မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်အခြေစိုက် ဒေသကာကွယ်ရေးအဖွဲ့ခေါင်းဆောင်တစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က စစ်ဆေးနေသည်ဟု သိရသည်။
ဧပြီ ၁၁ ရက်နေ့က မာန်စွယ်ကျားအဖွဲ့မှ အသက် ၃၀ ကျော်အရွယ် ကိုတူးတူး ဇီးကုန်းကျွန်းတွင် မိုင်းထုတ်လုပ်ရန် ပြင်ဆင်နေစဉ် ဧရာဝတီမြစ်တစ်ဖက်ကမ်း မြောင်မြို့နယ် ရွှေပေါက်ပင်ကျေးရွာမှ ပကဖအဖွဲ့က ဖမ်းသွားခြင်းဖြစ်သည်ဟု သူ၏ အဖွဲ့ဝင်တစ်ဦးက Myanmar Now ကို ပြောသည်။
“လုပ်ငန်းလုပ်ဖို့ မိုင်းလုံးနေတုန်း သူတို့က ဝင်ပြီးတော့ ဖမ်းတာပေါ့။ ခေါ်သွားတာပေါ့” ဟု မာန်စွယ်ကျားအဖွဲ့မှ အသက် ၄၀ ကျော်အရွယ် အဖွဲ့ဝင်တစ်ဦးက ပြောသည်။
နှစ်ရက်အကြာ (ဧပြီ ၁၃) တွင် ခေါင်းနှင့် လက် ဖြတ်တောက်ခံထားရပြီး ရင်ဘတ်နှင့် လက်မောင်းတွင် ဒဏ်ရာများရှိနေသည့် ကိုတူးတူး၏ ရုပ်အလောင်းကို မြောင်မြို့နယ် သာဒွန်းရွာအနီးမှ ဒေသခံများက ဧရာဝတီမြစ်အတွင်း တွေ့ရှိခဲ့သည်။
ခန္ဓာကိုယ်ပေါ်ရှိ ဆေးမင်ကြောင်ရုပ်များ၊ မူလကတည်းက ရှိသည့် အမာရွတ်များကြောင့် မည်သူမည်ဝါ၏ ရုပ်အလောင်းဖြစ်ကြောင်း အတည်ပြုနိုင်ကြသည်ဟု အထက်ပါ ဒေသခံကာကွယ်ရေးအဖွဲ့ဝင် အမျိုးသားက ပြောသည်။
“အဖြတ်ခံရတာက ဘယ်လက်အဖြတ်ခံရတာ။ ညာလက်ကလည်း မပြတ်ရုံတစ်မည်ပဲ၊ ဗွက်ထပေါက်အောင် ခုတ်ထားခံရတာ။ မပြတ်ရုံတစ်မည်ပဲ” ဟု သူက ဆိုသည်။
“(ကိုတူးတူး) လက်တစ်ဖက်မှာကျတော့ အရိုးခေါင်းပုံစံမျိုး ရှိတယ်။ လက်တစ်ဖက်မှာကျတော့ သူ့ချစ်သူရဲ့နာမည် ထိုးထားတာပါတယ်၊ ဆေးမင်ကြောင်ထိုးထားတာ။ ဘယ်ဘက်ခြေထောက်မှာတော့ လုပ်ငန်းလုပ်တုန်းက ခြေထောက်ကို ပေါက်ပြားနဲ့ ခုတ်မိထားတာ၊ ခြေထောက်မှာ ပါတယ်။ ခန္ဓာကိုယ်မှာက ညှင်းခြောက်တွေ ပါတယ်။ အဲ့ဒါတွေက ဘယ်လိုမှ ဖျောက်လို့မရဘူး။ ဆေးမင်ကြောင်ထိုးထားတာတွေက ဖျောက်လို့မရဘူး။ ခိုင်လုံတဲ့သက်သေတွေ ဖြစ်တယ်။ အဲ့ဒီမှာ သူမှန်း သေချာသွားတာ”
စစ်ကိုင်းတိုင်း၊ တောင်ဘက်စွန်းရှိ မြောင်မြို့နယ်နှင့် မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်တို့သည် ဧရာဝတီမြစ်ကမ်း တစ်ဖက်တစ်ချက်တွင် တည်ရှိပြီး လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ အားကောင်းရာ ဒေသဖြစ်ကာ အဖွဲ့များ ချိတ်ဆက်လှုပ်ရှားနေကြသည်။
ထိုသို့ ပူးပေါင်း လုပ်ဆောင်နေသောကြောင့် သက်ဆိုင်ရာဒေသခံကာကွယ်ရေးအဖွဲ့က တိုင်ကြားခြင်းမပြုခဲ့ပေ။
သို့သော်လည်း မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် ပကဖထံ အကြောင်းကြားခဲ့သည်။
ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) တာဝန်ခံကမူ မြောင်မြို့နယ် ပကဖနှင့်အတူ စုံစမ်းစစ်ဆေးနေပြီဖြစ်ကြောင်း ပြောသည်။
စစ်ဆေးရာတွင် ရွှေပေါက်ပင်ရွာ ပကဖ၊ ပလဖ နှင့် ပအဖ အဖွဲ့ဝင်များက ခေါ်ယူ စစ်ဆေးမေးမြန်းသည်ကို ဝန်ခံကြောင်း၊ သို့သော်လည်း နာရီပိုင်းအတွင်း ပြန်လွှတ်ပေးသည်ဟု ထွက်ဆိုခဲ့ကြောင်း ၎င်းက ဆိုသည်။
“နယ်မြေကျူးကျော်လာတော့ မသင်္ကာဖြစ်တော့ သူ့ကို ခေါ်ပြီး စစ်ဆေးတာ။ ဘယ်နယ်ကတုန်း၊ ဘယ်အဖွဲ့အစည်းကတုန်း ခေါ်စစ်ဆေးတော့ သူက မြင်းခြံဘက်ကပေါ့၊ ငါန်းဇွန်အဖွဲ့အစည်းပေါ့။ တော်လှန်ရေးသမားဆိုတော့ လွှတ်လိုက်တာပေါ့” ဟု မြောင်မြို့နယ် ပလဖတာဝန်ခံက ပြောသည်။
သို့ရာတွင် ကိုတူးတူးကို ငါန်းဇွန်ရှိ ဒေသကာကွယ်ရေးစခန်းတွင် လာရောက်ခေါ်ဆောင်သွားခြင်းသာ ဖြစ်ကြောင်း မျက်မြင်များကို ကိုးကား၍ အထက်ပါမာန်စွယ်ကျားအဖွဲ့ဝင်က အခိုင်အမာပြောသည်။
ထိုဖြစ်စဉ်ကို ကိုင်တွယ်ဖြေရှင်းနေသည့် နောက်ဆုံးအခြေအနေနှင့် ပတ်သက်ပြီး သိရှိနိုင်ရန် NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ၊ ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန်တို့ထံ Myanmar Now က ဆက်သွယ် မေးမြန်းထားသော်လည်း မေ ၁၅ ညနေအထိ အကြောင်းပြန်ကြားခြင်းမရှိသေးပေ။
စစ်တပ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် မာန်စွယ်ကျားအဖွဲ့သည် စစ်ကောင်စီ စစ်ကြောင်းများကို မိုင်းဆွဲတိုက်ခိုက်ခြင်း၊ စစ်ကောင်စီယန္တရားဒေါက်တိုင်ပစ်မှတ်များကို ပစ်ခတ်ခြင်းတို့ လုပ်ဆောင်နေသည့် ငါန်းဇွန်မြို့နယ်တွင် လှုပ်ရှားသည့် ဒေသခံကာကွယ်ရေးအဖွဲ့တစ်ခုဖြစ်သည်။
တော်လှန်ရေးကာလ နှစ်နှစ်ကျော် ကြာမြင့်လာချိန်တွင် NUG လက်အောက်ခံ PDF တပ်ရင်းများ၊ ပကဖအဖွဲ့များနှင့် NUG လက်အောက်ခံ မဟုတ်ဘဲ သီးခြားရပ်တည်ကာ လက်နက်ကိုင်တော်လှန်နေသည့် ဒေသကာကွယ်ရေးအဖွဲ့များကြား ပွတ်တိုက်မှုတချို့ ရှိနေသည်။
NUG အနေဖြင့် ထိုကိစ္စများကို ဖိဖိစီးစီး ကိုင်တွယ်ဖြေရှင်းရန် လိုကြောင်း စစ်ကိုင်းတိုင်းတော်လှန်ရေးအင်အားစုများက ထောက်ပြကြသည်။
ပြတ်ပြတ်သားသားကိုင်တွယ်မှု မရှိပါက လက်နက်နှင့် ဖြေရှင်းမှုပင် ပေါ်ပေါက်လာနိုင်သည်ဟု စစ်ကိုင်းတိုင်းအလယ်ပိုင်းတွင် လှုပ်ရှားနေသည့် တော်လှန်ရေးအဖွဲ့တစ်ခုမှ အသက် ၃၀ ကျော်အရွယ် အဖွဲ့ဝင်တစ်ဦးက မှတ်ချက်ပြုသည်။
“တော်လှန်ရေးကာလမှာ NUG က အာဏာရှင်မဆန်ဘဲ မှန်မှန်ကန်ကန်ဆောင်ရွက်မယ်ဆိုရင်တော့ တော်လှန်ရေးလမ်းကြောင်းက တည့်မတ်နေဦးမယ်။ ပြတ်ပြတ်သားသားကိုင်တွယ်မှုတွေ ရှိမလာရင်တော့ မြေပြင်မှာက ပန်းကိုင်ထားတာ မဟုတ်ဘူး၊ ဂန်း (သေနတ်) ကိုင်ထားတာဖြစ်တဲ့အတွက် အချင်းချင်းတွေကြားမှာ လက်နက်နဲ့ ကိုင်တွယ်ဖြေရှင်းတဲ့ ပြဿနာတွေက ပိုပြီးတော့ ဆိုးရွားလာနိုင်တဲ့အခြေအနေမှာ ရှိတယ်” ဟု သူက ပြောသည်။
ပြီးခဲ့သည့် ဧပြီလအတွင်းကလည်း တော်လှန်ရေးအားကောင်းရာ မကွေးတိုင်း၊ ယောဒေသ၊ ဂန့်ဂေါမြို့နယ်တွင် ကျေးရွာပကဖအဖွဲ့ဝင်များက ဒေသခံကာကွယ်ရေးအဖွဲ့တစ်ခု၏ စခန်းကို သေနတ်ပစ်ဖောက်စီးနင်းပြီး အဖွဲ့ခေါင်းဆောင်၏ ဇနီးဖြစ်သူအပါအဝင် တပ်ဖွဲ့ဝင်များ၊ ထောက်ပို့ ပြည်သူများကို ဖမ်းဆီးသည့်ဖြစ်စဉ် ရှိခဲ့သည်။
အလားတူ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင်လည်း ယမန်နှစ် နိုဝင်ဘာအတွင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် အမျိုးသားနှစ်ဦးကို ကျေးရွာပကဖများက စစ်ဆေးစရာရှိသည်ဟု ဆိုကာ ခေါ်ဆောင်သွားပြီးနောက် သတ်ဖြတ်ခဲ့သည်ဟု သိရသည်။
ဒလန်ဟု စွပ်စွဲသတ်ဖြတ်ခံရသဖြင့် မိသားစုဝင်များက မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ထံ ထိုစဉ်က တိုင်ကြားခဲ့ကြပြီး အမှုနောက်ဆက်တွဲအခြေအနေကို မသိရသေးပေ။
ထိုစဉ်ကလည်း ဒေသခံကာကွယ်ရေးအဖွဲ့တစ်ဖွဲ့၏ ခေါင်းဆောင်တစ်ဦးက ကျေးရွာအဆင့်ပကဖများ ကျူးလွန်သည့်အမှုများကို NUG လက်အောက်ခံ မြို့နယ်အဆင့် အဖွဲ့အစည်းများက သေချာစွာ တာဝန်ခံဖြေရှင်းပေးရန် လိုကြောင်း မှတ်ချက်ပြုထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)