(သတင်းတွင် စိတ်မချမ်းမြေ့ဖွယ် ရေးသားချက်များ ပါဝင်ကြောင်း ကြိုတင် အသိပေးအပ်ပါသည်)
ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ် ညောင်ပင်သာရွာ၌ ကလေးငယ် ၅ ဦးအပါအဝင် အရပ်သား ၁၈ ဦးကို စစ်တပ်က ဖမ်းဆီးပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ် မီးရှို့ခဲ့သည်ဟု သိရသည်။
ရုပ်အလောင်းများကို ဧပြီ ၁၁ ရက်နေ့တွင် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက တွေ့ရှိခဲ့သည်၊ ကလေး ၄ ဦး၊ ဆယ်ကျော်သက် ၁ ဦး၊ အမျိုးသမီး ၉ ဦး၊ အမျိုးသား ၄ ဦး ပါဝင်သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ ပဲခူးတိုင်းစစ်ဒေသခွဲ ပြန်ကြားရေးတာဝန်ခံ ကိုဝေယံက ပြောသည်။
“အင်မတန် နာကြည်းစရာ ဝမ်းနည်းစရာကောင်းတဲ့ ဖြစ်ရပ်ကြီးပေါ့ဗျာ။ ဒီဟာတွေကို ခွန်အားအဖြစ် ပြောင်းလဲပြီး တိုက်ပွဲဝင်သွားမှာပါ” ဟု သူက ပြောသည်။
မြေပြင်ပေါ်တွင် ရုပ်အလောင်းများ မီးရှို့ခံထားရသည့် မှတ်တမ်းဓာတ်ပုံများကို Myanmar Now က ရရှိထားပြီး ရုပ်အလောင်းတချို့မှာ ခန္ဓာကိုယ်အစိတ်အပိုင်းတချို့ မီးလောင်ကျွမ်းခြင်း မရှိသေးသည်ကို တွေ့ရသည်။
မေ ၁၀ ရက်နေ့က ရန်ကုန်နှင့် နေပြည်တော်ကြား ထန်းတပင်မြို့နယ်တောင်ဘက် ၂၂ မိုင်ခန့်အကွာတွင် တည်ရှိသည့် ညောင်ပင်သာရွာသို့ စစ်ကောင်စီဘက်မှ အင်အား ၁၀၀ ကျော်ခန့်သည် စစ်ကြောင်း ၃ ကြောင်း ခွဲပြီး ဝင်ရောက်လာခဲ့သည်။
ဝင်လာသည့် စစ်တပ်နှင့် ထိုနေ့ နံနက် ၁၀ နာရီခန့်မှ ညနေ ၅ နာရီအထိ ညောင်ပင်သာရွာအနီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ PDF ပူးပေါင်းမဟာမိတ်အဖွဲ့များအကြား တိုက်ပွဲအပြင်းအထန် ဖြစ်ပွားသည်၊ စစ်တပ်ဘက်မှ အထိအခိုက် အသေအဆုံး များပြားခဲ့သည်ဟု ကိုဝေယံက ပြောသည်။ သို့သော် ထိခိုက်ကျဆုံးမှုအရေအတွက်နှင့် ပတ်သက်၍ သူက ပြောဆိုခြင်းမရှိပါ။
အဆိုပါ ဒေသတွင် နှစ်ဖက်တပ်များအကြား စစ်ဆိုင်ထားဆဲ အခြေအနေဖြစ်ပြီး အချိန်မရွေး တိုက်ပွဲဖြစ်နိုင်သည်ဟု PDF က ဆိုသည်။
သတ်ဖြတ်မှု ဖြစ်ပွားရာရွာသည် တောင်ငူခရိုင် ထန်းတပင်မြို့နယ်နှင့် ကျောက်ကြီးမြို့နယ်အကြားတွင် တည်ရှိပြီး KNLA တပ်မဟာ (၂) လှုပ်ရှားရာ ဒေသလည်းဖြစ်သည်။
ရွာသားများကို သတ်ဖြတ်ရသည့် အကြောင်းရင်းကို မသိရသေးသလို တိုက်ပွဲနှင့် အရပ်သားများကို သတ်ဖြတ်မှုအခြေအနေနှင့် ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။