လက်နက်ကိုင်အဖွဲ့၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားသည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ (WHO) ယာဉ်မောင်း ကိုပြည့်စုံဝင်းမောင်ကို မိသားစုရှိရာ ပြည်မြို့သို့ ပြန်လည် သယ်ဆောင်ရန် စီစဉ်နေကြောင်း ၎င်း၏ဖခင် ဦးဌေးဝင်းမောင်က ပြောသည်။
လက်ရှိအချိန်တွင် ကိုပြည်စုံဝင်းမောင် ၏ ရုပ်အလောင်းကို မင်းပြားဆေးရုံမှတစ်ဆင့် စစ်တွေဆေးရုံရင်ခွဲရုံသို့ ပို့ဆောင်ထားပြီး ပြည်မြို့ရှိမိသားစုဝင်များထံ ဆက်လက်ပို့ဆောင်မည်ဖြစ်သည်။
“(ဧပြီ ၂၁)မနက် ၇ နာရီလောက်က ဆုံးသွားတယ်လို့ ဆေးရုံက သိရတယ်။ ကျွန်တော့်ချွေးမကို လှမ်းဆက်သွယ်ကြတယ်။ အခုကတော့ စစ်တွေဆေးရုံကို သယ်သွားပြီး မနက်ဖြန်မနက်ကို ကားနဲ့ ပြည်ကိုသယ်လာမယ်လို့ ပြောတယ်” ဟု ဦးဌေးဝင်းမောင်က ဆိုသည်။
ရခိုင်ပြည်နယ်မှ ကိုဗစ်နိုင်တင်း (Covid 19) စောင့်ကြည့်ခံရသူများ၏ တို့ဖတ်နမူနာများကို ရန်ကုန်ရှိ ဓာတ်ခွဲခန်းတွင် စစ်ဆေးရန် သယ်ဆောင်လာသည့် WHO အဖွဲ့ပိုင် ကားမှာ မင်းပြားမြို့နယ် မင်းရွာအနီးတွင် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) ၏ တိုက်ခိုက်မှုခံခဲ့ရသည်ဟု အစိုးရက ယမန်နေ့ (ဧပြီ ၂၀) က ထုတ်ပြန်ခဲ့သည်။
တိုက်ခိုက်ခံရသည့် ကားမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း(WHO)ပိုင်သည့် ကုလသမဂ္ဂတံဆိပ်ပါ ကားဖြစ်ပြီး ဝန်ထမ်းများဖြစ်သည့် ယာဉ်မောင်း ကိုပြည့်စုံဝင်းမောင်နှင့် အရပ်သားဝန်ထမ်း ကျန်းမာရေးကြီးကြပ် (၂) ဦးအောင်မျိုးဦးတို့ လိုက်ပါလာပြီး စစ်တွေမှ နံနက် ၈ နာရီက စတင်ကာထွက်ခွာလာခြင်းဖြစ်သည်။
ညနေ ၅ ခန့်တွင် မင်းပြားမြို့နယ် မင်းရွာကို ရောက်ရှိစဉ် AA လက်နက်ကိုင်များက လက်နက်ငယ်များနှင့် ပစ်ခတ်တိုက်ခိုက်သောကြောင့် ယာဉ်မောင်း ကိုပြည့်စုံဝင်းမောင်မှာ ဘယ်ဘက်တင်ပါး ဖောက်ဝင်ဒဏ်ရာနှင့် ယာဘက်တံတောင်ဆစ် စုတ်ပြတ်ဒဏ်ရာများရရှိခဲ့ပြီး ဦးအောင်မျိုးဦးမှာ ယာဘက်လက်ဖဝါး စုတ်ပြတ်ဒဏ်ရာရရှိခဲ့သည်ဟု တပ်မတော်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မတ် ၁၃ ရက်က ရခိုင်လက်နက်ကိုင်အဖွဲ AA ကို အစိုးရက အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားသည့်အတွက် Myanmar Now အနေဖြင့် AA ကို သီးခြားဆက်သွယ်မေးမြန်း၍မရပေ။
ကုလသမဂ္ဂ ပြန်ကြားရေးအရာရှိ ဦးအေးဝင်းက “လုံခြုံရေးပိုင်းတွေကတော့ ဆက်ပြီးတော့ စုံစမ်းရမယ် အဲဒီကအဖွဲ့အစည်းတွေနဲ့တော့ ပူးပေါင်းရမှာပေါ့လေ။ လုံခြုံရေးကတော့ အမြဲသတိရှိနေပါတယ်။ ဖြစ်စဉ်ကိုလည်း ဆက်ပြီးတော့ စုံစမ်းနေပါတယ်” ဟု Myanmar Now ကိုပြောသည်။
ကိုပြည့်စုံဝင်းမောင်မှာ ရရှိထားသည့် ဒဏ်ရာများကြောင့် ယနေ့မနက်က မင်းပြားမြို့နယ်ပြည်သူ့ဆေးရုံတွင် ဆုံးပါးသွားကြောင်း ကုလသမဂ္ဂရန်ကုန်ရုံးက ယနေ့နေ့လယ် ၂ နာရီခွဲခန့်က ထုတ်ပြန်ထားပြီး ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် အဆိုပါရုံးတွင် အလံတစ်ဝက်စိုက်ထူထားသည်။
သေဆုံးသွားသူ ၂၈ အရွယ် ကိုပြည့်စုံဝင်းမောင်မှာ အိမ်ထောင်ပြုထားသည်မှာ တစ်နှစ်ပင်ရှိသေးသည်ဟု ၎င်း၏မိသားစုဝင်များထံမှ သိရသည်။