မကွေးတိုင်းအစွန်ဆုံး မြိုင်မြို့နယ်မြောက်ပိုင်းရှိ မန်ကျည်းကန်ရွာ၌ ဒေသခံလူထုက စီမံခန့်ခွဲနေသည့် ဆေးရုံကို ဧပြီလ ၁၈ ရက်တွင် စစ်ကောင်စီက ရဟတ်ယာဉ်များဖြင့် ဝင်ရောက်စီးနင်းပြီးနောက် ဖမ်းဆီး ခေါ်ဆောင်သွားသူ ၂၁ ဦးအနက် ၁၀ ဦးပြန်လွတ်လာသည်ဟု သိရသည်။
ယခုလ ၂၂ ရက်နေ့က ပြန်လွတ်လာသူများမှာ အမျိုးသားများဖြစ်ကြောင်း၊ ဆက်လက်ဖမ်းဆီးခံထားရသူ ၁၁ ဦးနှင့် ပတ်သက်၍ စုံစမ်းမရသေးကြောင်း မကျည်းရွာ၌ ကိုယ်ထူကိုယ်ထဆေးရုံဖြစ်မြောက်ရေး ဦးဆောင်နေသည့် ဒေသခံအမျိုးသားက ဆိုသည်။
“လွှတ်ပေးလိုက်တဲ့ သူတွေကတော့ နည်းနည်းပါးပါးလောက် မေးတာမြန်းတာရှိတယ်။ သိပ်စစ်တာဆေးတာမရှိဘူး ပြောတယ်။ နောက်ထပ်လူတွေ အခြေအနေကတော့ နားစွင့်နေတုန်း” ဟု ၎င်းက လွန်ခဲ့သည့် တနင်္လာနေ့တွင် ပြောသည်။
စစ်တပ်က ဆက်ဖမ်းထားသူများတွင် အမျိုးသမီးတစ်ဦးနှင့် ဆရာဝန်နှစ်ဦး ပါဝင်ပြီး ကျန်သူများမှာ ဆေးကုသမှု ခံယူနေရသည့် လူနာများနှင့် ရွာသားများဖြစ်သည်ဟု သိရသည်။
ချင်းပြည်နယ်အစပ်ရှိ ယောဒေသအပြင် စစ်ကိုင်းတိုင်းမှ ပုလဲမြို့နယ်နှင့်ပါ နယ်မြေချင်း ထိစပ်နေသော မြိုင်မြို့နယ် မန်ကျည်းကန်ရွာ၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များ ခိုအောင်းနေသည်ဟုဆိုကာ စစ်တပ်က ရဟတ်ယာဉ်များဖြင့် အင်အားအလုံးအရင်း အသုံးပြုကာ ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။
ထိုသို့ စီးနင်းခံရစဉ် လူငယ်တစ်ဦး သေဆုံးကာ အခြားသူ ၂၁ ဦး ဖမ်းဆီးခေါ်ဆောင်ခံရသည့်အပြင် ဆေးရုံရှိ ကျပ်သိန်း ၅၀၀ တန် ဓာတ်မှန်စက် ပျက်စီးပြီး ပင်မဆောင်သည်လည်း ကျည်ဆန်ရာဗရပွဲနှင့် ပြိုကျလုနီးပါးအထိ ဖြစ်ခဲ့သည်။
မန်ကျည်းရွာဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့ရာတွင် ဆေးခန်းအတွင်း ဗုံးခိုကျင်းတွေ့ရသည့်အပြင် လက်ပစ်ဗုံး၊ ဗုံးသီးနှင့် ကျည်မျိုးစုံအပြင် မော်တော်ယာဉ် ၃ စီးနှင့် ဆိုင်ကယ် ၅ စီး၊ အနီးရှိ ကန်ကြီးရွာမှ လက်ပစ်ဗုံး ၁ လုံး၊ မော်တော်ယာဉ် ၁ စီးနှင့် ဆိုင်ကယ် ၁၅ စီး သိမ်းဆည်းရမိသည်ဟု ဆိုသည်။
အလစ်အငိုက် ဝင်ရောက်ပြီးနောက် PDF အပါအဝင် ပတ်သက်ဆက်နွှယ်သူများဟု ယူဆရသူ အမျိုးသား ၁၀ ဦးနှင့် အမျိုးသမီး ၂၀ ကို ဖမ်းဆီးခဲ့သည်ဟု စီးနင်းပြီးနောက်တစ်ရက် စစ်ကောင်စီထုတ်ပြန်ချက်တွင် ဖော်ပြသည်။
စစ်တပ်၏ ထုတ်ပြန်ချက်သည် အလိမ်အညာသာဖြစ်ကြောင်း၊ လက်နက်ခဲယမ်းများမှာ ဆေးခန်းအတွင်းမှ မဟုတ်ဘဲ ရွာအပြင်ရှိ PDF စခန်းမှ သိမ်းဆည်းရမိခြင်းသာဖြစ်ကြောင်း ဆေးရုံဖြစ်မြောက်ရေး ဦးဆောင်သူက တုံ့ပြန်သည်။
နိုင်ငံအနှံ့မှ အခြားဖြစ်စဉ်များ အပါအဝင် မန်ကျည်းကန်ရွာနှင့် ပတ်သက်၍ ယခုလ ၂၂ ရက်ထုတ် နိုင်ငံပိုင်သတင်းစာများ၌ စစ်ကောင်စီက ထပ်မံထုတ်ပြန်ခဲ့ရာတွင် လူငယ်တစ်ဦး အသတ်ခံရသည့်အကြောင်း ဖော်ပြခြင်း မရှိပေ။
အသက် ၁၅ နှစ်အရွယ် ဖြိုးထက်မောင်ဆိုသူမှာ ရွာတောင်ဘက်သို့ ထွက်ပြေးရန် ကြိုးပမ်းစဉ် ရဟတ်ယာဉ်ပေါ်မှ ဆင်းလာသည့်စစ်သားများနှင့် ပတ်ပင်းတိုးကာ ရိုက်နှက်သတ်ဖြတ်ခံရသည်ဟု ဒေသခံတို့က ဆိုသည်။ စစ်တပ်ပြန်ထွက်သွားပြီးနောက် သွားတစ်ချောင်းမျှ မရှိတော့သည့်အပြင် ခြေတစ်ချောင်း ရိုက်ချိုးခံထားရသည့် ထိုလူငယ်၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။
“ခန္ဓာကိုယ်အနှံ ရိုက်နှက်ထားတာ။ မျက်နှာကလည်း အရင်ကတည်းက သိနေတဲ့ ကလေးမို့သာ မှန်းလို့ရတာ။ ရစရာမရှိတော့ဘူး။ သူ့မိဘတွေ ရင်ကျိုးမှာစိုးလို့ လေယာဉ်နဲ့ပစ်တဲ့အချိန် ထိသွားတယ်လို့ပဲ ပြောထားရတယ်” ဟု ဆေးရုံဖြစ်မြောက်ရေး ဦးဆောင်နေသူ အထက်ပါ ဒေသခံက ပြောသည်။
ကိုယ်ထူကိုယ်ထလည်ပတ်နေသည့် ဆေးရုံ
စစ်တပ်က အာဏာသိမ်းပြီးနောက် မြိုင်မြို့နယ် မန်ကျည်းကန်ရွာရှိ ကျေးလက်ဆေးပေးခန်းကို ရပ်ရွာလူထုက မွေးလူနာများအတွက် ခွဲစိတ်ခန်းအပါအဝင် လူနာ ၅၀ ခန့်အထိ လက်ခံကုသပေးနိုင်သည့် ဆေးရုံအဖြစ် တိုးချဲ့ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ဦးဆောင်သူထံမှ သိရသည်။ ၂၀၂၁ ခုနှစ် နိုဝင်ဘာလကတည်းက ကိုယ်ထူကိုယ်ထလည်ပတ်နေသည့် ဆေးရုံဖြစ်သည်ဟု ဆိုသည်။
ကျေးလက်ဆေးပေးခန်းဟူသော ဆိုင်းဘုတ်ရှိရာ ဆေးရုံအတွင်း ပင်မဆောင်ကို ၂၀၁၄ ခုနှစ်တွင် ဂျပန်နိုင်ငံက ဆောက်လုပ်လှူဒါန်းခဲ့ခြင်းဖြစ်သည်။ မြိုင်မြို့နယ်အတွင်း ကျေးရွာအချို့တွင် ဂျပန်က ဆောက်လုပ်လှူဒါန်းသည့် အလားတူ ဆေးပေးခန်းများလည်း ရှိသည်။
အာဏာမသိမ်းမီက မန်ကျည်းကန်ရွာတွင် ဂျပန်က ဆောက်လုပ်ပေးသည့် ဆေးခန်းပင်မဆောင်နှင့် ဝန်ထမ်းများအတွက် အဆောင်တစ်ခုသာ ရှိခဲ့သော်လည်း အာဏာသိမ်းပြီးနောက် ဒေသခံလူထုအစီအစဉ်ဖြင့် အခြားအဆောင်သုံးခု တိုးချဲ့ဆောက်လုပ်ခဲ့သည်ဟု သိရသည်။
တိုးချဲ့ဆောင်များတွင် အုပ်ကာသွပ်မိုးအဆောင်တစ်ခုသာ ရှိပြီး ကျန်အဆောင်နှစ်ခုမှာ ထန်းရွက်မိုးကာ သစ်သားဝါးတို့ဖြင့် တည်ဆောက်ထားခြင်းဖြစ်သည်။
ကျေးလက်ဆေးရုံတစ်ခုအဖြစ် တိုးချဲ့ထားသည့် မန်ကျည်းကန်ရွာရှိ ထိုဆေးရုံတွင် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)တွင် ပါဝင်နေသည့် အရိုးအထူးကုဆရာဝန်တစ်ဦး၊ သားဖွာမီးယပ်ဆရာဝန်နှစ်ဦး၊ အထွေထွေရောဂါကုဆရာဝန်နှစ်ဦး ဦးဆောင်ကာ ဆေးကုသပေးနေကြောင်း၊ ဆေးတက္ကသိုလ်တက်ရောက်ခဲ့သည့် ကျောင်းသားများလည်း လုပ်အားပေးနေကြောင်း ဦးဆောင်သူက ပြောသည်။
ဆရာဝန်နှင့် သူနာပြုများ အပါအဝင် ဆေးဝန်ထမ်း ၃၀ ခန့်ဖြင့် နေ့စဉ်ကုသပေးနေပြီး ဒေသခံရွာများမှ ကိုယ်ဝန်ဆောင်များ အများဆုံးလာရောက်ကြကာ မွေးလူနာ ၇၀၀ ထက်မနည်းကို မီးဖွားပေးနိုင်ခဲ့သည်ဟုလည်း ၎င်းထံမှ သိရသည်။
“ထမင်းကုသိုလ်ရှင်ဆိုတာ နေ့တိုင်းရှိတယ်။ စားချင်တဲ့လူမှန်သမျှ အကုန်လုံးစားလို့ ရနိုင်လောက်တဲ့ အနေအထားရှိတယ်။ ဆေးရုံလည်ပတ်နိုင်ပြီဆိုကတည်းက ဒီမှာ မွေးလူနာတွေ အများကြီးလာတယ်။ တစ်ရက်တည်း အများဆုံး ၇ ယောက်အထိ ဖွားပေးဖူးတယ်” ဟု ၎င်းက ပြောသည်။
မန်ကျည်းကန်ရွာဆေးရုံသို့ အနီးဝန်းကျင်ရှိ ရွာများအပြင် အခြားဒေသများမှ လာရောက်ဆေးကုသနေသူများရှိကြောင်း၊ စီးနင်းခံရသည့်နေ့က ကိုယ်ဝန်ဆောင် ၁၃ ဦးအပါဝင် ရာနှင့်ချီသော လူများ ခေတ္တထိန်းသိမ်းခံခဲ့ရသည်ဟုလည်း သိရသည်။
စစ်တပ်က ရဟတ်ယာဉ်ပေါ်မှနေ၍ စက်သေနတ်နှင့် လောင်ချာများဖြင့် တရစပ်ပစ်ခတ်စီးနင်းခဲ့သော်လည်း ၎င်းတို့ပြန်ထွက်သွားချိန် ရှင်းလင်းရေးလုပ်ငန်းစဉ် ၄၀ မမ အမျိုးအစား လောင်ချာကျည်ထည့် ဘူးခွံနှစ်ခုနှင့် ကျည်ဆန်ရာများကိုသာ တွေ့ရသည်ဟု မြိုင် PDF ခေါင်းဆောင် ဗိုလ် Cross က ပြောသည်။
“ဆေးရုံထဲမှာ ကျည်ခွံမျိုး ဘာမျိုးတော့ မတွေ့ရဘူး။ သူတို့ဘာသာ ဖျောက်သွားပုံရတယ်”
မန်ကျည်းကန်ရွာမှ ဖမ်းဆီးလာသူများအနက် အထွေထွေရောဂါကုဆရာဝန် ချမ်းငြိမ်းဆိုသူနှင့် နောက်ဆုံးနှစ် ဆေးကျောင်းသူတစ်ဦး ပြောဆိုသည့် ရုပ်သံကို စစ်ကောင်စီက ယခုလ ၂၃ ရက်တွင် သီးခြား ထုတ်ပြန်ခဲ့သည်။
ဆေးရုံတွင် မြိုင်၊ ပေါက်၊ ရေစကြို၊ ပုလဲမြို့နယ်တို့မှ PDF များ မိုင်းထိဒဏ်ရာရရှိကြသည့်အခါ ဆေးကုပေးရကြောင်း၊ အိမ်ပြန်ချင်ကြောင်း ပြောလျှင် သတ်မည်ဟု ခြိမ်းခြောက်သဖြင့် အကြောက်တရားဖြင့် ဆေးကုပေးရကြောင်း၊ ကျန်းမာရေးဝန်ထမ်းများကို လူသစ်စုဆောင်းခိုင်းကြောင်း ရုပ်သံတွင် ပါရှိသူနှစ်ဦးက ပြောဆိုထားသည်။
စစ်ကောင်စီထုတ်ပြန်သည့် ထိုရုပ်သံတွင် ဒေါက်တာချမ်းငြိမ်းဆိုသူက အသင့်ကိုင်ဆောင်ထားသည့် စာရွက်ကို ကြည့်ကာ ပြောဆိုသည်ကို တွေ့ရှိရသည်။
စစ်တပ်က ဝင်စီးပြီးနောက် မြိုင်မြို့နယ်မြောက်ပိုင်းရှိ ဒေသခံ ရွာသူရွာသားများ ထွက်ပြေးတိမ်းရှောင်နေရပြီး မန်ကျည်းကန်ရွာရှိ ဆေးရုံသည်လည်း အပြီးတိုင်ပျက်စီးသွားကာ လည်ပတ်နိုင်ခြင်း မရှိတော့ပေ။
(လွတ်လပ်သည့်မီဒီယာအဖြစ်ရေရှည်ရပ်တည်နိုင်ရေးသင်တို့အကူအညီလိုအပ်နေပါသည်။ဤနေရာတွင်https://www.userroll.com/site/register/m1f6penနှိပ်၍လှူဒါန်းနိုင်ပါသည်)