံရပြီးနောက် မန္တလေးတိုင်း၊ စဉ့်ကူးနယ်တွင် စစ်ကြောင်းထိုးနေပြီး နေအိမ်များကို မီးရှို့နေသည်။

စစ်ကိုင်း ရေဦးတွင် စစ်တပ်က ရွာမီးရှို့၊ ၉၀ ကျော် အဘွားအို မီးလောင်သေဆုံး

မိုင်းဆွဲတိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်က အနီးရှိ ရွာကို မီးရှို့ရာ ထွက်မပြေးနိုင်သည့် သက်ကြီးရွယ်အို အမျိုးသမီးကြီးတစ်ဦး မီးထဲပါသွားသည်။

ထောင်တွင်း ရေမသန့်ရှင်းခြင်းကြောင့် ယားနာဖြစ်သည့် အကျဉ်းသားများ ဆေးကုခွင့်မရ

ရေသန့်စက်ပြုလုပ်ရန် အကျဉ်းသားတို့ထံမှ ငွေကြေးကောက်ခံခဲ့သော်လည်း မီးသွေး၊ သဲ၊ ကျောက်စရစ်များကို ပီပါထဲတွင် အစီအရီထည့်ကာ ရေကို သန့်စင်သည့် ပုံးသာဖြစ်နေသည်။

မိုးမိတ်ရဲကင်းစခန်းကို ABSDF ဝင်တိုက်၊ ရဲ ၄ ဦး သေဆုံး

မန္တလေး-ရှမ်းနယ်စပ် ရဲကင်းစခန်းကို ဝင်တိုက်စဉ် ရဲတချို့ သေဆုံးပြီး လက်နက်များ ရရှိခဲ့သည်၊ ရဲမိသားစုဝင် အမျိုးသမီးများ၊ ကလေးများကို ပြန်လွှတ်ပေးခဲ့သည်ဟု ABSDF က ဆိုသည်။