သတင်း

စစ်ကိုင်းမြို့ ဆားတောင်ရဲစခန်းကို PDF ဝင်တိုက်

စစ်ကိုင်းမြို့နယ် ဆားတောင်မြို့မရဲစခန်းကို မေလ ၂၁ ရက် ညပိုင်းတွင် တိုက်ခိုက်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ စစ်ကြောင်းမှူးတစ်ဦးဖြစ်သည့် ကိုသက်ကြီးက ပြောသည်။

ရွှေဘို−မန္တလေး ကားလမ်းပေါ်ရှိ ထိုစခန်းကို သိမ်းယူရန် မြင်းခြံခရိုင်၊ ကျောက်ဆည်ခရိုင်တို့မှ PDF တပ်ရင်းများ စနစ်တကျ ချိတ်ဆက် ဆောင်ရွက်ခဲ့သည်၊ ရဲစခန်း အုတ်တံတိုင်းအထိ ရောက်အောင် ချဉ်းကပ် တိုက်ခိုက်ခဲ့သည်ဟု ကိုသက်ကြီးက ဆိုသည်။

ရဲနှင့် စစ်သား ၃၀ ခန့် ပုံမှန်တပ်စွဲထားသည့် အဆိုပါစခန်းကို PDF တပ်ရင်းများက ထိုနေ့ညပိုင်း ၆ နာရီမှ စတင်ကာ တိုက်ခိုက်ခဲ့သည်၊ ၈ နာရီခန့်တွင် တိုက်လေယာဉ်နှစ်စီး လာသည်ဟူသော သတင်းကြောင့် ပြန်ဆုတ်လာရသည်ဟုလည်း မြင်းခြံခရိုင် PDF တပ်ရင်း (၇) ၏ စစ်ကြောင်းမှူး ကိုသက်ကြီးက ဆိုသည်။

“တိုက်ပွဲချိန်ကလည်း ကြာတယ်၊ ကျွန်တော်တို့ဘက်ကလည်း ရှိသမျှ လက်နက် အကြီးအငယ် အကုန်ဖိပစ်နေတာ၊ သူတို့ဘက်ကလည်း အားလျော့နေပြီ။ လေယာဉ်သာ မလာရင် ၉ နာရီမတိုင်ခင် ကျွန်တော်တို့ သိမ်းနိုင်တယ်” ဟု ကိုသက်ကြီးက ပြောသည်။

တိုက်လေယာဉ်နှစ်စီး မရောက်လာမီ ဆုတ်ခွာနိုင်ခဲ့မှုကြောင့် PDF များဘက်မှ ထိခိုက်သေဆုံးသူ မရှိကြောင်း သိရသည်။ ထိုတိုက်လေယာဉ်နှစ်စီးသည် အဆိုပါရဲစခန်းတစ်ဝိုက်တွင် ဆယ်ကြိမ်ထက်မနည်း လှည့်ပတ် ပျံသန်းခဲ့သည်ဟု ဆိုသည်။

“RPG (ငှက်ပျောဖူး ခေါ် ပခုံးထမ်းလောင်ချာ) နှစ်လုံးပစ်တာက ရန်သူ့ဘန်ကာကို တည့်တည့်ထိပြီး အခိုင်အမာဆောက်ထားတာကြီး ပြိုကျသွားတာ။ ကျွန်တော်တို့က စခန်းအုတ်ရိုး ရောက်နေပြီ၊ က‌လေးတွေရဲ့ လုံခြုံရေးကြောင့်သာ ပြန်ဆုတ်လာတာ။ တိုက်ခိုက်မှု အောင်မြင်ပေမဲ့ စခန်းကို မသိမ်းနိုင်လိုက်ဘူး” ဟု ကိုသက်ကြီးက ပြောသည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ၁၂ ဦးအထိ သေဆုံးကြောင်း PDF က ပြောကြားထားပြီး Myanmar Now အနေဖြင့် သီးသန့်အတည်ပြုနိုင်ခြင်း မရှိသေးပေ။

စစ်ကောင်စီဝါဒဖြန့် လူမှုကွန်ရက်စာမျက်နှာများတွင် PDF များက ဆေးရုံကို အကာအကွယ်ပြုကာ တိုက်ခိုက်ကြောင်း ရေးသားကြသော်လည်း သေဆုံးမှုနှင့် ပတ်သက်ပြီး ဖော်ပြကြခြင်းမရှိပေ။

ယခုနှစ်တွင် တိုက်ခိုက်မှုများ အရှိန်မြှင့်ရန် ပြင်ဆင်ထားသော်လည်း စခန်းသိမ်းတိုက်ပွဲများအတွက် လက်နက်ခဲယမ်း ပြည့်စုံရန် လိုအပ်နေသေးသည်ဟု မြင်းခြံခရိုင် PDF တပ်ရင်းမှ အထက်ပါတာဝန်ရှိသူက ဆိုသည်။

“ပြည့်စုံမှုလည်း စောင့်လိုက်၊ ဆက်တိုက်လိုက်ပေါ့၊ နောက်တိုက်ပွဲတွေလည်း မြင်ရပါလိမ့်မယ်။ အဓိက လိုအပ်တာကတော့ ကျည်ဆန်နဲ့ ငှတ်ပျောဖူးတွေပဲ လိုအပ်တာပဲ” ဟု သူက ဆိုသည်။

ဆားတောင်မြို့မရဲစခန်းတိုက်ပွဲတွင် မြင်းခြံခရိုင်တပ်ရင်း (၇) တစ်ဖွဲ့တည်းတင် ကျည်ဆန် ၁၈၀၀၊ ၄၀ မမ ဗုံးသီး ဆယ်လုံး၊ RPG နှစ်လုံး အသုံးပြုခဲ့ရကြောင်း၊ ခဲယမ်းအတွက် ကုန်ကျစရိတ် ကျပ်သိန်း ၂၆၀ ကျော် ရှိကြောင်း သိရသည်။

မြင်းခြံခရိုင် PDF တပ်ရင်း (၁) နှင့် (၇)၊ ကျောက်ဆည်ခရိုင် PDFတပ်ရင်း (၄) နှင့် ဒေသခံတပ်များ ပါဝင်တိုက်ခိုက်ခဲ့ကြသည်ဟု သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button