
အသက်ကြီးပိုင်း ရွာသား ၁၁ ဦးအား တပ်မတော် စစ်ကြောင်းတစ်ခုက ယမန်နေ့ (မေ ၇) က ခေါ်ဆောင်သွားပြီး အဆက်အသွယ်မရသေးသည်မှာ တစ်ရက်နီးပါးရှိပြီဖြစ်ကြောင်း ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ကျေးရွာတစ်ရွာမှ ရွာသားများကပြောသည်။
ဒိုးတန်းသစ်ကျေးရွာမှာ ပုဏ္ဏားကျွန်းမြို့မှ ၈ မိုင်ခန့်အကွာအဝေးရှိပြီး Myanmar Now က ဖုန်းဖြင့် ဆက်သွယ်မေးမြန်းနေသည့်အချိန်တွင်ပင် ရွာသားများမှာ ရွာတွင်မနေရဲကြတော့ဘဲ ပုန်းရှောင် နေကြရသည်။
တပ်မတော်စစ်ကြောင်းတစ်ခုက ရွာသားအချို့ကို ခေါ်ဆောင်သွားခြင်းမှာ ဟုတ်မှန်ကြောင်း ပုဏ္ဏားကျွန်းမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က အတည်ပြုပြောသည်။
ယင်းသို့ခေါ်ဆောင်ခံရသူများမှာ ယခုထိပြန်ရောက်မလာသေးသည့်အတွက် မိသားစုဝင်များက စိုးရိမ်နေကြကြောင်း ကျေးရွာ ရပ်မိရပ်ဖတစ်ဦးက ဆိုသည်။ လုံခြုံရေးအရ Myanmar Now ကို ဆက်သွယ်ပြောကြားသူများ၏ အမည်များကို ဖော်ပြ၍မဖြစ်နိုင်ပါ။
ရရှိထားသည့် စာရင်းအရ ခေါ်ဆောင်ခံရသူများမှာ ဒိုးတန်းကျေးရွာသစ်မှ ဦးဦးသာပန်း၊ ဦးမောင်ဘစိန်၊ ဦးမောင်အေးသိန်း၊ ဦးမောင်မြသိန်း၊ ဦးဆောက်လုံးချေ၊ ဦးရွှေသိန်းစိန်၊ ဦးစောထွန်းအောင်၊ ဦးစောအောင်သိန်း၊ ဦးထွန်းအောင်ကျော်နှင့် နာမည်အတည်မပြုနိုင်သေးသည့် အခြား ၂ ဦးတို့ ဖြစ်သည်။
မေ ၇ က နံနက် ၃ နာရီခွဲခန့်အချိန်တွင် ဒိုးတန်းကျေးရွာဟောင်းအနီးတွင် လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်သံများထွက်ပေါ်ခဲ့ပြီး လက်နက်ငယ်ကျည်ဆန်များလည်း နေအိမ်များကို လာရောက်ထိမှန်ခဲ့ကြောင်းလည်း အမည်မဖော်လိုသူ ရပ်မိရပ်ဖတစ်ဦးက ပြောသည်။
ယင်းနေ့ နေ့လယ် ၁၂ နာရီခန့်တွင် အဆိုပါစစ်ကြောင်းမှာ ဒိုးတန်းကျေးရွာသစ်အတွင်း ဝင်လာပြီး ရွာအတွင်း ချက်ပြုတ်စားသောက်ကာ ညနေပိုင်း ၃ နာရီခန့်တွင် ကျေးရွာအတွင်းက ပြန်လည်ထွက်ခွာသွားသည်။
ရွာမှထွက်ခွာသွားချိန် ကျေးရွာသားများကိုပါ တစ်ပါတည်းခေါ်ဆောင်သွားခြင်းဖြစ်ပြီး မည်သည့်အတွက်ကြောင့် ခေါ်ဆောင်သွားသည်ကို မသိရပေ။
တပ်မတော်စစ်ကြောင်း ကျေးရွာအတွင်းသို့ ဝင်ရောက်လာချိန်တွင် ဖမ်းဆီးခံရမည်ကို ကြောက်လန့်ပြီး နီးစပ်ရာကျေးရွာများသို့ ထွက်ပြေးပုန်းရှောင်နေခဲ့ရကြောင်း ဒိုးတန်းကျေးရွာသစ်မှ ပုန်းရှောင်နေခဲ့ရသူ ရွာသားတစ်ဦးက ပြောသည်။
ပုဏ္ဏားကျွန်းမြို့နယ်သည် ဧပြီအတွင်း အရပ်သားများ သေကြပျက်စီးမှု အများဆုံးဒဏ်ခံခဲ့ရပြီး ကျောက်ဆိပ်ကျေးရွာအတွင်း ဧပြီ ၁၃ သင်္ကြန်အကျနေ့ မနက် ၇ နာရီ ခန့်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ရွာသား ၇ ဦးသေဆုံးပြီး ၈ ဦး ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ဖူးသည်။
၂၀၁၉ နိုဝင်ဘာမှစ၍ ရခိုင်မြောက်ပိုင်းတွင် ရက္ခိုင့်တပ်တော် (AA) နှင့် မြန်မာ့တပ်မတော်တို့ကြား တိုက်ပွဲများ ပြင်းထန်လာပြီး အရပ်ဘက်အဖွဲ့အစည်းများ၏ အချက်အလက်များအရ ရခိုင်စစ်ရှောင်အရေအတွက်မှာ ၁၂၀၀၀၀ ကျော်အထိရှိနေပြီး တိုက်ပွဲများအတွင်း သေဆုံးသည့် အရပ်သားအရေအတွက်မှာ ၁၃၀ ကျော်အထိရှိနေပြီဖြစ်သည်။
လက်ရှိအချိန်တွင် ကိုဗစ်နိုင်တင်း (COVID-19) ကာကွယ်ရေး လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် အစိုးရက စီစဉ်နေပြီး ရခိုင်လက်နက်ကိုင်အဖွဲ့ AA ကိုလည်း ပူးပေါင်းဆောင်ရွက်ရန် အစိုးရက ဖိတ်ခေါ်ထားသည်။