သတင်း

ဖားကန့်တွင် စစ်ကောင်စီတပ်ရင်းမှူး ပစ်သတ်ခံရပြီးနောက် လူငယ်နှစ်ဦး ပြန်အသတ်ခံရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် ယမန်နေ့က စစ်ကောင်စီတပ်ရင်းမှူး ပစ်သတ်ခံရပြီးနောက် ယနေ့ (ဧပြီ ၂၄) တွင် သတ်ဖြတ်ခံထားရသည့် လူငယ်နှစ်ဦး၏ ရုပ်အလောင်းများကို မြို့ပေါ်၌ လာရောက်စွန့်ပစ်သွားသည်ဟု သိရသည်။

စစ်ကောင်စီ၏ တပ်မ (၃၃) လက်အောက်ခံ အမှတ် (၁၃) ခြေလျင်တပ်ရင်းမှ တပ်ရင်းမှူး ဗိုလ်မှူးဇော်မောင်ဆိုသူနှင့် ကျောက်လုပ်ငန်းရှင်တချို့ကို ယမန်နေ့ နံနက်အစောပိုင်းတွင် အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ခုက ပစ်သတ်ခဲ့ပြီးနောက် ထိုသို့ အလောင်းစွန့်ပစ်သွားခြင်းဖြစ်သည်ဟု ဒေသခံတို့က ဆိုသည်။

တပ်ရင်းမှူးနှင့် ကျောက်လုပ်ငန်းရှင်အချို့ ပစ်သတ်ခံရသည့် ဖားကန့်မြို့၊ မရှီကထောင်ရပ်ကွက်ရှိ HAPPY KTV ရှေ့၌ပင် ရုပ်အလောင်းနှစ်ခု စွန့်ပစ်သွားခြင်းဖြစ်သည်။

လာရောက်စွန့်ပစ်ထားသည့် ရုပ်အလောင်းနှစ်ခုမှာ ယောကျ်ားလေးများဖြစ်သည်ဟု ဖားကန့်မြို့ခံ ဈေးသည်အမျိုးသမီးတစ်ဦးက ပြောသည်။

“ယောင်္ကျားလေး နှစ်ယောက်၊ မနက်စောစော ဈေးထသွားတဲ့သူတွေ အရင်တွေ့ကြတာ”  

ရုပ်အလောင်းနှစ်ခုအနက် တစ်ဦးသည် ကချင်ပြည်နယ်အခြေစိုက် KPDF တပ်ဖွဲ့ဝင် ကိုအောင်ကြည်မင်း (ခ) နှုတ်ခမ်းမွှေးဟု သိရပြီး နောက်တစ်ဦး မည်သူမည်ဝါဖြစ်သည်ကို မသိရပေ။

ထိုလူငယ်နှစ်ဦးကို စစ်တပ်က ဖမ်းဆီးထားသည်မှာ လအနည်းငယ် ကြာမြင့်နေပြီဖြစ်ကာ တပ်ရင်းမှူး အသတ်ခံရပြီးနောက် လက်တုံ့ပြန်ပစ်သတ်ခြင်းဖြစ်နိုင်သည်ဟု ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက မှတ်ချက်ပြုသည်။

“အောင်ကြည်မင်းရော နောက်တစ်ယောက်က ဖမ်းခံထားရတာ သုံးလလောက်ရှိပြီ။ သူတို့ဗိုလ်မှူးသတ်ခံရတော့ ဖမ်းထားတဲ့သူတွေကို ပြန်ခေါ်လာပြီး အဲဒီ HAPPY KTV ရှေ့မှာ ပစ်သတ်လိုက်တာ၊ ကလဲစားချေတာပေါ့” ဟု အသက် ၃၀ ကျော်အရွယ် ထိုအမျိုးသားက ပြောသည်။

ယခုလ ၂၃ ရက် နံနက် ၄ နာရီအချိန်ခန့်က ပစ်ခတ်ခံရစဉ် စစ်ကောင်စီတပ်မှ တပ်ရင်းမှူးနှင့်အတူ ကျောက်စိမ်းလုပ်ငန်းရှင်နှစ်ဦးနှင့် အခြားအမျိုးသမီးနှစ်ဦးပါ သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသည့် ရဲအရာရှိတစ်ဦးကို မြစ်ကြီးနားဆေးရုံသို့ ပို့ဆောင်ခဲ့သည်ဟု ဒေသခံ လက်နက်ကိုင်တပ်ဖွဲ့များနှင့် နီးစပ်သည့် အသက် ၄၀ အရွယ် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ကျောက်စိမ်းလုပ်ငန်းရှင်အချို့နှင့် ဗိုလ်မှူးဇော်မောင်တို့သည် စစ်တပ်က သိမ်းဆည်းထားသည့် မြေတူးစက်များကို ပြန်လည်ရရှိရေးအတွက် HAPPY KTV တွင် တွေ့ဆုံခဲ့ကြပြီး အပြန်တွင် ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု ထိုဒေသခံက ဆိုသည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလကလည်း ဖားကန့်မြို့နယ်‌ မှော်စီဆာကျေးရွာရှိ Sky KTV တွင် ရောက်ရှိနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လက်နက်ကိုင်အဖွဲ့တစ်ခုက ဝင်ရောက်ပစ်ခတ်ခဲ့ရာ ဗိုလ်တစ်ဦး အပါအဝင် ၅ ဦး သေဆုံးခဲ့သည်ဟု ဒေသတွင်းသတင်းဌာန တစ်ခုက ဖော်ပြသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် တိုက်ပွဲများပြင်းထန်လာသည့် တိုင်းရင်းသားဒေသများတွင် KIA ထိန်းချုပ်၊ လှုပ်ရှားနယ်မြေများဖြစ်သည့် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် မကြာခဏ တိုက်ပွဲဖြစ်နေကာ အပြန်အလှန် ပစ်ခတ်သတ်ဖြတ်မှုများလည်း ရှိနေသည်။

(လွတ်လပ်သည့်မီဒီယာအဖြစ်ရေရှည်ရပ်တည်နိုင်ရေးသင်တို့အကူအညီလိုအပ်နေပါသည်။ဤနေရာတွင်https://www.userroll.com/site/register/m1f6penနှိပ်၍လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button