စစ်ကိုင်းတိုင်းအတွင်း တစ်ပတ်နီးပါးကြာ တိုက်ပွဲဖြစ်နေသည့် ကနီမြို့နယ်ကို ယမန်နေ့ (မေ ၁၇) မွန်းလွဲ ၂ နာရီဝန်းကျင်တွင် စစ်လေယာဉ် ၂ စီး သွားရောက်တိုက်ခိုက်ခဲ့သည်။
မြို့တောင်ဘက် ၁၃ မိုင်ခန့်အကွာ ချောင်းမ (အနောက်ရွာ) လေကြောင်းတိုက်ခိုက်ခံရပြီးနောက် ဘုန်းကြီးကျောင်း၊ အထက်တန်းကျောင်းနှင့် နေအိမ်အချို့ ပျက်စီးသည်၊ ဒေသခံ အသက် ၃၀ အရွယ် အမျိုးသမီးနှင့် အသက် ၅၀ ကျော်အရွယ် အမျိုးသား ဒဏ်ရာအနည်းငယ်စီ ရသွားသည်ဟု စုံစမ်းသိရှိရသည်။
ချောင်းမ (အနောက်ရွာ) ကို တိုက်လေယာဉ်က မည်သည့်လက်နက်သုံး၍ တိုက်ခိုက်ခဲ့သည်၊ တိုက်ခိုက်ခံရသည့် နေရာများအနီးတွင် တော်လှန်ရေးတပ်ဖွဲ့များ တပ်စွဲထားခြင်း ရှိမရှိတို့ကို ရှင်းလင်းစွာ မသိရသေးပေ။
ကိုယ်တွေ့ကြုံခဲ့ရသူများကို ကိုးကားသည့် ကနီဒေသခံ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးက အပျက်အစီးအများအပြား ဖြစ်သွားသည်ဟု ပြောသည်။
“ချောင်းမ အထက မြောက်ဘက်အစွန် ဘောလုံးကွင်းနားက အဆောင်ကြီး ပြိုကျသွားတယ်။ အဲဒီနားက အိမ်တွေလည်း အများကြီးပျက်စီးတယ်။ ကျင်းကြီးကတော့ လူတစ်ရပ်လောက် ရှိတယ် ပြောတယ်။ လူနေအိမ် လေးငါးလုံးလောက် ထိတယ်။ တစ်လုံးကတော့ မီးတောက်သွားတာပေါ့” ဟု သူက ပြောသည်။
Myanmar Now က ကြည့်ရှုခွင့်ရသည့် ဓာတ်ပုံများထဲတွင် ချောင်းမ (အနောက်ရွာ) အထက်တန်းကျောင်းမှ စာသင်ဆောင် အမိုးများ ပွင့်လန်နေပြီး အုတ်ခံအဆောက်အအုံမှာ ဆိုးဆိုးရွားရွား ပျက်စီးသွားသည်ကို တွေ့ရသည်။ ထို့အတူ မီးကျွမ်းသွားသည့် သစ်သားအဆောက်အအုံတစ်လုံးကိုလည်း အဆိုပါ ဓာတ်ပုံများထဲတွင် တွေ့ရသည်။
လေကြောင်းမှ တိုက်ခိုက်ခံရသည့် ကနီမြို့နယ်အတွင်း အင်အား ၁၀၀ ကျော်ပါ စစ်ကောင်စီ စစ်ကြောင်းတစ်ကြောင်း မေ ၁၁ ရက်ကတည်းက ရောက်နေရာ ဒေသခံတော်လှန်ရေးအဖွဲ့များနှင့် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသည်။
မုံရွာမြို့၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ထွက်လာသည့် အဆိုပါတပ်ဖွဲ့သည် ယင်းမာပင်မြို့နယ်မှတစ်ဆင့် ကနီမြို့နယ်အတွင်း ဝင်လာရာ တော်လှန်ရေးအဖွဲ့တို့က အပြင်းအထန်ခုခံနေကြခြင်း ဖြစ်သည်။
ကနီမြို့နယ်အတွင်း စစ်ကောင်စီနှင့် တော်လှန်ရေးအဖွဲ့တို့ကြား တိုက်ပွဲများမှာ အင်အားပြင်း မိုခါမုန်တိုင်း တိုက်ခတ်သည့် မေ ၁၄ ရက်တွင်ပင် တစ်နေကုန် ပြင်းပြင်းထန်ထန် ဖြစ်ပွားသည်။ ထိုစဉ် တိုက်ပွဲဖြစ်ရာ နေရာအနီးရှိ ကနီမြို့နယ် မင်းမရွာကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကြဲခဲ့သေးသည်။ မင်းမရွာ လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ထိခိုက်မှုအခြေအနေကို မသိရသေးပေ။
ကနီနယ်အတွင်း ရောက်နှင့်ပြီးဖြစ်သည့် စစ်ကောင်စီတပ်ဖွဲ့ထံ ယင်းမာပင်မြို့နယ် ဘန့်ဘွေးရွာမှ ထွက်လာသည့် အင်အား ၁၀၀ ဝန်းကျင်ပါ စစ်ကြောင်းတစ်ကြောင်း လာရောက်ပူးခဲ့ပြီးနောက် မေ ၁၆ တွင် မင်းမရွာအနီးမှ ဘန့်ဘွေးရာဘက်သို့ စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့ ပြန်လည် ဆုတ်ခွာသွားသည်ဟု ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်သည့် ကျောက်လုံးကြီးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထိုနေ့တွင်ပင် စစ်ကောင်စီတပ်ဖွဲ့က ယင်းမာပင်မြို့နယ် ဘန့်ဘွေးရွာမှတစ်ဆင့် နယ်ချင်းကပ်လျက် မြောက်ဘက် ၇ မိုင်ခန့်အကွာ ကနီမြို့နယ် လယ်ရှည်ရွာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး ရုတ်တရက် ပြန်လည်စီးနင်းကာ ဒေသခံ ၃၀ ခန့်ကို ဖမ်းဆီးသွားသည်ဟု ၎င်းက ပြောသည်။
“မင်းမကနေ နောက်ပြန်ခေါက်သွားပြီး ဘန့်ဘွေးရောက်သွားပြီဆိုတာနဲ့ ပြည်သူတွေက ကိုယ့်ရွာကို၊ ကိုယ့်အိမ်ကို ပြန်ကြတဲ့အချိန်မှာ သူတို့က မထင်မှတ်ဘဲ နောက်ကြောင်းပြန်ခေါက်ပြီး တစ်ခါတည်း စစ်ကြောင်းထိုးတဲ့အချိန်မှာ ဖမ်းခံလိုက်ရတာ” ဟု သူက ဆိုသည်။
အရပ်သားများကို ဖမ်းဆီးရသည့် အကြောင်းရင်းမှာ များသောအားဖြင့် ချုံခိုတိုက်ခိုက်ခံရမှုမှ အကာအကွယ်ရရန် ဓားစာခံအဖြစ် အသုံးပြုရေးအတွက် ဖြစ်သည်။
စစ်ကောင်စီတပ်ဖွဲ့ ဖမ်းခေါ်သွားသည့် ဒေသခံများ၏ အခြေအနေ၊ အထက်ပါဖြစ်စဉ်များအပေါ် သီးခြားအတည်မပြုနိုင်သေးပေ။
ထိုမြို့နယ်အတွင်း လေတပ်က လူနေရပ်ကွက်ကို ပစ်ခတ်ခြင်း၊ အရပ်သားများကို ဖမ်းဆီးရသည့် အကြောင်းရင်းတို့နှင့် ပတ်သက်ပြီး စစ်ကောင်စီကလည်း နှုတ်ဆိတ်နေသည်။
အာဏာသိမ်းပြီး နှစ်နှစ်ကျော်အတွင်း ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံတော်လှန်နေကြသည်။ ထိုအခြေအနေတွင် စစ်မျက်နှာ များစွာဖွင့်ထားရ၊ တော်လှန်ရေးအဖွဲ့တို့၏ ပြောက်ကျားစစ်နှင့် ရင်ဆိုင်နေရသည့် စစ်ကောင်စီက တော်လှန်ရေးသမားတို့ ခုခံရန် မစွမ်းသာသည့် လေကြောင်းကိုသာ အားပြုတိုက်ခိုက်နေသည်။
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများအတွင်း ကလေးငယ်များအပါအဝင် အရပ်သား ထိခိုက် သေဆုံးမှု အများအပြားဖြစ်နေသည်။ ရရာလက်နက်ဖြင့် ခုခံနေသည့် စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများထဲတွင် ကလေး ၃၀ ကျော်အပါအဝင် အရပ်သား စုစုပေါင်း ၁၅၅ ဦး အစုအပြုံလိုက်သေဆုံးခဲ့သည့် ကန့်ဘလူမြို့နယ် ပဇီကြီးရွာဖြစ်စဉ်မှာ အဆိုးရွားဆုံးအဖြစ် မှတ်တမ်းဝင်သည်။