
မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ဆက်စပ်ပတ်သက်နေသည့် Account တု ၁၈ ခုနှင့် သတင်းစာမျက်နှာသဖွယ် ပုံမှားရိုက်ပြုလုပ်ထားသည့် Page ၃ ခုကို ဖယ်ရှားလိုက်သည်ဟု ယမန်နေ့ (မေ ၅) ည တွင် Facebook က ကြေညာလိုက်သည်။
အဆိုပါ Account များနှင့် Page များမှာ သတင်းကဲ့သို့ ရေးသားပြီး Group များတွင် တင်ခြင်းအား Account တုပေါင်းများစွာဖြင့် ပြုလုပ်နေသည်ကို တွေ့ရှိရသည်ဟု Facebook က ထုတ်ပြန်ပြီး ကွန်ရက်တစ်ခုအနေနှင့် မရိုးမသား ချိတ်ဆက်ဆောင်ရွက်နေသည်ကိုလည်း တွေ့ရသည်ဟု ဖော်ပြထားသည်။
“ယခုကိစ္စ၏ နောက်ကွယ်မှ လူများသည် ၎င်းတို့၏ ချိတ်ဆက်ဆောင်ရွက်မှုများနှင့် မည်သူမည်ဝါဖြစ်သည်ကို ဖုံးကွယ်ထားသော်လည်း ကျွန်ုပ်တို့၏ စုံစမ်းထောက်လှမ်းမှုအရ အဆိုပါပုဂ္ဂိုလ်များမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ချိတ်ဆက်မှုရှိနေသည်ကို တွေ့ရသည်” ဟု Facebook က ဆိုသည်။
၎င်းတို့သည် ‘တပ်မတော်နှင့် ရဲတပ်ဖွဲ့တို့၏ အောင်မြင်မှုများ၊ ရဲတပ်ဖွဲ့ဝင်များက မိသားစုဝင်များကို ထောက်ပံ့မှုများနှင့် ဖမ်းဆီးမှု ဝင်ရောက်စီးနင်းမှုများ စသည့် အကြောင်းအရာများကို အဓိက ရေးသားလေ့ရှိသည်’ ကို Facebook က တွေ့ရှိခဲ့သည်။
ထို့ပြင် ‘ရက္ခိုင့်တပ်တော် (AA) နှင့် ရိုဟင်ဂျာဆန့်ကျင်ရေး’ တို့ကို အဓိက ရေးသားကြသည်ဟု Facebook ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ယခု လတ်တလောအနေနှင့် အဆိုပါ Facebook Page များသည် ကိုဗစ်နိုင်တင်း (COVID-19) နှင့်ပတ်သက်သည်များကို ရေးသားနေကြသည်” ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
Facebook ၏ တွေ့ရှိမှုအရ အဆိုပါ Page များသည် အမေရိကန်ဒေါ်လာ ၂၀ ဝန်းကျင် အသုံးပြုပြီး ၎င်းတို့၏ ရေးသားချက်များကို လူအများထံ ရောက်စေရန် ကြော်ငြာခဲ့သေးသည်။ Facebook ၏ စံနှုန်းများအရ သုံးစွဲသူများသည် မိမိကိုယ်ကို မည်သူမည်ဝါဖြစ်သည်ကို အမှန်အတိုင်း တိတိပပ ထင်ရှားသိစေရမည် ဖြစ်သည်။