သတင်း

တရားရုံးရှေ့ ရဲက ‘အကြမ်းဖက်မှု’ အပေါ် ဖြေရှင်းပေးရန် ဗကသက အစိုးရကိုတောင်းဆို

ရဲတပ်ဖွဲ့ဝင်များက ၎င်းတို့ကို “အကြမ်းဖက်ရိုက်နှက်” ခဲ့သည့်အပေါ် အစိုးရတာဝန်ရှိသူများဘက်က ထိုကိစ္စကို ဖြေရှင်းပေးရန် မကြာသေးမီက တရားရုံးရှေ့ ရဲတပ်ဖွဲ့ဝင်များနှင့် ရုန်းရင်းဆန်ခတ် ပဋိပက္ခဖြစ်ခဲ့သည့် ကျောင်းသားများက တောင်းဆိုလိုက်သည်။

ကြိုတင်အသိမပေးဘဲ စီတန်းလှည့်လည်ခဲ့မှုဖြင့် တရားစွဲခံထားရသည့် ရန်ကုန် ပညာရေးတက္ကသိုလ်နှင့် ရန်ကင်းပညာရေးကောလိပ်တို့မှ ကျောင်းသားများကို ရုံးထုတ်သည့် မတ် ၁၂ တွင် လာရောက်ဝန်းရံသူ ကျောင်းသားများနှင့် ရဲဝန်ထမ်းများအကြား ကမာရွတ်တရားရုံးရှေ့ ပဋိပက္ခဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထိုနေ့က အင်းစိန်မှတရားရုံးသို့ ရုံးအထုတ်တွင် ရဲတပ်ဖွဲ့ဝင်များက ကျောင်းသူများကာယိန္ဒြေပျက်သည်အထိ အချုပ်ကားပေါ်အတင်းဆွဲတင်ခြင်း၊ ဆဲဆိုခြင်းတို့ကြောင့် တရားရုံးရောက်သော်လည်း ကျောင်းသား ကျောင်းသူများက အချုပ်ကားပေါ်မှမဆင်းဘဲ ဖြေရှင်းပေးဖို့ တောင်းဆိုခဲ့ကြောင်း၊ ထို့ပြင် ကမာရွတ် မြို့နယ်တရားသူကြီးက အမှုမစစ်ဘဲ ရုံးချိန်းထပ်ပေးခြင်းတို့ကြောင့် ကျောင်းသားများက တရားသူကြီး ရုံးခန်းရှေ့ ထိုင်နေစဉ် ရဲတပ်ဖွဲ့ဝင်များက အင်အားသုံးဆွဲခေါ်ကာ အချုပ်ကားပေါ် ဆွဲတင်ကြောင်း အဆိုပါနေ့က ဝန်းရံသည့် ကျောင်းသားများက ပြောသည်။

ထို့ပြင် လာရောက်ဝန်းရံသော ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂ (ဗကသ) မှ ကျောင်းသား ၃၀ ခန့်က အချုပ်ကားရှေ့တွင် ပိတ်ရပ်တားဆီးခဲ့သလို ရုံးထုတ် ကျောင်းသားများ၏ မိသားစုဝင်များကို တရားရုံးအတွင်း ပေးမဝင်ခြင်းကြောင့် ဟုဆိုကာ ဝန်းရံကျောင်းသားများက တရားရုံးကို ဖိနပ်များ၊ ခဲများဖြင့် ပစ်ပေါက်ပြီးနောက် လုံခြုံရေးယူထားသည့်ရဲများနှင့် ပဋိပက္ခဖြစ်ပွား ခဲ့ခြင်းဖြစ်ကြောင်း  The Voice Daily သတင်းစာ၏ သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

အဆိုပါဖြစ်ရပ်နှင့်ပတ်သက်ပြီး အစိုးရခေါင်းဆောင်များနှင့် ပြည်ထဲရေးဝန်ကြီး ဌာနတို့က တာဝန်ယူ ဖြေရှင်းပေးရန် လိုအပ်ကြောင်းဗကသ ဥက္ကဋ္ဌ ကိုသက်မောင်မောင်က မတ် ၂၃ ရုံးချိန်းအပြီးတွင်ပြောသည်။

“အကြမ်းဖက် ဖြိုခွင်းတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အနေနဲ့ ကန့်ကွက်ရှုတ်ချတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ တာဝန်ရှိသူတွေ အနေနဲ့ ဖြေရှင်းပေးဖို့ ကျွန်တော်တို့ တောင်းဆိုပါတယ်” ဟု ၎င်းက Myanmar Now ကို ပြောသည်။

ဗကသ ပညာရေးဆိုင်ရာ တွဲဖက် အတွင်းရေးမှူး ကိုညီညီမင်းထွဋ်ကလည်း မတ် ၁၂ ရုံးထုတ်ဖြစ်စဉ်တွင် ရဲက ၎င်းကိုအကြမ်းပတမ်း ကိုင်တွယ်ခဲ့သည်ဟု ပြောသည်။

“ကျွန်တော်ကို ကုပ်ကနေဆွဲပြီး​တော့ တရွတ်တိုက်ဆွဲခေါ်သွားတယ်။ ပြီးတော့ ခေါင်းကို ဖိနပ်နဲ့နင်းတယ်။ လက်တွေကိုလည်း ဖိနပ်နဲ့ နင်းတယ်” ဟု ၎င်းက ပြောသည်။

ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းဟန်ကမူ ‘အကြမ်းဖက်ရိုက်နှက်’ သည် ဆိုသောစွပ်စွဲချက်ကို ပယ်ချလိုက်ပြီး အပြင်မှလာရောက်ဝန်းရံသည့် ကျောင်းသားများက ရုံးထုတ်လာသည့်ကျောင်းသားများရှေ့မှ ပိတ်ဆို့ထားခဲ့ခြင်းသာဖြစ်ပြီး ဖျောင်းဖျပြောဆိုသော်လည်း မရသဖြင့် အင်အားသုံးဖယ်ရှားခဲ့ရခြင်းသာ ဖြစ်သည်ဟု ပြောသည်။

“ကျွန်တော်တို့ က ဥပဒေနဲ့ အညီပဲ အသာတကြည်ခေါ်လို့ ရရင် အသာတကြည်ခေါ်မယ်။ အသာတကြည် ခေါ်လို့မရရင် အင်အားသုံးပြီးခေါ်မယ်။ ကားပေါ်တင်မယ်။ ဒါပဲလေ။ ရိုက်လို့ နှက်လို့ ထိုးလို့ကြိတ်လို့ မရဘူး။ သူတို့က အသာတကြည်မလိုက်ဘူး။ ဝန်းရံ အဖွဲ့တွေက အင်အားသုံးပြီးတော့ ရှေ့က ပိတ်ပြီး ကာထားတယ်။ အဲဒီအပေါ်မှ ကျွန်တော်တို့က သူတို့ကို ရအောင်ပြန်ပြီး ခေါ်ရတာ” ဟု၎င်းက Myanmar Now ကိုပြောသည်။

လာရောက် ဝန်းရံခဲ့သည့် ကျောင်းသားများကို အချုပ်ကားပေါ်သို့ ဖမ်းဆီး တင်ဆောင်ခဲ့သော်လည်း ထိုတရားရုံးရှေ့တွင်ပင် အချုပ်ကားပေါ်မှ ပြန်လွှတ်ပေးခဲ့ပြီး တရားစွဲဆိုခဲ့ခြင်းလည်း မရှိကြောင်း ၎င်းက ဆက်ပြောသည်။

မတ် ၂၃ ရုံးချိန်းတွင်လည်း ကျောင်းသားကျောင်းသူ ၅၀ ခန့် လာရောက်ဝန်းရံခဲ့ကြပြန်ပြီး ရုံးချိန်းပြီးသည်နှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရရုံးအထိ ချီတက်ကာ မတ် ၁၂ ကိစ္စကို ဖြေရှင်းပေးဖို့ တောင်းဆိုရန် ရည်ရွယ်ခဲ့သော်လည်း ကမ္ဘာ့ကပ်ရောဂါအဖြစ်ကြေညာခံထားရသည့် ကိုရိုနာဗိုင်းရပ်ရောဂါနှင့် ပတ်သက်၍ စိုးရိမ်နေကြချိန် လူစုလူဝေးမဖြစ်ပေါ်စေလိုသဖြင့် အစီအစဉ်ကိုပြန်ဖျက်ခဲ့ကြောင်း ဗကသ ဗဟိုအလုပ်အမှုဆောင် ကိုနောင်ချိုက ပြောသည်။

အကယ်၍ အာဏာပိုင်များဘက်က ထိုကိစ္စကိုပြေလည်အောင်မဖြေရှင်းပါက ဗကသ ဗဟိုကော်မတီဝင် ကျောင်းသားများ စာမေးပွဲပြီးသည့်နောက် လှုပ်ရှားမှုဆက်လုပ်မည်ဟု ကိုသက်မောင်မောင်က ပြောသည်။ မည်သို့လှုပ်ရှားမည်ကိုတော့ မပြောပြပါ။

ရခိုင်မြောက်ပိုင်း အင်တာနက်ဖြတ်တောက်မှု၊ ဘူးသီးတောင် စာသင်ကျောင်း လက်နက်ကြီးထိမှန်သဖြင့် ကလေးငယ် ၂၁ ဦး ဒဏ်ရာရရှိသွားမှုတို့အပေါ် တက္ကသိုလ်ကျောင်းသားများက ရန်ကုန်၌ ဖေဖော်ဝါရီ ၂၃ တွင် ဆန္ဒဖော်ထုတ်ခဲ့ကြသည့်နောက် ဦးဆောင်သူကိုးဦးကို ကမာရွတ်ရဲစခန်းက ထောင်ဒဏ်သုံးလအထိ ချနိုင်သော ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဥပဒေ ပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ကာ ၎င်းတို့ကို မတ် ၅ တွင် ရန်ကုန်ပညာရေးတက္ကသိုလ်ဝင်းအတွင်း ဝင်ရောက်ဖမ်းဆီးခဲ့သည်။

Show More

Related Articles

Back to top button