သတင်း

မုန်တိုင်းသင့်ဒေသများကူညီရေး ကုလအဖွဲ့များကို စစ်ကောင်စီက သွားလာခွင့်မပေး

အလွန့်အလွန် ပြင်းထန်သော ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် ထိခိုက်သေဆုံးမှုနှင့် ပျက်စီးဆုံးရှုံးမှုများ ရှိနေသော်လည်း စစ်ကောင်စီ၏ ဟန့်တားပိတ်ပင်မှုကြောင့် ကမ္ဘာ့ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများအနေဖြင့် အပြည့်အဝ ဝင်ရောက်ခွင့်မရဖြစ်နေရာ မုန်တိုင်းသင့်ဒေသများကူညီရေး လုပ်ငန်းများ နှောင့်နှေးနေသည်။

ရန်ကုန် – စစ်တွေလမ်း ပြန်ပွင့်ပြီဖြစ်သော်လည်း ခွင့်ပြုချက်ရမှသာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ မုန်တိုင်းသင့်ဒေသများကို သွားရောက်ခွင့်ရရေး စစ်ကောင်စီနှင့် ညှိနှိုင်းနေရဆဲဖြစ်ကာ မြေပြင်ကွင်းဆင်းစစ်ဆေးရေးလုပ်ငန်းများကို ခွင့်ပြုပေးခြင်း မရှိသေးကြောင်း ကုလအဖွဲ့အစည်းများက ထုတ်ပြန်ထားသည်။

“ရှေ့လျှောက် လုပ်စရာတွေ အများကြီးရှိနေတယ်။ မုန်တိုင်းသင့်ပြည်သူတွေဆီ အရောက်သွားနိုင်ဖို့ အာဏာပိုင်တွေဆီကနေ ခရီးသွားလာခွင့် လိုပါတယ်။ ဒါ့အပြင် ကုန်ပစ္စည်းတွေအတွက် အကောက်ခွန် ကင်းရှင်းပေးဖို့လည်း လိုပါတယ်” ဟု ကုလ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ဖြစ်သူ Ramanathan Balakrishnan က ယခုလ ၁၆ ရက်တွင် ပြောသည်။

ဒုက္ခသည်စခန်းများ အပါအဝင် မုန်တိုင်းသင့်ဒေသများ၌ ထိခိုက်သေဆုံးမှုများနှင့်အတူ ပျောက်ဆုံးနေသူများလည်း ရှိနေရာ ကုလအပါအဝင် မိတ်ဖက်အဖွဲ့အစည်းများအနေဖြင့် ဝင်ရောက်ခွင့်ရသည်နှင့်တစ်ပြိုင်နက် ကူညီရေးလုပ်ငန်းများ ချက်ချင်းစတင်သွားမည်ဖြစ်ကြောင်း ကုလ၏ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးမှူးရုံး (OCHA) ကလည်း ထုတ်ပြန်ထားသည်။

လျှပ်စစ်မီးပြတ်တောက်ခြင်းနှင့်အတူ ဗျူရိုကရေစီယန္တရားအရ လုပ်ထုံးလုပ်နည်းများက အနှောင့်အယှက်ဖြစ်နေပြီး စိန်ခေါ်မှုအဖြစ် ဆက်ရှိနေသည်ဟုလည်း ဆိုသည်။

မေလ ၁၄ ရက်နေ့ မွန်းလွဲပိုင်းက လေတိုက်နှုန်း တစ်နာရီလျှင် မိုင် ၁၄၀ ကျော်ဖြင့် စစ်တွေမြို့အနီးမှ ကုန်းတွင်းပိုင်းသို့ ဖြတ်ကျော်ဝင်ရောက်ခဲ့သော မိုခါမုန်တိုင်းကြောင့် ယနေ့အချိန်ထိ ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်နေဆဲဖြစ်ရာ ထိခိုက်သေဆုံးမှု၊ ပျက်စီးဆုံးရှုံးမှုများနှင့် ပတ်သက်၍ အတိအကျ မသိရသေးပေ။

သို့သော် ထိခိုက်သေဆုံးမှုအရေအတွက် တိုးလာနေပြီး ယမန်နေ့ (မေ ၁၇) မွန်းလွဲပိုင်းအထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သေဆုံးသူ ၄၈ ဦးရှိသည်ဟု စစ်ကောင်စီက ထုတ်ပြန်သည်။ မူလက တစ်နိုင်ငံလုံး သုံးဦးသာ သေဆုံးသည်ဟု စစ်ကောင်စီက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

မုန်တိုင်းဗဟိုချက်အတွင်း ကျရောက်ခဲ့သော စစ်တွေမြို့အနီး ပင်လယ်ကမ်းစပ်တစ်လျှောက်ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းများတွင် ရာနှင့်ချီ သေဆုံးကာ ပျောက်ဆုံးနေသူများလည်း ရှိနေသည်ဟု ဒေသခံများက ထုတ်ဖော်ပြောဆိုသော်လည်း စစ်ကောင်စီက ရိုဟင်ဂျာအများအပြားသေဆုံးသည့်အကြောင်း ထည့်သွင်းပြောဆိုခြင်း လုံးဝမရှိပေ။

မိုခါမုန်တိုင်းကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူနေအိမ် ၄၄,၉၂၈ လုံး၊ သာသနိကအဆောက်အအုံနှင့် ဘုန်းကြီးကျောင်း ၄၃၅ ကျောင်း၊ စာသင်ကျောင်း ၄၃၉ ကျောင်း၊ ဆေးရုံဆေးခန်း ၅၉ ခု၊ ဆက်သွယ်ရေးတာ ဝါတိုင် ၁၁ တိုင်၊ လေဆိပ် ၂ ခု၊ ဈေး ၁ ခုနှင့် ဌာနဆိုင်ရာအဆောက်အအုံ ၁၅၈ လုံး ပျက်စီးသည်ဟု စစ်ကောင်စီ၏ ယမန်နေ့ညပိုင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယနေ့ထုတ် နိုင်ငံပိုင်သတင်းစာများ၌မူ ရိုဟင်ဂျာဒုက္ခသည်စခန်းများသို့ စစ်ကောင်စီဝန်ကြီးအချို့ သွားရောက်ကြည့်ရှုကာ ဆန်နှင့် စားနပ်ရိက္ခာအချို့ ပေးအပ်ကြောင်း ဖော်ပြသည်။

၂၀၂၂ ပြည့်နှစ်က စာရင်းများအရ စစ်တွေမြို့အနီးတွင် ရိုဟင်ဂျာဒုက္ခသည်စခန်းပေါင်း ၁၃ ခုရှိပြီး ခိုလှုံနေသူအရေအတွက် တစ်သိန်းကျော်ရှိသည်။

လုံခြုံရေးအပြည့်ပါသော ယာဉ်တန်းဖြင့် စစ်ကောင်စီဝန်ကြီးများ လှည့်လည်ကြည့်ရှုနေသော်လည်း ထိရောက်သော အကူအညီပေးသည်ကို မတွေ့ရကြောင်း စစ်တွေမြို့ခံတစ်ဦးက ယနေ့ (မေ ၁၈) ပြောသည်။

“လူကြီးဆိုသူတွေ လာတဲ့အချိန် ကားအချက်ပေးသံသာ ကြားရတာ။ ပြည်သူတွေကို အခုထိ ဘာမှ မလုပ်ပေးသေးဘူး။ နာဇီကုန်းတန်းလမ်းက ဓာတ်တိုင်တွေ မဖယ်သေးလို့ လမ်းပိတ်နေတယ်။ ဒီအချိန်မှာ ဘယ်သူ့ကိုမှ မမျှော်လင့်တော့ဘူး”

ရိုဟင်ဂျာဒုက္ခသည်စခန်းများ၏ အခြေအနေကို ရှင်းရှင်းလင်းလင်း သိရှိနိုင်ရန် ဝင်ရောက်စိစစ်နိုင်ရေး စစ်ကောင်စီထံမှ ခွင့်ပြုချက်ရရန် ကြိုးပမ်းနေဆဲဖြစ်သည်ဟု UNHCR ပြန်ကြားရေးအရာရှိ Reuben Lim က မေ ၁၆ ကတည်းက ပြောဆိုထားသည်။

“ရခိုင်ပြည်နယ်နဲ့ အခြားမုန်တိုင်းဒဏ်ခံရတဲ့နေရာတွေမှာ သေဆုံးမှုတွေရှိနေတဲ့အကြောင်း သိရတဲ့အတွက် UNHCR အနေနဲ့ စိတ်မကောင်းဖြစ်ရပါတယ်။ ကနဦးရတဲ့ အချက်အလက်တွေအရ ဒုက္ခသည်စခန်းတွေမှာ ရေနစ်သေဆုံးကြတာပါ။ ပျောက်ဆုံးနေတာတွေလည်း ရှိပါတယ်”

နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် ရိုဟင်ဂျာဒုက္ခသည်စခန်းများကို ဝင်ရောက်ကူညီခွင့်ရရန် လျှောက်ထားသော်လည်း စစ်တပ်က ခွင့်ပြုမိန့်မချပေး၍ အခက်ကြုံနေရသည်ဟု စစ်တွေမြို့အနီး သက္ကယ်ပြင်ရွာမှ ရိုဟင်ဂျာဒုက္ခသည်များကို အကူအညီပေးနေသူတစ်ဦးက မုန်တိုင်းဝင်ရောက်သည့် ယခုလ ၁၄ ရက်နေ့တွင် ပြောဆိုသည်။

“တခြားလူတွေ၊ NGO အဖွဲ့အစည်းတွေ၊ လူသားချင်းစာနာထောက်ထားတဲ့ အဖွဲ့အစည်းတွေကတော့ သူတို့ကတော့ လှုပ်ရှားလို့ မရဘူး။ သူတို့မှာ TA ဆိုတဲ့ ခွင့်ပြုချက် မရှိတဲ့အတွက်ကြောင့် သူတို့ကိုယ်တိုင် ကွင်းဆင်းပြီးတော့ ဘာတစ်ခုမှ လုပ်လို့မရဘူး”

မုန်တိုင်းဝင်ရောက်ပြီး သုံးရက်အကြာ ယမန်နေ့ (မေ ၁၇) အထိ မည်သည့်အကူအညီမျှ ရောက်မလာသေးဟုလည်း ရိုဟင်ဂျာဒုက္ခသည်တို့ထံမှ သိရသည်။

ထို့ပြင် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ၏ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူးနှင့် ဌာနေကိုယ်စားလှယ်ဖြစ်သူ Stephen Anderson ကို နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေက ယမန်နေ့က လက်ခံတွေ့ဆုံစဉ် မုန်တိုင်းသင့်ဒေသများ ပြန်လည်ထူထောင်ရေးတွင် ပူးပေါင်းလုပ်ကိုင်ရန် ဆွေးနွေးသည်ဟု စစ်ကောင်စီက ထုတ်ပြန်သော်လည်း အသေးစိတ်မသိရပေ။

မိုခါမုန်တိုင်း ဝင်ရောက်ပြီးနောက် ယခုလ ၁၆ ရက်နေ့ကလည်း နိုင်ငံခြားရေးဝန်ကြီးထံ UNHCR ၏ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ်သစ်က ခန့်အပ်လွှာပေးအပ်ခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့သည်။

ကုလသမဂ္ဂ၌ မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသူ ဦးကျော်မိုးထွန်းက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ကိုယ်စားပြုကြောင်း ကြေညာခဲ့ပြီးနောက် စစ်ကောင်စီအနေဖြင့် ကုလ၌ ကိုယ်စားပြုသံအမတ် ခန့်အပ်နိုင်ခြင်း မရှိသေးပေ။

ထိုအချက်ကို စစ်ကောင်စီက မကျေမနပ်ဖြစ်နေပြီး ပြီးခဲ့သည့်နှစ် ဩဂုတ်လအတွင်းက ကုလအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာနှင့် တွေ့ဆုံစဉ် အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထည့်သွင်းပြောဆိုခဲ့ဖူးသည်။

ပဋိပက္ခနှင့် မြန်မာပြည်သူများခံစားနေရသည့် ဒုက္ခများ လျော့ပါးသက်သာစေရန်အလို့ငှာ နေပြည်တော်သွားရောက်ခြင်းဖြစ်ကြောင်း၊ ကုလသမဂ္ဂအနေဖြင့် စစ်ကောင်စီကို မည်သို့သော တရားဝင်မှုကိုမျှ ပေးအပ်ခြင်း မဟုတ်ကြောင်း နိုလင်းဟေဇာက ခရီးစဉ်အပြီး ထုတ်ဖော်ပြောဆိုခဲ့ရာ စစ်ကောင်စီက စာမျက်နှာ ၂၈ မျက်နှာပါ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ ကုလအထူးကိုယ်စားလှယ်နှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကုလသမဂ္ဂအနေဖြင့် ၎င်းတို့ကို အသိအမှတ်ပြုမှသာ တွေ့ဆုံဆွေးနွေးရေးနှင့် အခြားသောလုပ်ငန်းစဉ်များ ရှေ့ဆက်နိုင်မည်ဆိုသည့်သဘော ပြောဆိုခဲ့ကြောင်း ထိုကြေညာချက်တွင် ဖော်ပြသည်။

၂၀၀၈ ခုနှစ် မေလဆန်းပိုင်း၌ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကို ပြင်းထန်သော နာဂစ်မုန်တိုင်း ဝင်ရောက်တိုက်ခတ်စဉ် ထိုစဉ်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေဦးဆောင်သော စစ်အစိုးရက အပြည် ပြည်ဆိုင်ရာအဖွဲ့အစည်းများကို မုန်တိုင်းသင့်ဒေသများသို့ သွားရောက်ခွင့် တားမြစ်ခဲ့ဖူးသည်။ မြစ်ဝကျွန်းပေါ်ဒေသသို့ သွားရောက်ရန် ကြိုးပမ်းသူအချို့လည်း အဖမ်းခံခဲ့ရသည်။

နာဂစ်မုန်တိုင်းကြောင့် လူပေါင်း တစ်သိန်းသုံးသောင်း ရှစ်ထောင်ထက်မနည်း သေဆုံးခဲ့ကာ ဆုံးရှုံးမှု တန်ဖိုး အမေရိကန်ဒေါ်လာ ၁၀ ဘီလျံကျော်ရှိသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button