အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဖားကန့်တွင် လူငယ်နှစ်ဦး သတ်ဖြတ်၊ အလောင်းစွန့်ပစ်ခံရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ရှရော်ခကျေးရွာအနီး အသက် ၂၀ ဝန်းကျင်ခန့်အရွယ် လူငယ်နှစ်ဦး၏ ဒဏ်ရာများဖြင့် ရုပ်အလောင်းများ စွန့်ပစ်ထားသည်ကို ယနေ့ (မေ ၅) နံနက်တွင် တွေ့ရှိခဲ့ရသည်ဟု ဖားကန့်ဒေသခံအချို့က ပြောသည်။

ယနေ့နံနက် ဈေးဝယ်သူအချို့က အဆိုပါအလောင်းများကို စတင်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး အလောင်းများတွင် ရိုက်နှက်ထားသည့် ဒဏ်ရာများအပြင် တစ်ဦးမှာ ဦးခေါင်းတွင် သေနတ်ဒဏ်ရာ တွေ့ခဲ့ရသည်ဟု မျက်မြင်တွေ့ရှိခဲ့သည့် အသက် ၄၀ ကျော်အရွယ် ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“ကောင်လေးတွေက ငယ်ငယ်လေးတွေ။ တစ်ယောက်က ခေါင်းကို သေနတ်နဲ့ ပစ်ထားတာ။ နောက်တစ်ယောက်က ရင်ဘတ်နဲ့ လည်ပင်းနားမှာ အပေါက်တွေဖြစ်နေတယ်။ သေနတ်နဲ့ပစ်လား ဓားနဲ့ထိုးထားလားတော့ မသိဘူး” 

အဆိုပါသတ်ဖြတ်ခံရသူ လူငယ်နှစ်ဦးမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၊ ဝါရင့်တော်လှန်ရေးအဖွဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်ဖွဲ့ဝင်များ ဖြစ်နိုင်သည်ဟု ဒေသခံများက သုံးသပ်နေသော်လည်း Myanmar Now အနေဖြင့် မည်သူမည်ဝါဖြစ်ကြောင်း သီးခြားအတည်မပြုနိုင်သေးပေ။

Myanmar Now သို့ ပေးပို့လာသော ဓာတ်ပုံများအရ ဘောလုံးအင်္ကျီဝတ်ထားသော လူငယ်နှစ်ဦးမှာ မနီးမဝေးတွင် မှောက်လျက် လဲကျနေပြီး တစ်ဦးမှာ လည်ပင်းအနီး ကျပ်ပြားဝိုင်း အပေါက်တစ်ခုတွေ့ရကာ တစ်ဦးမှာ ဦးခေါင်း ပစ်ခတ်ခံထားရ၍ မျက်နှာပွင့်ထွက်နေသည်။ 

ယမန်နေ့က ဖားကန့်မြို့နယ်၊ မလန်းယန်ရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး လူငယ်လေးဦးကို ဖမ်းဆီးသွားသောကြောင့် ယခုသေဆုံးသူ နှစ်ဦးမှာ အဆိုပါ ဖမ်းဆီးခံလူငယ်များထဲမှ ဖြစ်နိုင်သည်ဟုလည်း ဒေသခံများ ခန့်မှန်းပြောဆိုကြသည်။

KIA,PDF များနှင့် နီးစပ်သူ အသက် ၄၀ ကျော်အရွယ် ဖားကန့်မြို့ခံ အမျိုးသားတစ်ဦးက‌ ထိုလူငယ်နှစ်ဦးမှာ PDF များ မဖြစ်နိုင်ဘဲ စစ်ကောင်စီက လူထုထိတ်လန့်အောင် လုပ်ဆောင်ပြခြင်းသာဖြစ်ကြောင်း သုံးသပ်သည်။

ဘောလုံးအင်္ကျီဝတ်ဆင်ထားသည့် လူငယ်နှစ်ဦးမှာ မနီးမဝေးတွင် မှောက်လျက် လဲကျနေသည်။ (ဓာတ်ပုံ- ပေးပို့)

“ပြည်သူတွေ မကြောက်ကြောက်အောင် လုပ်ပြတဲ့သဘောပေါ့။ အရင်ကလည်း Happy KTV အရှေ့မှာ သတ်ပြပြီးပြီလေ။ စစ်ကောင်စီကတော့ ဘယ်သူမဆို ဘယ်သူကြီးပဲဖြစ်ဖြစ် သတ်နေတော့တာ” ဟု အထက်ပါ အမျိုးသားက ပြောသည်။ 

ယခုရက်ပိုင်းအတွင်း ဖားကန့်မြို့တွင် စစ်ကောင်စီက မြို့ပေါ်အနှံ့ ပိတ်ဆို့စစ်ဆေးမှုများပြုလုပ်နေသလို ဖားကန့်မြို့နယ်အတွင်း ကျေးရွာအချို့တွင်လည်း စစ်ကြောင်းထိုးလှုပ်ရှားမှုများ ရှိနေသည်ဟု ဖားကန့်ဒေသခံအချို့က ပြောသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ဧပြီလကုန်မှစ၍ ဖားကန့်မြို့နယ်တွင်းရှိ ကျေးရွာ ၄ ရွာထက်မနည်းမှ ဒေသခံ ၃၀၀ ကျော်ကို KIA,PDF ဆက်စပ်သံသယဖြင့် ဖမ်းဆီးခဲ့ပြီး ၎င်းတို့ထဲမှ တချို့ ပြန်လည်လွတ်မြောက်လာသော်လည်း အများစုမှာ ဆက်လက် ဖမ်းဆီးခံထားရဆဲဖြစ်သည်။

“အခုကတော့ ပိုက်စိပ်တိုက်ပြီး ဖမ်းမဲ့သဘော ရှိတယ်၊ ရွာလုံးကျွတ် ဖမ်း၊ ဖမ်းပြီးတာနဲ့ ချုပ်ထား၊ ပြီးတော့မှ အဲဒီအထဲက ပြန်စစ်ဆေးပြီး လွှတ်၊ အဲဒီလိုမျိုးတွေလုပ်မဲ့သဘော ရှိတယ်” ဟု KIA,PDF များနှင့် နီးစပ်သူ အထက်ပါ ဖားကန့်မြို့ခံ အမျိုးသားက ပြောသည်။

ရွေးကောက်ခံအရပ်သားအစိုးရကို ဖြုတ်ချပြီး စစ်ကောင်စီတပ်က အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်အနှံ့ တိုက်ပွဲများဖြစ်ပွားခဲ့ရာတွင် ဖားကန့်မြို့နယ်တွင် တိုက်ပွဲများ ပိုမိုပြင်းထန်ခဲ့သည်။

ကျောက်စိမ်းအကျိုးစီးပွားရှိနေသည့် ဖားကန့်မြို့ကို စစ်ကောင်စီတပ်နှင့် KIA တို့က ထိန်းချုပ်နိုင်ရန် ကြိုးစားနေပြီး အပြန်အလှန် ဖမ်းဆီးသတ်ဖြတ်မှုများလည်း အဆက်မပြတ်ဖြစ်ပွားနေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button