သတင်း

ကိုဗစ်နိုင်တင်း ဓာတ်ခွဲစစ်ဆေးမှု တိုးမြှင့်မည်ဟု နိုင်ငံတော်သမ္မတရုံး တာဝန်ရှိသူဆို

မြန်မာနိုင်ငံတွင် ကိုဗစ်နိုင်တင်းရောဂါ ကူးစက်ပျံ့နှံ့မှုကို တိုက်ဖျက်နိုင်ရန်အတွက် ဓာတ်ခွဲစစ်ဆေးမှုများကို တိုးမြှင့်လုပ်ဆောင်နေပြီ ဖြစ်ကြောင်း နိုင်ငံ​တော်သမ္မတရုံး​ ပြောရေးဆိုခွင့်ရှိသူ ဦး​ဇော်​ဌေးက Myanmar Now ကိုပြောဆိုသည်။

ယခင်က ပြည်ပမှပြန်​ရောက်လာသူများ၊ ​ရောဂါပိုး​တွေ့ရှိသူနှင့်အနီးကပ် ထိ​တွေ့ခဲ့သူများကို အသွားအလာကန့်သတ် ​စောင့်ကြည့်ပြီး ​ရောဂါလက္ခဏာ​ပေါ်မှသာ စစ်​ဆေးခဲ့ခြင်းဖြစ်ကြောင်း၊ ယခုတွင်မူ ရောဂါပိုးတွေ့ ရှိသူများနှင့် အနီးကပ်ထိတွေ့ခဲ့သူများ အားလုံးကို ရောဂါပိုးရှိမရှိ စစ်ဆေးပြီးမှသာ Quarantine (အသွားအလာကန့်သတ်)မှ ပြန်လည်စေလွှတ်ရန် အစိုးရကဆုံးဖြတ်လိုက်ကြောင်း ၎င်းကဆိုသည်။

ယင်းအပြင် Quarantine ထားရှိ​စောင့်ကြည့်သည့် ပြည်​တော်ပြန်များကိုလည်း ​ရောဂါလက္ခဏာပြသည်အထိ မ​စောင့်ဘဲ ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိကို ​ရွေးထုတ်၍ ​ရောဂါပိုးစိစစ်​​မှုများ လုပ်​ဆောင်မည်ဟု ဦးဇော်​ဌေးကဆိုသည်။

ရောဂါပိုးတွေ့ရှိသူများနှင့် အနီးကပ်ထိတွေ့ခဲ့သူများ (Closed Contact) ကို ရှာဖွေဖော်ထုတ်ရေးကိုလည်း တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ဖွဲ့စည်းထားသည့် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီများက တာဝန်ယူ ဆောင်ရွက်​နေ​ကြောင်း ၎င်းထံမှသိရသည်။

မြန်မာအစိုးရက ဓာတ်ခွဲစစ်ဆေးမှုတိုးမြှင့်လိုက်ခြင်းကြောင့် ကိုဗစ်နိုင်တင်းရောဂါ ကူးစက်ခံထားရသူများကို ပိုမိုရှာဖွေတွေ့ရှိလာပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ယနေ့(ဧပြီ ၁၂) ညနေ ၆ နာရီ ၃၀ မိနစ်အထိ ထုတ်ပြန်ချက်အရ ရောဂါပိုးတွေ့သူမှာ ၃၉ ဦးရှိပြီဖြစ်သည်။

ဧပြီ ၁၁ တွင် ဓာတ်ခွဲစစ်ဆေးမှုပမာဏကို တိုးမြှင့်စစ်ဆေးခဲ့ပြီး စောင့်ကြည့်လူနာ ၂၃၀ ဦး၏ ဓာတ်ခွဲနမူနာများကို ရယူစစ်ဆေးခဲ့ရာတွင် ၁၀ ဦး၌ရောဂါပိုးတွေ့ရှိရပြီး ကျန် ၂၂၀ တွင်ရောဂါပိုးမတွေ့ရှိကြောင်း ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ယနေ့ ဧပြီ ၁၂ တွင်လည်း ပထမအသုတ်အဖြစ် ဓာတ်ခွဲနမူနာ ၉၃ ခုကိုစစ်ဆေးခဲ့ရာတွင် တစ်ဦးသာ ကိုဗစ်နိုင်တင်းရောဂါပိုး တွေ့ခဲပြီး ၉၂ ဦးတွင် ရောဂါပိုးတွေ့ရှိခြင်းမရှိကြောင်း ယနေ့ညနေ ၆ နာရီ မိနစ် ၃၀ တွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ယင်းကြေညာချက်တွင် ပထမအသုတ်ဟု ဖော်ပြထားရာ ယနေ့ညပိုင်းတွင် ကျန်ရှိသည့် ဓာတ်ခွဲစစ်ဆေးမှု ရလဒ်များကို ဆက်လက်ထုတ်ပြန်သွားဖွယ်ရှိသည်။

ယနေ့ညနေပိုင်း ထုတ်ပြန်မှုတွင်ရောဂါပိုးတွေ့ရှိရသည့် ဓာတ်ခွဲအတည်ပြု လူနာနံပါတ် ၃၉ မှာရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် စောင့်ကြည့်လူနာအဖြစ် ကုသမှုခံယူနေသည့်ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်မှ အသက် ၈၅ နှစ်အရွယ် အမျိုးသားဖြစ်သည်။

လူနာနံပါတ် ၃၉ မှာယနေ့နံနက် ၆ နာရီတွင် သေဆုံးခဲ့ပြီး သေဆုံးရခြင်းမှာ ပြင်းထန်အဆုတ်ရောင်ရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါနှင့် နှလုံးသွေးကြောကျဉ်းရောဂါအခံရှိခြင်း တို့ကြောင့်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

ယနေ့အထိ မြန်မာနိုင်ငံတွင် ကိုဗစ်နိုင်တင်းရောဂါပိုးတွေ့သူ ၃၉ ဦးရှိပြီး သေဆုံးသူ ၄ ဦးရှိပြီဖြစ်သည်။

ဧပြီ ၁၂ ရက်နေ့နံနက် ၂ နာရီအထိ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်အရ မြန်မာနိုင်ငံတွင် စောင့်ကြည့်/သံသယလူနာ ၁၁၀၅ ဦးကို ဓာတ်ခွဲနမူနာရယူစစ်ဆေးခဲ့ရာတွင် ၉၂၄ ဦး၌ ရောဂါပိုးမတွေ့ရှိရဘဲ ၃၈ ဦး(ယနေ့ညနေ ထုတ်ပြန်သော တစ်ဦးမပါ)တွင်သာ ရောဂါပိုးတွေ့ရှိထားသည်။

Related Articles

Back to top button