မေ ၁၄ တွင် ရခိုင်ပြည်နယ်သို့ ဝင်မည့် အလွန်ပြင်းထန်သော ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရသေ့တောင်မြို့နယ်အနီး ပင်လယ်ရေမျက်နှာပြင်အမြင့် ၆ ပေအထိ မြင့်တက်နိုင်ကြောင်း ကမ္ဘာ့မိုးလေဝသ သတိပေးချက်များ ထုတ်ပြန်သည့် Global Disaster Alert and Coorindation System အဖွဲ့က ယနေ့ (မေ ၁၂) တွင် သတိပေးထုတ်ပြန်ထားသည်။
မိုခါဆိုင်ကလုန်းမုန်တိုင်းသည် ရခိုင်ကမ်းရိုးတန်းကို ဖြတ်ကျော် ဝင်ရောက်မည်ဖြစ်၍ ပြည်နယ်မြောက်ပိုင်းရှိ ၁၀ မြို့နယ်ထက်မနည်းမှ ဒေသခံတို့သည် မေ ၉ ရက်မှ စတင်ပြီး ဘေးလွတ်မည်ထင်သော နေရာများသို့ ထွက်ပြေးတိမ်းရှောင်ကာ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေသည်။
ယမန်နေ့ (မေ ၁၁) မှ စတင်၍ မောင်တော၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ကျောက်တော်၊ စစ်တွေမြို့နယ်များမှ ဒေသခံများ နီးစပ်ရာ ထွက်ပြေးတိမ်းရှောင်ကြသလို ပေါက်တော၊ မင်းပြား၊ မြေပုံမြို့နယ်များမှ ဒေသခံများမှာလည်း မေ ၉ ရက်နေ့ကတည်းက စတင်တိမ်းရှောင်ခဲ့ကြသည်။
ယနေ့ (မေ ၁၂) မွန်းလွဲတွင် ရသေ့တောင်မြို့နယ် အနောက်ခြမ်းနှင့် ဘူးသီးတောင် တောင်ပိုင်းမြို့နယ်များရှိ ကျေးရွာ ၁၆ ရွာမှ ဒေသခံ ၆၀၀ ခန့်သည် မေယုကမ်း၊ ရသေ့တောင်မြို့နယ်ရှိ စေတီပြင်တိုက်နယ်ကျေးရွာသို့ ပြောင်းရွှေ့ ခိုလှုံလာကြသည်။
ရသေ့တောင်မြို့နယ်ရှိ မေယုမြစ်အနောက်ဘက်ခြမ်း မြေနိမ့်ပိုင်းဖြစ်သော ခမောင်းတော၊ အောက်ကျောင်းတောင်၊ စဖိုကျွန်း၊ ကံပြင်၊ ပြင်ဝန်း၊ အောင်စည်ကုန်း၊ ဒိုးဝေချောင်း၊ မှန်နီပြင်၊ ကြိမ်တန်း၊ ငွေတောင်၊ စက်ခေါ်၊ သာစည်၊ မာန်အောင် စသည့် ကျေးရွာများ၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း အိုးသည်မ၊ ဒိုးဝေ၊ ကျိန်ကျောင်၊ ကျဂိုမော် စသည့် ကျေးရွာများမှ ဖြစ်သည်ဟု ကယ်ဆယ်ရေးကူညီ လုပ်ဆောင်ပေးနေသော ဒေသခံ ဦးမောင်စောဝင်းက ပြောသည်။
“မေယုကမ်း နောက်ခြမ်းမှာ ရှိတဲ့ ရွာသားတွေက မေယုတောင်ကို ကျော်ပြီးတော့ အရှေ့ဘက်ခြမ်းကို ပြေးလာကြတယ်။ နေဖို့ထိုင်ဖို့ကတော့ အဓိက ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်း အဲဒီလို အများနဲ့ဆိုင်တဲ့ နေရာတွေမှာ နေရာချပေးထားတယ်။ အခုတော့ ရွာက ငွေတွေ ကောက်ပြီးတော့ ကျွေးထားတယ်” ဟု ဒေသခံ ဦးမောင်စောဝင်းက Myanamr Now ကို ပြောသည်။
ဘင်္ဂလားပင်လယ်အော်အနီး မောင်တောမြို့နယ်အတွင်းရှိ အငူမော်- မောင်တောကားလမ်းမဘေး နေထိုင်ကြသော ဒေသခံများလည်း ကုန်းမြင့်ပိုင်းဖြစ်သော ရသေ့တောင်မြို့နယ် မေယုတောင်အရှေ့ဘက်ရှိ လောင်းချောင်း၊ အောင်ဆိတ်စသည့် ကျေးရွာများသို့ ပြောင်းရွှေ့နေကြကြောင်း ၎င်းက ဆက်ပြောသည်။
ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မိုခါမုန်တိုင်းသည် ယနေ့ သောကြာနေ့ တိုင်းထွာချက်များအရ တစ်နာရီလျှင် ၇၅ မိုင်နှုန်းဖြင့် ရွေ့လျားနေသည်၊ မေ ၁၄ မွန်းတည့်ချိန်တွင် ရခိုင်ပြည်နယ်သို့ ဝင်ရောက်မည်၊ မြေပြင်ကို တိုက်ခတ်ချိန်တွင် မုန်တိုင်းအရှိန်မှာ တစ်နာရီလျှင် မိုင် ၁၁၀ နှုန်းထိ ရှိမည်ဟု ခန့်မှန်းထားသည်။
မိုခါမုန်တိုင်းသည် မြေပြင်သို့ မြန်မာစံတော်ချိန် မွန်းတည့် ၁၂ နာရီခွဲခန့်တွင် စစ်တွေ၊ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်းနှင့် ကျောက်တော်မြို့များသို့ စတင်ဝင်ရောက်မည်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းရှိ မြို့နယ်အချို့တို့ကို ဖြတ်သန်းပြီး မြန်မာနိုင်ငံ၏ တောင်တန်းများနှင့် ထိတွေ့ကာ အားပျော့သွားမည်ဟု ခန့်မှန်းထားသည်။
ယနေ့ မေ ၁၂ နံနက် ၁၀ နာရီကျော်ခန့်တွင် အဆိုပါမုန်တိုင်းသည် စစ်တွေမြို့အနောက်တောင်ဘက် ရေမိုင် ၄၉၅ မိုင်ခန့် အကွာသို့ ရောက်ရှိနေကြောင်း မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
မောင်တောမြို့နယ်အတွင်း ယနေ့ (မေ ၁၂) တွင် ရာသီဥတု ပြောင်းလဲနေသည်၊ နံနက်ပိုင်းတွင် မိုးအနည်းငယ် ကျခဲ့ပြီး လေအနည်းငယ် တိုက်စပြုလာကြောင်း မောင်တောဒေသခံတစ်ဦးက ယနေ့ မွန်းလွဲ တစ်နာရီခန့်တွင် ပြောသည်။
“ရာသီဥတုအခြေအနေက မနေ့ကလို မဟုတ်တော့ဘူး။ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ စစ်တွေဘက်တွေမှာ မိုးအုံ့နေတယ်။ မနက်က မိုးဖွဲဖွဲလေး ကျခဲ့တာ ရှိတယ်။ မောင်တောဘက်မှာတော့ လေတဖြူးဖြူးနဲ့ စနေပြီ” ဟု သူက ဆိုသည်။
ဘင်္ဂလားပင်လယ်အော်နှင့် နီးသည့် မောင်တောမြို့နယ်တောင်ပိုင်း အောင်သုခ၊ ပဲရုံ၊ ကျောက်ပန္ဒူ၊ အင်းဒင် စသည့် ကျေးရွာများမှ ဒေသခံများသည် တောတောင်များအကြား အမိုးနိမ့်အဆောက်အအုံများ ဆောက်လုပ်ပြင်ဆင်ထားကြောင်း အင်းဒင်ကျေးရွာသား ကိုကျော်စိုးမိုးက ပြောသည်။
ထို့ပြင် လိုအပ်သည့် ဆေးဝါး၊ သောက်သုံးရေနှင့် စားသောက်ရေးအတွက်လည်း နှစ်ရက်စာ အရေးပေါ် ကြိုတင်ပြင်ဆင်ထားကြောင်း ၎င်းက ဆိုသည်။
“အဓိက စားရေးသောက်ရေးကိစ္စကိုတော့ ငါးခြောက်တွေ ကြော်ထားကြတယ်။ ငရုတ်ကြော် ကြော်ထားကြတယ်။ ပြီးတော့ အရေးပေါ် ချက်ပြုတ်စားသောက်ဖို့အတွက် မီးမွှေးလို့ရအောင် ပြင်ဆင်ထားတာတွေ ရှိတယ်။ မနက်ဖြန် အရုဏ်ကတည်းက မုန်တိုင်းအခြေအနေ ကြည့်ပြီးတော့ ကြိုတင်ချက်ထားမယ်” ဟု ကိုကျော်စိုးမိုးက ဆက်ပြောသည်။
“မုန်တိုင်း ရှောင်ဖို့အတွက် ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဘုန်းတော်ကြီးကျောင်းမှာလည်း ပြင်ဆင်ထားတယ်။ ပြီးတော့ ရွာအနီးက တောင်ကုန်းတွေ၊ တောင်ကြားတွေမှာ ခိုလှုံစရာတွေတော့ ကိုယ့်အုပ်စုနဲ့ကိုယ် ပြင်ဆင်ထားကြတယ်။ ကျောက်ပန္ဒူရွာသားတွေမှာလည်း တစ်ရွာလုံး ခိုလှုံလို့ရအောင် ပြင်ဆင်ထားကြတယ်”
မိုခါမုန်တိုင်းသည် မေလ ၁၄ မွန်းတည့်ချိန်တွင် ရခိုင်ကမ်းရိုးတမ်းကို ဗဟိုပြု၍ မြန်မာနိုင်ငံကုန်းတွင်းပိုင်းသို့ ဝင်ရောက်မည်ဟု မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံ မိုးလေဝသဌာနများက ခန့်မှန်းထုတ်ပြန်ထားသဖြင့် ပင်လယ်နှင့် နီးစပ်သည့် ရခိုင်မြောက်ပိုင်း မြစ်၊ ချောင်းကမ်းဘေး နေထိုင်ကြသူများ မုန်တိုင်းရန်၊ မုန်တိုင်းကြောင့် ရပ်ရွာထဲ ရေကြီးမှုအန္တရာယ်တို့ကို ရင်ဆိုင်ရန် ပြင်ဆင်နေကြခြင်း ဖြစ်သည်။
မီးသတ်၊ ကျန်းမာရေးဌာနနှင့် ပရဟိတလူမှုအဖွဲ့အစည်းများကလည်း ဒေသခံများ၊ စိုက်ပျိုးရေးလုပ်ငန်းသုံး တိရစ္ဆာန်များကို ကုန်းမြင့်ပိုင်းသို့ ပြောင်းကြရန် အသိပေးနှိုးဆော်နေကြောင်း ရခိုင်ဒေသခံများထံမှ သိရသည်။
မြောက်ဦးမြို့နယ်၊ ကုလားတန်မြစ်နှင့် ဟင်းခရော်မြစ်အနီးဝန်းကျင်ရှိ မှိုဟင်းရွာ၊ လေညှင်းသာ စသည့် ကျေးရွာများမှ မိသားစုတချို့မှာ ယနေ့ (မေ ၁၂) မှ စတင်၍ မြို့ပေါ်သို့ ရွှေ့ပြောင်းရောက်ရှိနေပြီဟု မြို့ခံများထံမှ သိရသည်။
မုန်တိုင်းရန် ရှောင်လာသူများကို အရေးပေါ်ထားရှိရန် မြောက်ဦးမြို့ပေါ်ရှိ ဝါစျေးဘုန်းကြီးကျောင်း၊ လော်ဂမူ (လောကမာန်အောင်သိမ်း)၊ ဘုရားပေါ်၊ ဘုရားသိမ်ကျောင်း စသည့် နေရာများတွင် ပြင်ဆင်ထားကြောင်း မြောက်ဦးမြို့နယ် သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေးကော်မတီမှ ကိုထွန်းနေဝင်းက ပြောသည်။
ကူညီနိုင်ရေး၊ မော်တော်ယာဉ်များအတွက် လောင်စာဆီ ရရှိရေးတို့နှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ရပ်ကွက်အလိုက် အုပ်ချုပ်ရေးမှူးများနှင့် ဆွေးနွေးနေကြောင်း ၎င်းက ဆက်ပြောသည်။
“အခု ကျွန်တော်တို့က မြောက်ဦးမှာ ရှိတဲ့ ဆန်စက်အသင်းပိုင်ရှင်တွေနဲ့ တွေ့ဆုံဆွေးနွေးနေကြတယ်။ နောက်ထပ် ရှောင်လာတဲ့သူတွေကို အကြိုအပို့လုပ်ဖို့ Hijet ကားအသင်းအဖွဲ့အစည်းတွေနဲ့ ပြောထားတာ ရှိတယ်။ သူတို့ကတော့ ကျွန်တော်တို့ကို ဆီခလောက်ပဲ ခံပေးပါ။ ကားကိုတော့ ကျွန်တော်တို့ ကူညီပေးပါမယ်ဆိုပြီး အဲဒီလိုသဘောတူညီမှုတွေတော့ လောလောဆယ်ရှိတယ်”
ပြည်နယ်၏ မြို့တော် စစ်တွေတွင်လည်း မုန်တိုင်းအတွက် ယနေ့ ပြင်ဆင်မှုများ ပြုလုပ်နေပြီး စားသောက်ကုန်များလည်း ဈေးထိုးတက်သွားကြောင်း မြို့ခံနှစ်ဦးထံမှ သိရသည်။
“အခြေခံစားကုန်စျေးနှုန်းတွေ မနေ့ကနဲ့ မတူတော့ပါဘူး။ အာလူးတစ်ပိဿာ ကျပ် ၄၀၀၀ ၊ ကြက်သွန်တစ်ပိဿာ ကျပ် ၂၈၀၀ ကနေ ဒီကနေ့ ၃၀၀၀ ။ ငါးနီတူ ၈၀၀၀ ကနေ ၁၀၀၀၀ ထိ တက်ပါတယ်။ အကောင်ကြီးငါးနီတူဆိုရင် ကျပ် ၁၅၀၀၀ အထိ စျေးတက်နေပါတယ်” ဟု စစ်တွေမြို့နေသူတစ်ဦးက ဆိုသည်။
စစ်တွေဈေးကြီးကိုလည်း မနက်ဖြန် (မေ ၁၃) မှ စတင်ပိတ်မည်ဖြစ်သဖြင့် ယနေ့ နံနက်ခင်းတွင်သာ အရောင်းအဝယ်ပြုလုပ်မှုများရှိကြောင်း ၎င်းထံမှ သိရသည်။
“ညနေပိုင်းမှာ (ဈေးက) ပစ္စည်းတွေ ပြောင်းရွှေ့ကြပါတယ်။ ဆန်ဆိုင်တွေ ဆန်အိတ်တွေကိုလည်း နေရာရွှေ့ပြောင်းတာတွေ မြင်ရပါတယ်။ စစ်တွေအနိမ့်ပိုင်းရပ်ကွက်က အိမ်ထောင်စုတွေလည်း စုရပ် ဘုန်းတော်ကြီးကျောင်းတချို့ကို သွားရောက်ခိုလှုံနေတာ ရှိနေပြီး မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်းဘက်ကိုပါ ရွှေ့ပြောင်းတာ ရှိပါတယ်” ဟု ထိုအမျိုးသားက ပြောသည်။
အထူးသဖြင့် စစ်တွေမြို့ မြေနိမ့်ပိုင်း ရေနှင့် နီးသည့် ရပ်ကွက်များတွင် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေပြီး ယနေ့ မိုးအုံ့နေကြောင်း သိရသည်။
“လေကလည်း ခပ်သုတ်သုတ် တိုက်လို့ မြစ်မှာ ရေမြင့်တာ၊ လှိုင်းထတာ ရှိပြီး ငါးဖမ်းလှေတွေ၊ ခရီးသည်စက်လှေတွေ ချောင်းထဲ ဝင်ခိုတာ တွေ့ပါတယ်။ စစ်တွေစျေး ဖောင်တော်ဆိပ်က ဆိုင်တွေ နေ့လယ်ပိုင်းကတည်းက ပိတ်ထားကြပြီး ကမ်းနားပျံကျစျေးဆိုင်တွေလည်း မဖွင့်ကြတော့ပါ” ဟု အထက်ပါ မြို့ခံက ပြောသည်။
ကုလားတန်မြစ်ကမ်းဘေးရှိ စစ်တွေမြို့ ပွိုင့်ကမ်းခြေ သဲသောင်ပြင်တွင် သဲမြေအကွက်လိုက် ကျွံကျ နိမ့်ဆင်းနေသည်ကို မြင်တွေ့နေရသောကြောင့် ထိုအခြေအနေမှာ မုန်တိုင်းကြောင့် ဖြစ်ပေါ်နေသည့် လက္ခဏာများဖြစ်သည်ဟု ဒေသခံတချို့က ယူဆနေကြသည်။
အလားတူ ပေါက်တော၊ မြေပုံ၊ မင်းပြား စသည့် မြို့နယ်များရှိ ကျေးရွာ ၃၀ ကျော်မှ ဒေသခံ ၅၀၀၀ ကျော်ခန့်မှာ မေ ၉ ရက်ကတည်းက ဘေးလွတ်ရာသို့ ထွက်ပြေးနေကြရသည်။
ယမန်နေ့ကလည်း ကမ်းခြေမှ ၃ မိုင်ခန့်သာ ဝေးသော မြေပုံမြို့နယ်၊ ငမန်းရဲကျွန်းရှိ ကျေးရွာ ၁၃ ရွာမှ ဒေသခံများကို ရက္ခိုင့်တပ်တော် (AA) က ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။
ပင်လယ်ထဲတွင် တည်ရှိသည့် အဆိုပါ ငမန်းရဲကျွန်းသည် ၁၉၆၇ ခုနှစ် မေလအတွင်းက တိုက်ခတ်ခဲ့သည့် မုန်တိုင်းကြောင့် ကျွန်းပေါ်ရှိ ရွာပေါင်း ၈ ရွာမှာ ရေအောက်သို့ ရောက်ရှိခဲ့ရကာ လူ ၃၀၀၀ ခန့် သေဆုံးခဲ့ဖူးသည်။
မုန်တိုင်းဒဏ်ကို ခံစားရနိုင်ခြေရှိသည့် ရခိုင်ပြည်နယ်ရှိ မြေနိမ့်ပိုင်းဒေသများတွင် နေထိုင်ကြသော ကျေးရွာပေါင်း ၂၁ ရွာမှ ပြည်သူ ၁၁၀၈၀ ကျော်ကို ဘေးကင်းလုံခြုံသည့် နေရာသို့ ပြောင်းရွှေ့ပေးခဲ့ကြောင်း ရက္ခိုင့်တပ်တော် (AA) က ထုတ်ပြန်ထားသည်။
မပြောင်းရွှေ့လိုသူများအတွက် ကြိုတင်ပြင်ဆင်ထားရမည့် အခြေအနေနှင့် ကြုံတွေ့လာရနိုင်သည့် အန္တရာယ်များကို အသိပညာပေးမှုများ လုပ်ဆောင်ပေးနေသလို လိုအပ်သော ဆေးဝါး၊ အရေးပေါ် အထောက်အကူဖြစ်စေမည့် ပစ္စည်းများနှင့် အသက်ကယ်အင်္ကျီများကိုလည်း AA က ထောက်ပံ့ပေးထားကြောင်း သိရသည်။
စစ်ကောင်စီကလည်း ရခိုင်ဒေသခံများကို အရေးပေါ်ပြောင်းရွှေ့နိုင်ရန် စီစဉ်ထားပြီး လိုအပ်သော အကာအကွယ်များ လုပ်ဆောင်ထားသည်ဟု ပြည်နယ်စစ်ကောင်စီ၏ အာဘော်သတင်းများ ဖော်ပြနေသော ရခိုင်နေ့စဉ် လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် အဆိုးဝါးဆုံးသော မုန်တိုင်းအဖြစ် သတ်မှတ်ထားသည့် ၂၀၁၈ ခုနှစ် မေ ၂ ရက်က ဧရာဝတီတိုင်းကို ဗဟိုပြု၍ တိုက်ခတ်သွားသော ဆိုင်ကလုန်းမုန်တိုင်း နာဂစ်အတွင်း လူတစ်သိန်းကျော် သေဆုံးခဲ့သည်။
နာဂစ် တိုက်ခတ်စဉ်က အမြင့်ဆုံးလေတိုက်နှုန်း ၁ နာရီ မိုင် ၁၃၀ ရှိခဲ့ပြီး ထိုစဉ်က ဘိုကလေး၊ ဖျာပုံ၊ လပွတ္တာ စသည့် မြို့နယ်များမှ ရွာအများအပြား ရေဒဏ် မိုးဒဏ်ကြောင့် ရွာလုံးကျွတ် ပျက်စီးကာ ဒေသခံအများအပြား သေကျေခဲ့သည်။
၂၀၁၀ အောက်တိုဘာ ၂၂ ရက်နေ့ ကုန်းတွင်းပိုင်းသို့ ဝင်ရောက်ခဲ့သော ဂီရိမုန်တိုင်းသည် ရခိုင်ပြည်နယ် (ကျောက်ဖြူ) ကို အဓိက တိုက်ခိုက်ဖျက်ဆီးရာ လူ ၁၅၇ ဦး သေဆုံးခဲ့သည်၊ ထိုမုန်တိုင်းကာလ အမြင့်ဆုံးလေတိုက်နှုန်း ၁ နာရီ မိုင် ၁၂၀ ရှိခဲ့သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)