သတင်း

မင်းပြားမြို့တွင် တိုက်ပွဲမဖြစ်ဘဲ အမျိုးသမီးတစ်ဦး ကျည်ဆန်ထိမှန်

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်ရှိ ရာမောင်တံတားအနီး အမျိုးသမီးတစ်ဦး ယနေ့ (မေ ၇) တွင် ကျည်ဆန်ထိမှန် ဒဏ်ရာရရှိသွားပြီး လက်ရှိတွင် မင်းပြားဆေးရုံတွင် ဆေးကုသမှုခံယူနေရသည်။

ကျည်ဆန်ထိမှန်သွားသူ အမျိုးသမီးမှာ ရာမောင်တံတားအနီးရှိ အမ်းသားရွာမှဖြစ်ပြီး လက်ဖက်ရည်ဆိုင်တွင်း ရှိနေစဉ် ကျည်ဆန်ထိမှန်သွားခဲ့ခြင်းဖြစ်သည်။​

ကျည်ဆန်ထိမှန်သူ အသက် ၃၆ နှစ်အရွယ် ဒေါ်အေးချမ်းခိုင်ကို Myanmar Now က ဆက်သွယ်မေးမြန်းရာ “ဒဏ်ရာကို ဓာတ်မှန်ရိုက်ကြည့်တော့ ဆရာဝန်က အထဲမှာ ကျည်ဆန်ရှိနေတယ်လို့ ပြောပါတယ်၊ မခွဲရသေးဘူး၊ ညမိုးချုပ်မှခွဲမယ်လို့ ပြောပါတယ်” ဟု ဆိုသည်။

အမ်းသားရွာမှ ရွာသားတစ်ဦးဖြစ်သူ ဦးလေးဖြူက ယနေ့ ကျေးရွာအနီး တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဟု ဆိုသည်။

သို့သော် ယနေ့ နေ့လယ် ၂ နာရီခန့်က အမ်းသားကျေးရွာ၏ အရှေ့ဘက် ၃ မိုင်ခန့်အကွာ ငါးစင်ရိုင်းချောင်းရွာဘက်တွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲ ပြင်းထန်နေပြီး ရာမောင်တံတားအရှေ့ဘက်ကမ်း တောင်ကုန်းပေါ်တွင်ရှိသည့် တပ်စခန်းကလည်း လက်နက်ငယ်များဖြင့် ပစ်ခတ်မှုများရှိခဲ့ကာ မည်သည့်ဘက်သို့ပစ်သည်ကို အတိအကျ မပြောနိုင်ကြောင်း ဦးလေးဖြူ က ဆိုသည်။

ကျည်ဆန်ထိမှန်ချိန်က ဒေါ်အေးချမ်းခိုင်သည် သူ၏ကလေးကို ရင်ခွင်ပိုက်ပြီးခြေထောက်အား အောက်ဘက်သို့တွဲချကာ ဆိုင်အတွင်းထိုင်နေစဉ် ကျည်ဆန်ထိမှန်သွားခြင်းဖြစ်သည်။ လက်ရှိတွင် မင်းပြားပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိနေသည်။

ပြီးခဲ့သည့် ဧပြီ ၂၀ ညနေပိုင်းက ရခိုင်ပြည်နယ်အတွင်းက ကိုဗစ်နိုင်တင်း (COVID-19) သံသယ လူနာများ၏ ဆေးစစ်ချက်နမူနာများကို စစ်တွေမြို့မှ ရန်ကုန်မြို့သို့ပို့ဆောင်ရန် သွားရောက်သည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ကား မင်းပြားမြို့နယ်အတွင်း ပစ်ခတ်ခံခဲ့ရကာ ယာဉ်မောင်း သေဆုံးသွားခဲ့သည်။

Show More

Related Articles

Back to top button