မုန်တိုင်းဝင်ရောက်မည့် အခြေအနေကြောင့် ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသ လပွတ္တာမြို့ အောက်ဘက်ကျေးရွာများမှ ဒေသခံ ၁၀,၀၀၀ နီးပါး လပွတ္တာမြို့နှင့် မြောင်းမြမြို့ပေါ်တို့ရှိ ဘုန်းကြီးကျောင်းများ၊ စာသင်ကျောင်းများနှင့် မြို့ပေါ်ရပ်ကွက်များသို့ တိမ်းရှောင်လာနေကြသည်။
ပင်လယ်ပြင်နှင့် နီးစပ်ရာ ကျေးရွာများဖြစ်သည့် စလူဆိပ်အုပ်စု၊ ပဒဲကောကျေးရွာ၊ ပြင်စလူ၊ ကိုင်းတောင်၊ အိုင်မ စသည့် ကျေးရွာများမှ ဒေသခံများ တိမ်းရှောင်လာကြခြင်းဖြစ်သည်။
“မုန်တိုင်းဒဏ် ရှောင်တဲ့သူ ငါးထောင်နဲ့ တစ်သောင်းကြား ရှိသွားပြီ။ ခုက မြို့ပေါ် တက်လာရင် လာလို့ရတယ်၊ မြို့ပေါ်ကနေ ပင်လယ်ဘက်ကို ပြန်သွားမယ်ဆိုရင် အုပ်ချုပ်ရေးပိုင်းက သွားခွင့်မပြုတော့ဘူး” ဟု မုန်တိုင်းဒဏ် ရှောင်လာသူများကို ကူညီပေးနေသည့် လပွတ္တာမြို့ခံ ပရဟိတအဖွဲ့ဝင်တစ်ဦးက ပြောသည်။
မုန်တိုင်းဒဏ် တိမ်းရှောင်လာသူများကို ဘုန်းကြီးကျောင်းများက တာဝန်ယူ ချက်ပြုတ်ကျွေးသော်လည်း လူဦးရေ များလာသည့်အတွက် အလှူရှင်များက ထမင်းထုပ်များ ဝေငှပေးနေရသည်။
လူပေါင်း သိန်းနှင့်ချီ သေဆုံးခဲ့သည့် ၂၀၀၈ ခုနှစ် မေလအတွင်းက တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းဒဏ်ကို ခံခဲ့ရဖူးသောကြောင့် လပွတ္တာဒေသခံများ သတိထားနေကြခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“နာဂစ်တုန်းက အသေအပျောက်များတော့ ကြောက်ပြီး ခုလို ရှောင်လာကြတာ၊ ပင်လယ်နဲ့ နီးတဲ့ ရွာတွေဘက်က သေတာများတော့ ခု မုန်တိုင်းဆိုတော့ ရှောင်ကြတာပေါ့၊ နာဂစ်တုန်းကလည်း ပြင်ဆင်တာမျိုး မရှိခဲ့ဘဲ လူတွေ အရမ်းသေခဲ့တော့ ခုကတော့ ကြိုပြင်ဆင်ကြတာပေါ့” ဟု လပွတ္တာမြို့ ဒေသခံတစ်ဦးက ပြောသည်။
နာဂစ်ပြီးနောက်ပိုင်း ဆောက်လုပ်ထားသည့် ကျေးရွာအချို့ရှိ မုန်တိုင်းဒဏ်ခံအဆောက်အအုံ (Shelter) များတွင်လည်း တိမ်းရှောင်သူအချို့ နေထိုင်ကြကြောင်းလည်း ၎င်းက ပြောသည်။
“Shelter က အများကြီးတော့ မရဘူး၊ သတ်မှတ်ထားတဲ့သူပဲ။ ပြီးတော့ ရွာကြီးတွေမှာ ရှိတာ၊ အဲမှာ တာဝန်ခံလေး သတ်မှတ်ပြီး ထားတာပေါ့” ဟု ၎င်းက ဆိုသည်။
မုန်တိုင်းဒဏ်ကို တိမ်းရှောင်လာသူများထဲတွင် အမျိုးသမီးနှင့် ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ အများဆုံးပါဝင်ပြီး မိသားစုလိုက် ပြောင်းရွှေ့လာသူများလည်း ရှိသော်လည်း ကျေးရွာများတွင် အိမ်စောင့်အနေဖြင့် နေခဲ့သူများလည်း ရှိသည်။
“ပြောင်းရွှေ့မရတဲ့ ပစ္စည်းတွေ၊ အိမ်တွေ ကျန်ခဲ့တော့ သူခိုးကြောက်ရတော့ အိမ်စောင့်ရတာတွေ ရှိတယ်၊ အချို့ရွာတွေကျတော့ ရွာလုံခြုံရေးအတွက် နေခဲ့တဲ့သူအချို့တော့ ကျန်ခဲ့တယ်” ဟု လပွတ္တာဒေသခံက ပြောသည်။
မုန်တိုင်းရှောင်ရန် ရွှေ့ပြောင်းလာသူများကို စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာများက ကူညီပေးခြင်းမျိုးမရှိသော်လည်း မုန်တိုင်းနှင့် ပတ်သက်၍ ပြင်ဆင်မှုအချို့ ဆောင်ရွက်နေသည်ကို တွေ့ရသည်ဟုလည်း ဖျာပုံဒေသခံတစ်ဦးက ပြောသည်။
“ကျွန်တော်တို့ကတော့ သတိနဲ့ပဲ နေနေရတာ၊ ပြောင်းရွှေ့တာမျိုးတော့ မရှိဘူး၊ စစ်ကောင်စီအဖွဲ့တွေကတော့ သူတို့ဌာနမှာ ပြင်ဆင်မှု လုပ်နေတယ်၊ ဒါမျိုးတော့ တွေ့တယ်၊ လူထူကြားထဲ လာပြီး ရှင်းပြတာမျိုးတော့ မရှိဘူး” ဟု သူက ပြောသည်။
ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းသည် မေလ ၁၁ ရက် မြန်မာစံတော်ချိန် ညဦးပိုင်း ၁၁ နာရီဝန်းကျင်တွင် အလွန်ပြင်းထန်သော ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ရောက်ရှိမည်ဟု အိန္ဒိယမိုးလေဝသနှင့် ဇလဗေဒဌာနက ယနေ့ (မေလ ၁၀ ရက်) တွင် ထုတ်ပြန်ထားသည်။
မေလ ၁၃ ရက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ (ကော့ဘဇားဒေသ) နှင့် ရခိုင်ပြည်နယ် (ကျောက်ဖြူမြို့) အကြားသို့ မုန်တိုင်း ဝင်ရောက်ဖြတ်သန်းမည်ဟု အိန္ဒိယမိုးလေဝသနှင့် ဇလဗေဒဌာနက ဆိုသည်။ ကုန်းတွင်းသို့ မုန်တိုင်းဝင်ရောက်ချိန်တွင် အနည်းငယ် အားပျော့သွားမည်ဖြစ်ပြီး တစ်နာရီလျှင် မိုင် ၈၀ နှုန်း တိုက်ခတ်နိုင်သည်ဟု ဆိုသည်။
ရခိုင်ကမ်းရိုးတန်းသို့ မိုခါ (Mocha) ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်နိုင်ခြေရှိသောကြောင့် ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်မြောက်ပိုင်းရှိ အနည်းဆုံး ကျေးရွာ ၅ ရွာခန့်မှ ဒေသခံ ၃၀၀ ကျော်မှာ ယမန်နေ့ (မေ ၉) မှ စတင်၍ ဘေးလွတ်ရာ နေရာများသို့ တိမ်းရှောင် ခိုလှုံနေကြသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)