ယမန်နေ့ (မေ ၁၄) မွန်းလွဲပိုင်းတွင် ရခိုင်ပြည်နယ်မှ ကုန်းတွင်းပိုင်းသို့ ဖြတ်ကျော်ဝင်ရောက်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် နိုင်ငံအထက်ပိုင်း စစ်ကိုင်းတိုင်း၌ သီးနှံမျိုးစုံ စိုက်ဧက တစ်သောင်းကျော်ထက်မနည်း ထိခိုက်ပျက်စီးကာ ရေကြီးရေလျှံမှုကိုပါ ရင်ဆိုင်နေရချိန် ခင်ဦးမြို့နယ်၌ စစ်တပ်ရန်ကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်။
မုန်တိုင်းကြောင့် စစ်ကိုင်းတိုင်းတောင်ပိုင်း ယင်းမာပင်မြို့နယ်တွင် ယမန်နေ့ (မေ ၁၄ ) ည ၈ နာရီခန့်၌ ယမားချောင်း ရေလျှံခဲ့ရာ ချောင်းတစ်လျှောက်ရှိ ရွာပေါင်း ၂၀ ကျော်မှ ဒေသခံများ ညတွင်းချင်း တိမ်းရှောင်ခဲ့ရသည်။
လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနှင့် မနီးမဝေး ယမားချောင်းတစ်လျှောက်ရှိ ဂုဏ်တော၊ ဒုန်းတော၊ ကုန်း၊ ပြန်လှည့်၊ သီးကုန်း၊ လည်ငေါက်၊ ကန်သာ၊ ရှမ်းရွာ၊ သဲတောကြီး၊ ရွှေပန်းခိုင်၊ ရေကြည်ပင်၊ ရွာ သာ၊ ကျေးစာကျနှင့် ဘိန်းနွယ်ချောင် အစရှိသည့် ကျေးရွာများမှ ထောင်နှင့်ချီသော ဒေသခံများ အရေးပေါ် ထွက်ပြေးခဲ့ရသည်ဟု အသက် ၃၀ အရွယ် ယင်းမာပင်ဒေသခံ အမျိုးသားတစ်ဦးက ယနေ့ နံနက်ပိုင်းတွင် ပြောသည်။
“မြောက်ယမားနဲ့ တစ်မိုင်သာသာ အကွာလောက်ထိက ရွာတွေကို ရေရောက်တာ။ တစ်ခါမှ မရောက်ဖူးတဲ့ရွာတွေကို ရေရောက်တာ။ ဘယ်တုန်းကမှ မဝင်ဖူးတဲ့အိမ်တွေ တစ်မိုင်လောက်က အိမ်တွေမှာကို ချိုင်းလောက်ထိပေါ့”
မုန်တိုင်းအရှိန်ကြောင့် ယင်းမာပင်ခရိုင်တွင် ယခု ၁၂ ရက် ညနေပိုင်းမှစ၍ ယမန်နေ့အထိ မိုးဆက်တိုက်ရွာသွန်းခဲ့သည်ဟု သိရသည်။
ကျေးရွာတချို့တွင် ပိတ်မိနေသော ဒေသခံတချို့ကို ယနေ့ နံနက်အစောပိုင်းတွင် စက်လှေများဖြင့် စေတနာ့ဝန်ထမ်း လူငယ်များက ကယ်ထုတ်ပေးခဲ့ရသည်ဟုလည်း အထက်ပါ ဒေသခံ အမျိုးသားက ဆိုသည်။
“ရွာရဲ့အပြင်က မြေပိုနိမ့်တယ်။ သူတို့ထွက်ပေါက်လမ်းတွေမှာ ချောင်းလိုပေါက်သွားပြီဆိုရင် ထွက်လို့မရတော့ဘူး။ ရွာတိုင်း ရွာတိုင်းမှာ ရေတွေ တအားတက်တော့ ထွက်လို့ အဆင်မပြေတော့ဘူး”
ရှောင်တခင်ရေကြီးမှုကြောင့် ရေစီးနှင့် မျောပါသွားသည့် ဘိန်းနွယ်ချောင်ရွာ ဒေသခံ ၃ ဦးကို ယနေ့ နံနက် ၄ နာရီခန့်တွင် ကယ်ဆယ်နိုင်ခဲ့ကြောင်း၊ အိမ်လုံးကျွတ် မျောပါမှုများရှိကာ ထိခိုက်သေဆုံးမှု ရှိမရှိ မသိရကြောင်းလည်း ၎င်းထံမှ သိရသည်။
ရေဘေးကြောင့် ထွက်ပြေးတိမ်းရှောင်ရသည့် ဒေသခံများမှာ ကုန်းမြင့်ပိုင်းရှိ ကျေးရွာများနှင့် ဘုန်းကြီးကျောင်းများတွင် ခိုလှုံနေရပြီး စားနပ်ရိက္ခာနှင့် ဆေးဝါးအကူညီများ အရေးပေါ် လိုအပ်နေသည်ဟုလည်း သိရသည်။
ရေဘေးကြောင့် အသက်လု ထွက်ပြေးရသည်ဖြစ်ရာ သိမ်းဆည်းထားသည့် ကောက်ပဲသီးနှံများ ပျက်စီးဆုံးရှုံးသည့်အပြင် မိုးဆက်တိုက်ရွာသွန်းသဖြင့် စိုက်ခင်းအများအပြားလည်း ရေနစ်မြုပ်ကာ ပျက်စီးသည်ဟု သိရသည်။
ထို့အတူ စစ်ကိုင်းတိုင်းအလယ်ပိုင်းရှိ ခင်ဦးမြို့နယ်တွင်လည်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရွာပေါင်း ၄၉ ရွာမှ စိုက်ဧကတစ်သောင်းကျော်အထိ ပျက်စီးနိုင်သည်ဟု မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံမှ သိရသည်။
“(အိမ်တွေ) ဆိုးဆိုးရွားရွား ပျက်စီးတာတော့ မရှိဘူးဗျ။ လေတွေ မိုးတွေက အရမ်းကျတော့ နွေစိုက်ခင်းတွေ အကုန်ပျက်တာပေါ့၊ လယ်တွေထဲမှာ စိုက်ထားကြတာဆိုတော့” ဟု ပကဖ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။
ခင်ဦးမြို့နယ်အနောက်ပိုင်း မူးမြစ်နှင့် နီးကပ်သည့် ကျေးရွာများ၌ ပဲတီစိမ်း၊ မတ်ပဲ၊ နှမ်း၊ ငရုတ် စသည့် သီးနှံစိုက်ခင်းများ ရေလွှမ်းကာ ပျက်စီးခဲ့သည်။ ပဲတီစိမ်း၊ မတ်ပဲ၊ နှမ်းစိုက်ခင်းများ အပါအဝင် လယ်စိုက်ခင်းများအတွင်း မိုးရေ တစ်ပေကျော်ခန့်အထိ ဝင်ရောက်ခဲ့သည်ဟု ရွာသားတစ်ဦးက ပြောသည်။
“ရေကတော့ ဒူးလောက်အထိကို ဝင်လာတယ်။ ဒါပေမဲ့ အခု ရေစုပ်စက်တွေနဲ့ စုပ်ထုတ်နေကြပြီ။ ရာသီဥတုကလည်း နေရောင်မြင်လာရပြီ။ အဲ့ဒါကြောင့် အကုန်ပျက်စီးသွားမဲ့အစား ရေလုံးဝမြုပ်သွားတဲ့ အပိုင်းတွေလောက်ပဲ ပျက်စီးပြီး၊ ကျန်တာတော့ ရလောက်မယ်လို့ မျှော်လင့်ပါတယ်” ဟု ခင်ဦးမြို့နယ်အနောက်ခြမ်းမှ ထိုရွာသားက ဆိုသည်။
ခင်ဦးမြို့နယ်သည် စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီ၏ အကြိမ်ကြိမ်စစ်ကြောင်းထိုးမှုကို ကြုံတွေ့နေရသော မြို့နယ်တစ်ခုဖြစ်သည်။
ပြီးခဲ့သည့်ရက်ပိုင်းက ရွာလုံးကျွတ် မီးရှိုခံထားရသည့် ခင်ဦးမြို့နယ်အရှေ့ပိုင်းရှိ ကဘွတ်ရွာမှ ဒေသခံတစ်ဦးက မိုခါမုန်တိုင်းမိုးကြောင့် တောတောင်ထဲတွင် တစ်ညလုံး မိုးကာအုပ်နေခဲ့ရသည်ဟု ဆိုသည်။
“လေတိုက်တာထက် မိုးက အရမ်းရွာတာ။ မိုးကာအုပ်ပြီး နေနေကြတာတာဗျ။ တချို့ကတော့ တဲတွေမှာ နေနေကြတာပေါ့ဗျာ။ ရွာက အပျက်အစီးတွေများလို့ မရှင်းရသေးဘူး။ အခုထိ မိုးရွာနေတုန်း”
ခင်ဦးမြို့နယ်နှင့် ကပ်လျက်ရှိ မူးမြစ်အနောက်ကမ်းမှ ဒီပဲယင်းမြို့နယ်တွင်လည်း မိုးအသည်းအသန် ရွာသော်လည်း ဆိုးဆိုးရွားရွား ထိခိုက်မှုမရှိဟု ထိုမြို့နယ်အတွင်း စစ်ဘေးရှောင်အရေး ကူညီပေးနေသူက ဆိုသည်။
“မိုးအရမ်းရွာတာလောက်ပဲ ရွာတာ၊ လေအရမ်းပြင်းထန်တာမျိုးတော့ မရှိဘူး။ လွန်ခဲ့တဲ့ရက်ပိုင်းက လေပြင်းတာလောက်ပါ။ မီးရှို့ခံရလို့ ပြန်ဆောက်ထားတဲ့ ထန်းလက်တဲတွေလည်း ပြိုတာတွေလည်း မရှိဘူး”
ခင်ဦးမြို့နယ်အနောက်ပိုင်း ချမ်းသာကုန်းရွာတွင် ယမန်နေ့က အင်အား ၃၀ ခန့်ရှိ စစ်သားများ ဝင်လာပြီး ပစ်ခတ်သဖြင့် လေးနှစ်အရွယ် ကလေးတစ်ဦး ထိခိုက်ဒဏ်ရာရကာ ရွာသူရွာများ ထွက်ပြေးတိမ်းရှောင်ရသည်။
“အနားဝန်းကျင် ခုနစ်ရွာလောက်က ရွာတွေက သူတို့ဝင်လာပြီဆို တိမ်းကြရှောင်ကြရမြဲပဲ။ အခုလည်း အဲ့လိုရှောင်နေတုန်း၊ အင်းပတ်ရွာရဲ့ အရှေ့ဘက် မူးချောင်းတစ်ဖက်ကမ်းက ပဲခင်းတွေထဲမှာ ပုန်းနေကြရင်းနဲ့ သေနတ်မှန်သွားတာ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
မိုးဆက်တိုက်ရွာသွန်းသဖြင့် စိုက်ခင်း ၇၀ ရာခိုင်နှုန်းခန့်ထိ ပျက်စီးနိုင်ကြောင်း ဒီပဲယင်းမြို့နယ်မှ ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်တစ်ဦးက ပြောသည်။
“စခန်းတော့ ပြိုသွားတယ်ဗျ၊ မိုးက အရမ်းရွာတော့ အောက်ခြေက မခိုင်ဘူး။ အဓိက ဒုက္ခရောက်တာတော့ တောင်သူတွေပဲ၊ မိုးက အရမ်းရွာတော့ မရိတ်သိမ်းရသေးတဲ့ စိုက်ခင်းတွေ အကုန်ပျက်စီးသွားတာ”
ထို့အတူ မူးမြစ်တစ်လျှောက်ရှိ ကန့်ဘလူ၊ ရေဦး၊ တန့်ဆည်မြို့နယ်များတွင်လည်း သီးနှံစိုက်ခင်းများ ပျက်စီးသည်ဟု သိရသည်။
မိုခါမုန်တိုင်းမှာ လက်ရှိ၌ အားပျော့သွားပြီဖြစ်ကာ မြန်မာနိုင်ငံကို ဖြတ်ကျော်ပြီးဖြစ်သည့်အတွက် အစိမ်းရောင်အဆင့် သတ်မှတ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ယနေ့ နံနက်ပိုင်းတွင် ထုတ်ပြန်သည်။
ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူ ၃ ဦး သေဆုံးကာ ဒဏ်ရာရသူ ၁၃ ဦးရှိကာ စုစုပေါင်း လူနေအိမ် ၈၆၄ ခု၊ သာသနိကအဆောက်အအုံ ၁၁ လုံး၊ ဘုန်းကြီးကျောင်း ၁၆ ခု၊ စာသင်ကျောင်း ၆၄ ကျောင်း၊ ဆေးရုံဆေးခန်း ၁၄ ခု၊ ဆက်သွယ်ရေးတာဝါတိုင် ၇ ခု၊ ဌာနဆိုင်ရာ အဆောက်အအုံ ၃၈ လုံး ပျက်စီးသည်ဟု စစ်ကောင်စီက ယနေ့ ထုတ်ပြန်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)