သတင်း

ရသေ့တောင်မြို့နယ်ရှိ ရွာတစ်ရွာ မီးရှို့ခံရ၊ အိမ် ၈ လုံးမီးလောင်

တိုက်ပွဲကြောင့် တစ်ရွာလုံးစစ်ရှောင်နေရသည့် ရသေ့တောင်မြို့နယ် ငတောက်တူချေရွာကို ယမန်နေ့ (မေ ၄) က တပ်မတော်စစ်ကြောင်းတစ်ခုရွာအတွင်း ဝင်ရောက်ပြီးနောက် ရွာအတွင်းရှိ နေအိမ် ၈ လုံးမီးလောင်သွားသည်ဟု ဒေသခံများက ပြောသည်။

ယမန်နေ့ည ၆ နာရီခန့်က ငတောက်တူချေရွာမှ မီးလုံးများတက်လာသည်ကို မြင်ရပြီး တပ်မတော်စစ်ကြောင်းတစ်ခုကို ရွာအတွင်းမှ ထွက်လာသည်ကို မြင်လိုက်သည်ဟု ငတောက်တူချေရွာသား ဦးညိုဇံအောင်က ပြောသည်။

“ရွာဟောင်းကိုမီးရှို့ပြီးမှ ရွာသစ်ကိုမီးရှို့တယ် ရွာဟောင်းကနေ တပ်ရင်း ၅၃၈ ဘက် ထွက်သွားတာကိုလည်း မြင်ရတယ်” ဟု ဦးညိုဇံအောင်က ပြောသည်။

ထို့အပြင် ငတောက်တူချေရွာနှင့် ချောင်း တစ်ခုသာခြားပြီး တစ်ဖာလုံခန့်သာဝေးသည့် ငတောက်တူကြီး ကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးအောင်သန်းချေကလည်း ယမန်နေ့ ညနေ ၆ နာရီခန့်က တပ်မတော်စစ်ကြောင်း တစ်ခု ငတောက်တူချေရွာအတွင်းသို့ ဝင်ရောက်လာပြီး ခဏအကြာတွင် နေအိမ်များမီးလောင်နေသည်ကို မြင်ရသည်ဟု ပြောသည်။

ငတောက်တူချေရွာသည် ရသေ့တောင်မြို့၏ မြောက်ဘက် တစ်မိုင်ခန့်အကွာတွင်ရှိပြီး ငတောက်တူချေ ရွာဟောင်းနှင့် ရွာသစ်ဟူ၍ နှစ်ရွာရှိကာ နှစ်ရွာပေါင်းအိမ်ခြေ ၁၃၀ ခန့်ရှိသည်။

ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော်အမတ် ဦးခင်မောင်လတ်က ငတောက်တူချေရွာ မီးရှို့ခံရပြီး နေအိမ် ၈ လုံးမီးလောင်သွားသည်ကို အတည်ပြုသည်။ 

ထို့အပြင် အိမ်များ မီးရှို့မခံရခင် ငတောက်တူချေရွာနားတွင် မိသားစုတစ်စု ဟွန်ဒါစက်လှေဖြင့် လာစဉ် သေနတ်နှင့် လှမ်းပစ်သည့်အတွက် ထွက်ပြေးခဲ့ရသည်ဟု သိရကြောင်းလည်း လွှတ်တော်အမတ်က ဆိုသည်။

ပစ်ခတ်ခံခဲ့ရသူများမှာ ဘက္ကာကျေးရွာသို့ လာရောက်ခိုလှုံနေသည့် ငတောက်တူချေကျေးရွာမှ အသက် ၃၀ ကျော်အရွယ် ဒေါ်မထွေးချေနှင့် အသက် တစ်နှစ်ခွဲအရွယ် ၎င်း၏ ကလေးတစ်ဦးအပါအဝင် အသက် ၅၀ ကျော်အရွယ် အမျိုးသမီးတဦး တို့ဖြစ်ကြပြီး ပြားချောင်းကြီးကျေးရွာမှ ဟွန်ဒါစက်လှေဖြင့် လိုက်ပို့သူ မောင်မျိုးချစ်ထွန်း (၁၆) နှစ်နှင့် မောင်နေမျိုးထွန်း (၁၅) နှစ်တို့ ဖြစ်ကြသည်။

ပစ်ခတ်မှုကြောင့် စက်လှေကို ထားပြီးထွက်ပြေးစဉ် စားသောက်ကုန်များ ဖုန်းနှင့် ငွေကြေးအချို့ စက်လှေပေါ်တွင်ကျန်ရစ်ခဲ့သည်ဟု စက်လှေမောင်းနှင့်သူ မောင်နေမျိုးထွန်းက ပြောသည်။

“ကျွန်တော်တို့ကို ပစ်တာ အချက် တစ်ဆယ်ကျော်လောက်ကို ပစ်တယ်။ ပစ်တော့ ကျွန်တော်တို့ ဘာမှမယူဘဲ ပြေးကြတယ်။ ဒီနေ့မနက်ပိုင်း သွားကြည့်တော့ ပစ္စည်းတွေလည်း မရှိတော့ဘူး ဟွန်ဒါစက် (လှေတွင်တပ်ဆင်ထားသည့်စက်) လည်းမရှိတော့ဘူး။ လှေအခွံပဲ ရခဲ့တယ်” ဟု မောင်နေမျိုးထွန်းက ပြောသည်။

ထို့အပြင် ငတောက်တူချေရွာ ဘုန်းတော်ကြီးကျောင်းမှ တီဗီ၊ စကိုင်းနက်စက်နှင့် ဆိုလာပြားတချို့ ပျောက်ဆုံးသွားသည်ဟု ယနေ့ (မေ ၅) နံနက်က ရွာကို သွားရောက်ကြည့်ရှု့ခဲ့သည့် ကျောင်းထိုင် ဆရာတော်က မိန့်သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးနှင့် တပ်မတော်သတင်းမှန်ပြန်ကြားရေးမှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းတို့ကို ဖုန်းဖြင့်ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။

ငတောက်တူချေရွာအနီးတွင် တပ်မတော်တပ်ရင်း ၅၃၈ ရှိပြီး ယမန်နှစ် အောက်တိုဘာက တပ်ရင်း ၅၃၈ နှင့် AA တို့တိုက်ပွဲဖြစ်ပွားစဉ် ရွာအတွင်း လက်နက်ကြီး လက်နက်ငယ်များ ကျရောက်ပေါက်ကွဲခဲ့သောကြောင့် ရွာသားများမှာ ထွက်ပြေးခဲ့ရပြီး အနီးအနားကျေးရွာများတွင် ခိုလှုံနေရဆဲ ဖြစ်သည်။

Show More

Related Articles

Back to top button