နေပြည်တော်မှ ဌာနဆိုင်ရာ အရာရှိကြီးများ နေ့စဉ် အထူးဦးစားပေးနေကြသည့်အရာမှာ လုံခြုံမှုရှိရေးပင် ဖြစ်သည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။
အာဏာသိမ်းမှု မတိုင်မီက ဌာနဆိုင်ရာ ထိပ်တန်းအရာရှိကြီးများ ကိုယ်ရေးကိုယ်တာကိစ္စဖြင့် ခရီးထွက်ပါက ရဲတပ်ဖွဲ့ဝင် အစောင့်အရှောက်များ မပါဘဲ သွားလာလေ့ရှိကြသော်လည်း ယခုအခါ မည်သည့်အကြောင်းဖြင့် သွားလာသည်ဖြစ်စေ ညွှန်ကြားရေးမှူးချုပ်အဆင့်ရှိသူများပင် လုံခြုံရေးတောင်းခံလေ့ရှိသည်ဟု နေပြည်တော်မှ ရဲအုပ်အဆင့်ရှိသူတစ်ဦးက ပြောသည်။
“ခု စစ်ကောင်စီ အစိုးရအဖွဲ့ဝင်တွေက နေပြည်တော်ပြင်ပ ဘာကိစ္စနဲ့ အပြင်ထွက်ထွက် လုံခြုံရေးတောင်းတာပဲ၊ ညွှန်ချုပ်အဆင့်တွေလည်း လုံခြုံရေးတောင်းကြတာတွေလည်း ရှိတယ်၊ ဝန်ကြီးဌာနကလည်း ထည့်စရာ အင်အားမရှိတော့ နယ်မြေအလိုက် ရဲတွေကပဲ လုံခြုံရေးယူပေးကြတာပဲ” ဟု သူက ပြောသည်။
နေပြည်တော်မှ ထိပ်တန်းအရာရှိကြီးတစ်ဦး၏ ကိုယ်ရေးအရာရှိကလည်း စစ်ကောင်စီအဖွဲ့ဝင်များ၊ ဝန်ကြီးများ သွားလာသည့် လမ်းကြောင်းများအတွက် ပြည်ထဲရေးဝန်ကြီးဌာနထံ စာတင်၍ သက်ဆိုင်ရာ နယ်မြေအလိုက် လုံခြုံရေး စီစဉ်ပေးနေရသည်ဟု ပြောသည်။
“လမ်းကြောင်းသွားပြီဆိုရင် လုံခြုံရေးယူတဲ့ရဲတွေနဲ့ နယ်မြေအလိုက်ရဲတွေရဲ့ ဖုန်းနံပါတ်တွေတောင်း၊ သူတို့နဲ့ ကြိုချိတ်၊ ခုနောက်ပိုင်း လုံခြုံရေးကို အလွဲမခံဘူး၊ တစ်ခုခုလွဲလို့ လူကြီးသိတာနဲ့ သတိပေးခံ၊ အကြိတ်ခံရတော့တာပဲ” ဟု အဆိုပါ ကိုယ်ရေးအရာရှိက ပြောသည်။
ယာဉ်တန်းတွင် လက်နက်ကိုင် ဝတ်စုံပြည့်ဖြင့် သွားလာခြင်းမျိုးမဟုတ်ကြောင်း၊ သက်ဆိုင်ရာ နယ်မြေလုံခြုံရေးတပ်ဖွဲ့များကို ချိတ်ဆက်ရန်နှင့် သွားမည့်လမ်းကြောင်းကို လျှို့ဝှက်ထားရန် အရာရှိကြီးများက မှာကြားလေ့ရှိကြောင်း အဆိုပါ ကိုယ်ရေးအရာရှိက ဆိုသည်။
“ကောင်စီအဖွဲ့ဝင်နဲ့ ဝန်ကြီးအဆင့် လမ်းကြောင်းတွေဆိုရင် ရှေ့နဲ့နောက်က ပွိုင့်တစ်စီးစီနဲ့ လိုက်ပေးတယ်၊ နယ်ကျော်ပြီဆိုရင် သက်ဆိုင်ရာ နယ်မြေရဲတွေက ဆက်တာဝန်ယူတယ်” ဟု သူက ပြောသည်။
၂၀၂၂ ဧပြီတွင် ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ရန်ကုန်မြို့နေအိမ်တွင် ပစ်ခတ်ခံရပြီး ဒဏ်ရာ အပြင်းအထန်ရသွားသည်၊ တစ်နှစ်အကြာတွင် ရွေးကောက်ပွဲကော်မရှင်မှ ဒုညွှန်ချုပ် ဦးစိုင်းကျော်သူ ရန်ကုန်တွင် ကားမောင်းနေစဉ် စက်ဘီးစီး သေနတ်သမား ၂ ဦးက ပစ်သတ်ခဲ့သည်။ နိုင်ငံအနှံ့ မြို့နယ်အများအပြားတွင်လည်း စစ်ကောင်စီခန့် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ စစ်တပ်အလိုတော်ရိဟု စွပ်စွဲခံရသူများ သတ်ဖြတ်ခံရမှုမှာ နေ့စဉ်သတင်းများတွင် မကြာခဏ ပါဝင်နေသည်။
အရပ်ဘက်ပစ်မှတ်များကို ဗုံးကြဲတိုက်ခိုက်မှုများအပြီးတွင် လေတပ်အရာရှိများကို မြေပြင်တွင် ပစ်မှတ်ထား တိုက်ခိုက်ရန် လှုံ့ဆော်သူများ ရှိသလို ထိုအရာရှိများ၊ မိသားစုများ၏ တည်နေရာကို အွန်လိုင်းတွင် ဖြန့်ဝေသူများလည်း ရှိလာသည်။
စစ်ပညာသင်ယူဖူးသည့် မြေအောက်တော်လှန်ရေးသမားများလည်း ဒေသအများအပြားတွင် လက်နက်ငယ်ကိုင်ဆောင်ပြီး လှုပ်ရှားလျက်ရှိသည်။
ဤသို့သော အခြေအနေတွင် ထိပ်တန်းအရာရှိများနှင့် မိသားစုဝင်များက နေပြည်တော်ကို ၎င်းတို့၏ အလုံခြုံဆုံးမြို့အဖြစ် သတ်မှတ်လာခြင်း ဖြစ်သည်။
ပစ်မှတ်
၎င်းတို့ မည်သူမည်ဝါဖြစ်သည်ဆိုသည်ကို သိသာစေရန် ယူနီဖောင်းဝတ်ပြီး သွားလာတတ်ကြဖူးသော ဌာနဆိုင်ရာ အရာရှိများ၊ လက်နက်ကိုင်တပ်ဖွဲ့ဝင်များကလည်း စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ဖေဖော်ဝါရီနောက်ပိုင်းတွင် ဝတ်စားဆင်ယင်ပုံ ပြောင်းလဲသွားသည်။
လက်နက်ကိုင်တော်လှန်ရေးသမားတို့၏ ပစ်မှတ်ဖြစ်လာနိုင်ခြင်း၊ အရပ်သားများ ငြိုငြင်မည်ကို စိုးရိမ်ခြင်းတို့ကြောင့် ၎င်းတို့ ဌာနဆိုင်ရာ အဖွဲ့အစည်းတစ်ခုခုမှ ဖြစ်ကြောင်းကို လူသိမခံလိုကြတော့ပေ။
ငွေသား သယ်ယူပို့ဆောင်ရေး တာဝန်ရှိသည့် ဘဏ်ဝန်ထမ်းတစ်ဦးကလည်း ရဲနှင့် စစ်သားများသည် စစ်ကောင်စီ နယ်မြေစိုးမိုးမှု အားကောင်းသည့် မြို့နယ်များတွင် ယူနီဖောင်းဝတ်ဆင်ကြသော်လည်း တော်လှန်ရေးအဖွဲ့များ အားကောင်းစွာ လှုပ်ရှားသည့် မြို့နယ်များတွင်မူ အရပ်သားဟန်ဆောင်ပြီး သွားလာတတ်ကြသည်၊ နယ်ကျော်ခြင်း မပြုကြဟု ပြောသည်။
“စစ်ကိုင်းဘက်နဲ့ မကွေးမှာဆိုရင် ရဲလို့တောင် ပြောမရဘူး၊ ဆံပင်အရှည်၊ မုတ်ဆိတ်တွေနဲ့။ ပြီးရင် ရဲကားနဲ့ မဟုတ်ဘူး၊ ရိုးရိုးကားတွေနဲ့” ဟု ၎င်းက ဆိုသည်။
“သတ်မှတ်နယ်နိမိတ်နေရာ ရောက်တာနဲ့ ရပ်ပဲ၊ လုံးဝမကျော်ဘူး”
စစ်ရုံးချုပ် တည်ရှိသည့် နေပြည်တော်တွင်ပင် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ခေါင်းဆောင်များ၊ ၎င်းတို့၏ ဝန်ကြီးများ ယာဉ်တန်းနှင့် သွားလာရာတွင် လက်နက်ကိုင်အင်အား အများအပြားထားလေ့ရှိသည်။ စစ်တပ်၏ မြဝတီသတင်းဌာန ရိုက်ကူးရေးအဖွဲ့များ နေပြည်တော်အတွင်း ပြင်ပသတင်းယူလျှင် စစ်ကောင်စီလက်နက်ကိုင်တို့ စောင့်ရှောက်ပေးရသည်ကို တွေ့ရသည်။
ရွေးကော် ဒုညွှန်ချုပ် ပစ်သတ်ခံရပြီးနောက် နေပြည်တော် ဝန်ထမ်းအသိုက်အဝန်းတွင် လွန်စွာ ဂယက်ရိုက်သွားသည်၊ ဌာနဆိုင်ရာ အရာရှိများ ပိုမို စိုးရိမ်သွားကြပြီး ရာထူးကြီး၊ လူသိများ၊ နာမည်ဆိုးထွက်နေသူများ ပို၍ သတိထား သွားလာနေကြသည်ဟု သိရသည်။
အရာရှိကြီးများက ၎င်းတို့၏ လက်ထောက်များကို လုံခြုံရေး ပိုမို ဂရုစိုက်ရန်၊ ခရီးစဉ်ရှိပါက မည်သူ့ကိုမျှ အသိမပေးရန် မှာကြားလာကြကြောင်းလည်း သိရသည်။