
Myanmar Now က ဖတ်ရှုရသည့် စာအတုတွင် ‘ထိပ်တန်းလျှို့ဝှက်’ ဟု တွေ့ရပြီး ဒေါ်အောင်ဆန်းစုကြည်၏ Facebook ကို ဝင်ရောက်နိုင်ရန် Messenger သို့ပို့သည့် link များ၊ မဖွယ်မရာ ရုပ်ပုံများနှင့် အနှစ်သာရမရှိသောစာများကို လက်ခံရရှိသည်ဟု ‘စာအတု’ တွင် ရေးသားထားသည်။
ထို့ကြောင့် အဆိုပါ ‘နှောင့်ယှက်လျက်ရှိသည့် မသမာသူများအား ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆိုင်ဘာ အထူးရဲတပ်ဖွဲ့တို့၏ အကူအညီကို ရယူလျက် သိုသိပ်စွာ လိုက်လံဖမ်းဆီး ထိန်းသိမ်းကာ တရားဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရန်’ အကြောင်းကြားထားသည်ဟု စာအတု တွင် တွေ့ရသည်။
သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေး၏ ပြောဆိုချက်အရ ယင်းကိစ္စကို လိုက်လံစိစစ်ရာ စာအတုကို အစောဆုံးဖော်ပြသည့် ဖေ့စ်ဘွတ်ခ်စာမျက်နှာနှင့် Facebook Group များမှာ “နိုင်ငံရေးပါတီကြီးတစ်ခုနှင့် အဖွဲ့အစည်းတစ်ခု” တို့၏ လုပ်ဆောင်ချက်သတင်းများကို အသားပေးဖော်ပြထားသည်များကို တွေ့ရသည်ဟုဆိုသည်။ သို့သော် မည်သည့်ပါတီနှင့်အဖွဲ့အစည်းဖြစ်သည်ကိုမူ ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။
“ပြည်သူကို မျက်နှာမူသော နိုင်ငံရေးပါတီများ၊ အဖွဲ့အစည်းများအတွက် လုံးဝ မပြုသင့်သော လုပ်ဆောင်ချက် ဟု ထင်မြင်ယူဆပါသည်။ နိုင်ငံရေး အောက်တန်းကျသည့် လုပ်ရပ်ဟု ပြင်းပြင်းထန်ထန် ရှုတ်ချပါသည်” ဟု ဦးဇော်ဌေးက သတင်းထောက်များကို ဖြေကြားသည့်စာတွင် ရေးသားထားသည်။
အဆိုပါစာအတုတွင် ‘နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးကိုယ်စား ညွှန်ကြားရေးမှူးချုပ် ကျော်ထွန်းသက်’ ဟု လက်မှတ်ရေးထိုးထားသည်ကို တွေ့ရသည်။
ယင်း စာအတုကို လွှင့်တင်ဖြန့်ချိခဲ့သည့် စာမျက်နှာများကို ရှာဖွေစိစစ်၍ ဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဟု ဦးဇော်ဌေးက ဆိုသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် သူ၏ဖေ့စ်ဘွတ်ခ်စာမျက်နှာကို ဧပြီ ၆ ရက် တွင်စတင်သုံးစွဲခြင်းဖြစ်ပြီး ကိုဗစ်နိုင်တင်း (COVID-19) ကပ်ရောဂါနှင့်ပတ်သက်၍ ရေးသားမှုများ၊ တိုက်ရိုက်ထုတ်လွှင့်မှုများ ပြုလုပ်လျက်ရှိသည်။