သတင်း

ပလက်ဝတွင် စစ်ပွဲအတွင်းရှိနေသည့် ရွာများမှ လူ ၄၀၀ ကျော် မြို့ပေါ် တိမ်းရှောင်လာ

ရက္ခိုင့်တပ်တော် (AA) နှင့် မြန်မာ့တပ်မတော်တို့ကြား ဖြစ်ပွားနေသည့် တိုက်ပွဲများ ယခုရက်ပိုင်း ပြန်လည်ပြင်းထန်လာသည့်အတွက် ချင်းပြည်နယ် ပလက်ဝမြို့နယ်အနီး စစ်ပွဲဧရိယာအတွင်း ရှိနေသည့် ကျေးရွာများမှ ဒေသခံ ၄၀၀ ကျော်သည် ပလက်ဝမြို့နှင့် ဆမီးမြို့များသို့ ထွက်ပြေး တိမ်းရှောင်လာကြသည်။

ပလက်ဝမြို့နယ်အတွင်း တိုက်ပွဲများမှာ ၂၀၁၉ နှစ်ကုန်ပိုင်းမှစ၍ တောက်လျှောက်ဖြစ်ပွားခဲ့ရာမှ ဧပြီလကုန်ပိုင်းမှစ၍ အနည်းငယ်ပြန်လည်ငြိမ်သက်သွားပြီး ပြီးခဲ့သည့်တစ်ပတ်မှစ၍ ပြန်လည်ပြင်းထန်လာခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲများက ပလက်ဝမြို့အနီးအနားအထိ ဖြစ်ပွားနေပြီး မြို့တောင်ဘက် ရေတံခွန်တောင်ကို ကြာသပတေးနေ့တွင် တပ်မတော်က တိုက်လေယာဉ်နှစ်စီးဖြင့် ပစ်ခတ်ခဲ့သလို မြို့အနောက်မြောက်ဘက်အစွန်ရှိ ပလုပ်တောင်ရပ်ကွက်တွင်လည်း ပစ်ခတ်တိုက်ခိုက်မှုများရှိခဲ့သည်ဟု မြို့ခံများက ပြောသည်။

ပလက်ဝမြို့ တောင်ဘက်ရှိ ကျေးရွာများဖြစ်သည့် လေလ၊ သကာချောင်း၊ ကင်းဝ စသည့်ရွာများမှ ရွာသားများကို ရွာမှထွက်ခွာရန် တပ်မတော်က တိုက်တွန်းသဖြင့် ဆမီးနှင့် ပလက်ဝမြို့တို့ပေါ်သို့ တိမ်းရှောင်လာကြခြင်း ဖြစ်သည်ဟု ပလက်ဝမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်လော့ဟာက ဆိုသည်။

တိုက်ပွဲများကြောင့် ကြာသပတေးနေ့တွင် ပလက်ဝမြို့ပေါ်၌ လူသူလှုပ်ရှားသွားလာမှုနည်းပါးသွားပြီး အများစုမှာ နေအိမ်အပြင်သို့ မထွက်ရဲကြတော့ဟု ပလက်ဝမြို့တွင် ရောက်ရှိနေသည့် နန်းချောင်းဝရွာသား ဦးလင်းဘွယ်က ပြောသည်။

“တိုက်ပွဲတွေကြောက်လို့ ရွာကနေထွက်ပြေးလာကြတာ၊ ဒီမှာလည်း ဖြစ်ကြတာပဲ အခုထိ လက်နက်ကြီးသံတွေရော လက်နက်ငယ်သံတွေရော ကြားနေရတုန်းပဲ” ဟု ဦးလင်းဘွယ်က ပြောသည်။

သောကြာနေ့ နံနက်ပိုင်းက ပလက်ဝမြို့အရှေ့မြောက်ဘက် ယုဝရွာ နှင့် ကေသရွာအနီး စတင်ဖြစ်ပွားသည့် တိုက်ပွဲတွင် တပ်မတော်က ရဟတ်ယာဉ်နှစ်စီးဖြင့် ပစ်ခတ်ခဲ့ပြီး နေ့လယ် ၂ နာရီခွဲခန့်အထိ တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည်ဟု ဦးအောင်လော့ဟာက ပြောသည်။

ပလက်ဝ အရှေ့ဘက် ကျေးရွာများအနီးတွင် ပြီးခဲ့သည့် ၅ ရက်ခန့်မှစ၍ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေပြီး တပ်မတော်က လက်နက်ကြီးများအပြင် တိုက်လေယာဉ်များပါ သုံးစွဲတိုက်ခိုက်နေကြောင်း ၎င်းက ဆိုသည်။

လေလ ကျေးရွာအုပ်စုအတွင်းမှ အချို့ရွာသားများမှာမူ ပလက်ဝမြို့နယ်တွင်ပါဝင်သည့် ဆမီးမြို့သို့ ထွက်ပြေးကြပြီး စုစုပေါင်း စစ်ရှောင် ၁၅၀ ကျော်ခန့်ရှိမည်ဟု ပလက်ဝမြို့နယ် အုပ်ချုပ်ရေးအဖွဲ့၏ စာရင်းများတွင် ဖော်ပြထားသည်။

“စစ်ရှောင်တွေအတွက် ဆန်ရိက္ခာတွေရှိပေမယ့် တိုက်ပွဲတွေဖြစ်နေတော့ တချို့စစ်ရှောင်တွေလည်း မြို့ပေါ်ကိုလာပြီး ရိက္ခာလာမယူရဲကြဘူး” ဟု ဦးအောင်လော့ဟာက ဆိုသည်။

ထို့အပြင် ပလက်ဝမြို့ တောင်ဘက်ရှိ နန်းချောင်းဌေးရွာမှ ရွာသား ၁၅၀ ကျော်ကိုလည်း တပ်မတော်က ရွာမှ ထွက်ခွာခိုင်းသည့်အတွက် ယမန်နေ့က ပလက်ဝမြို့ကိုထွက်ခွာလာရာ တိုက်ပွဲများဖြစ်ပွားနေသည့်အတွက် လုံခြုံရေးအခြေအနေအရ လမ်းတွင်ရှိသည့် စိမ့်စမ်းကျေးရွာတွင် သောင်တင်နေသည်ဟု ဦးအောင်လော့ဟာက ဆိုသည်။

ပလက်ဝမြို့ အရှေ့ဘက်ရှိ အင်ခိုရွာမှ ရွာသား ၁၅၀ ခန့်မှာ အနီးအနားရွာတစ်ရွာဖြစ်သည့် ပိန်းလက်ဝရွာတွင် တိမ်းရှောင်နေရပြီး ပလက်ဝမြို့ပေါ်သို့ ရိက္ခာသွားရောက်မယူနိုင်သည့်အတွက် ရိက္ခာပြတ်လပ်နေသည်ဟု ပလက်ဝမြို့နယ်အသင်း အတွင်းရေးမှူး ကိုပီတာလွယ်လူးက ပြောသည်။

“အင်ခိုရွာက မိသားစုတချို့ကတော့ ပလက်ဝမြို့ပေါ်ရောက်သွားလို့ အဆင်ပြေသွားတယ်။ သူတို့ကတော့ ပိန်းလက်ဝမှာ ပိတ်မိနေတာပေါ့” ဟု ကိုပီတာလွယ်လူးက ပြောသည်။

ပိန်းလက်ဝရွာရှိ စစ်ရှောင် ၁၅၀ ကို ဆန်ရိက္ခာ ပို့ပေးရန် ချင်းပြည်နယ်စည်ပင်ဝန်ကြီး ဦးစိုးထက်ကို အကူအညီတောင်းထားပြီး ဝန်ကြီးက ကူညီရန်စီစဉ်နေသည်ဟု ၎င်းက ဆိုသည်။

ပလက်ဝမြို့ပေါ်တွင် စစ်ရှောင်အရေအတွက် ၅၀၀၀ ကျော်အတွက် အစိုးရနှင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) တို့က ဆန်အိတ် ၃၀၀၀ ခန့်ထောက်ပံ့ထားပြီး အစိုးရက လှူဒါန်းထားသည့် ဆန်အိတ် ၂၀၀၀ ကို မြို့ခံများအတွက် ကူညီသွားမည်ဖြစ်ကာ WFP ကလှူဒါန်းထားသည့် ဆန်အိတ် ၁၀၀၀ ကို စစ်ရှောင်များအတွက် ကူညီရန် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က စီစဉ်ထားသည်။

သို့သော် အဆိုပါဆန်အိတ် ၁၀၀၀ မှာ စစ်ရှောင်များအတွက် နှစ်ပတ်စာခန့်သာရှိပြီး ကြာသပတေးနေ့က ပလက်ဝ တောင်ပိုင်းရှိ ကျေးရွာအချို့မှ စစ်ရှောင် ၁၅၀ ခန့် မြို့ပေါ်ကိုရောက်ရှိလာသလို ထပ်မံရောက်ရှိဦးမည်ဟု ဦးအောင်လော့ဟာက ဆိုသည်။

ပလက်ဝမြို့နယ်အတွင်း မတ် ၁၄ ရက်မှစ၍ သေဆုံးသူအရပ်သား ၃၀ ကျော်ရှိနေပြီး ဧပြီ ၂၂ ရက် ပလက်ဝမြို့အတွင်းသို့ လက်နက်ကြီးကျရောက် ပေါက်ကွဲခဲ့သည့်အတွက် ကလေးငယ်နှစ်ဦးအပါအဝင် ၄ ဦးသေဆုံးခဲ့သည်။

ဧပြီ ၇ တွင် တပ်မတော်က ရဟတ်ယာဉ်ဖြင့် ပစ်ခတ်သည့်အတွက် ပလက်ဝမြို့တောင်ဘက်ရှိ နန်းချောင်းဝရွာမှာ နေအိမ် ၉ လုံးမီးလောင်ပြီးနောက် တစ်ရွာလုံး ပလက်ဝမြို့သို့ ထွက်ပြေးခဲ့ကြသည်။

ရခိုင်တိုက်ပွဲများ မပြင်းထန်မီအချိန်ကတည်းက ပလက်ဝမြို့နယ်အတွင်း တပ်မတော်နှင့် AA တို့ကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ပလက်မြို့နယ်အတွင်း လူဦးရေ တစ်သိန်းတစ်သောင်းကျော်ရှိသည့်အနက် စစ်ဒဏ်သင့်နေသူမှာ ၆၀,၀၀၀ ခန့်ရှိနေသည်ဟု ချင်းပြည်နယ်အစိုးရအဖွဲ့က ပြောသည်။ ထိုစာရင်းမှာ ရှိနေသည်ထက် ပို၍လည်း များနိုင်သည်။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ၏ မေ ၅ ရက် ထုတ်ပြန်ချက်အရ ရခိုင်လက်နက်ကိုင်အဖွဲ့ AA နှင့် မြန်မာ့တပ်မတော်တို့ကြား တိုက်ပွဲများကြောင့် ပလက်ဝမြို့နယ်အတွင်း စစ်ပွဲဖြစ်ရာဒေသများတွင် ဒုက္ခသည်စခန်းပေါင်း ၂၀ ခန့် ဖွင့်လှစ်ထားရပြီး လူပေါင်း ၇၅၀၀ ကျော်ခိုလှုံနေကြရသည်ဟု ဆိုသည်။ ထိုအရေအတွက်မှာ ယခုနှစ် ဖေဖော်ဝါရီ လကထက် ရာခိုင်နှုန်းထက်ဝက်ခန့် ပိုများလာခြင်းဖြစ်သည်။

ထို့ပြင် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) သည် ချင်းပြည်နယ် ပလက်ဝမြို့ရှိ လူပေါင်း ၃၇၀၀ ထံ အရေးပေါ် စားသောက်ကုန်များကို မေ ၂ တွင် ပေးပို့ခဲ့သည်ဟု ဆိုသည်။ ဆမီးမြို့သို့ အသစ်ရောက်ရှိလာသော စစ်ဘေးဒုက္ခသည် ၂၆၀၀ ကျော်အတွက် ချင်းပြည်နယ် လူဝင်မှုကြီးကြပ်ရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ အကူအညီဖြင့် အစားအစာနှင့် မီးဖိုချောင်သုံးပစ္စည်းများ ထောက်ပံ့ပေးခဲ့သည်ဟု ထုတ်ပြန်ထားသည်။

Show More

Related Articles

Back to top button