ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမား နှစ်ဦးတွင် ကိုရိုနာဗိုင်းရပ်ပိုးတွေ့ရှိသဖြင့် ထိုင်းဆေးရုံတစ်ရုံတွင် ကုသမှုခံယူနေသည်ဟု ထိုင်းနိုင်ငံဘက်က မြန်မာနိုင်ငံကျန်းမာရေးဝန်ကြီးဌာနကို ချိတ်ဆက် အကြောင်းကြားလာသည်ဟု ဝန်ကြီးဌာန အဆင့်မြင့်အရာရှိတစ်ဦးက Myanmar Now ကိုပြောသည်။
ဘန်ကောက်မြို့ရှိ မြန်မာရွှေ့ပြောင်း အမျိုးသားနှင့် အမျိုးသမီးတို့တွင် ကိုရိုနာဗိုင်းရပ် ကူးစက်ခံထားရခြင်းဖြစ်ပြီး ၎င်းတို့၏ ကိုယ်ရေးအချက်အလက် အသေးစိတ်ကို မသိရှိရသေးကြောင်း ကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ၏ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ဆိုသည်။
၎င်းနှစ်ဦးနှင့် နီးစပ်ခဲ့သူများကိုလည်း စစ်ဆေးခြင်းများ ဆောင်ရွက်မည်ဟု ထိုင်းကပြောကြောင်း ၎င်းက ပြောသည်။
မြန်မာရွှေ့ပြောင်းအလုပ်သမား နှစ်ဦး ကူးစက်ခံရကြောင်း ထိုင်းနိုင်ငံ၊ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန၊ ရောဂါထိန်းချုပ်ရေးဌာနမှ အကြီးအကဲတစ်ဦးဖြစ်သည့် Mr. Surasak Thanaisawanyangkoon ဆိုသူက ယနေ့ နေ့လယ်ပိုင်းတွင်၎င်း၏ Facebook စာမျက်နှာပေါ်တွင် စတင်ရေးသားခဲ့သည်။
ဘန်ကောက်ရှိ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးကမူ မြန်မာလုပ်သားနှစ်ဦး ဗိုင်းရပ် ကူးစက်ခံရကြောင်း အတည်ပြုနေဆဲဟုသာ Myanmar Now ကိုပြန်လည်ဖြေကြားသည်။ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် အဆိုပါ သံရုံးသို့ ထပ်မံ ဆက်သွယ်မေးမြန်းရာ အစည်းအဝေး ပြုလုပ်နေ၍ မဖြေကြား နိုင်သေးကြောင်း ဆိုသည်။
ယခုနှစ်ယောက်နှင့်ဆိုလျှင် ရောဂါပိုးကူးစက်ခံရသည်ဟု သတင်းထွက်ပေါ်သည့် မြန်မာနိုင်ငံသား သုံးဦးရှိပြီဖြစ်သည်။ စင်ကာပူတွင် အိမ်အကူ လုပ်နေသည့် မြန်မာနိုင်ငံသားအမျိုးသမီးတစ်ဦး ရောဂါကူးစက်ခံထားရသည်ဟု မတ်လအစောပိုင်းတွင် စင်ကာပူ ကျန်းမာရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။
တရုတ်နိုင်ငံ၊ ဟူပေပြည်နယ် အမျိုးသမီးအကျဉ်းထောင်တွင် မြန်မာအမျိုးသမီး အကျဉ်းသားနှစ်ဦး ကိုရိုနာဗိုင်းရပ် ရောဂါပိုး ကူးစက်ခံရ၍ ဆေးရုံတက်ကုသမှုယူရကြောင်း ပေကျင်းအခြေစိုက် မြန်မာသံရုံးက ဖေဖော်ဝါရီတွင် သတင်းထုတ်ပြန်ဖူးသော်လည်း အဆိုပါ အကျဉ်းသား နှစ်ဦးမှာ မြန်မာနိုင်ငံသား ဖြစ်ကြောင်း အတည်မပြုနိုင်ဟု သံရုံးမှ ပြောရေးဆိုခွင့် ရှိသူက ဆိုခဲ့သည်။
အကျဉ်းကျနေသည့် “မြန်မာနိုင်ငံသားဟုဆိုသူ” နှစ်ဦးမှာ ကုသမှုခံယူပြီး ၁၀ရက်ကျော်ခန့်အကြာတွင် ဆေးရုံမှ ပြန်ဆင်းသည့်အကြောင်းကို ပေကျင်းအခြေစိုက် မြန်မာသံရုံးက သတင်းထုတ်ပြန်ပေးခဲ့သည်။
မြန်မာအလုပ်သမားနှစ်ဦး ရောဂါ ကူးစက်ခံရကြောင်း သတင်းကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် ထိုင်းနိုင်ငံ၏ ကျန်းမာရေးဝန်ကြီးဌာနတို့က တရားဝင် မထုတ်ပြန်သေးဟု ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအရေး ကူညီဆောင်ရွက်ပေးနေသည့် AAC မဟာမိတ်အဖွဲ့တည်ထောင်သူ ဦးရဲမင်းကလည်းပြောသည်။
ထိုင်းနိုင်ငံရှိ ကျန်းမာရေးနှင့် ပတ်သက်သည့် အရပ်ဘက်အဖွဲ့အစည်းများပင် မြန်မာရွှေ့ပြောင်းလုပ်သားနှစ်ဦး ကူးစက်ခံရသည့် သတင်းကို အတည်မပြုနိုင်သေးသည့် အခြေအနေဖြစ်ကြောင်း ၎င်းက ဆိုသည်။
ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံသားများ ရွှေ့ပြောင်းအလုပ်လုပ်ကိုင်မှု အများဆုံး အိမ်နီးချင်းနိုင်ငံဖြစ်ပြီး ထိုင်းနိုင်ငံရောက် အရပ်ဘက်အဖွဲ့အစည်းများပြုစုသော ၂၀၁၉ စာရင်းအရ တရားဝင်လုပ်ကိုင်သူနှင့် တရားမဝင်လုပ်ကိုင်သူ လုပ်သားဦးရေ လေးသန်းကျော် ရှိကြောင်း ဦးရဲမင်းက ဆိုသည်။
ထိုင်းနိုင်ငံတွင် ရောဂါကူးစက်ခံရသူ ၃၂၂ ဦး ရှိပြီး တစ်ဦးသေဆုံးကြောင်း ထိုင်းနိုင်ငံ၊ ကျန်းမာရေးဝန်ကြီးဌာန၏ ရောဂါထိန်းချုပ်ရေးဌာန ဝက်ဆိုက်တွင် ယနေ့ရက်စွဲဖြင့် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် စောင့်ကြည့်လူနာ ၁၇၃ ဦးနှင့် သံသယလူနာ ၂ ဦးစုစုပေါင်း ၁၇၅ ဦးရှိပြီး ၁၅၇ ဦးတွင် ရောဂါပိုးမတွေ့ရဘဲ ကျန် ၁၈ ဦးမှာ ဓာတ်ခွဲအဖြေစောင့်ဆိုင်းဆဲဖြစ်ကြောင်း ယနေ့ညနေတွင် မြန်မာနိုင်ငံ၊ အားကစားနှင့်ကျန်းမာရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
မတ် ၂၀ ည ၇ နာရီအထိ ကမ္ဘာတစ်ဝန်း Covid-19 ရောဂါကူးစက်ခံရသူ ၂၅၃,၂၇၉ ဦးရှိပြီး ၁၀,၅၁၄ ဦး သေဆုံးခဲ့ပြီးဖြစ်သည်ဟု nCov2019.live ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ ရောဂါကူးစက်ခံရသည့် နိုင်ငံများအနက် အီတလီနိုင်ငံမှာ သေဆုံးသူ ၃၄၀၅ ဦးဖြင့် အမြင့်ဆုံးဖြစ်သည်။