ယခုလ ၁၆ ရက်က စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် စစ်သားများနှင့် ပျူစောထီးအဖွဲ့များရှိနေသည့် စစ်ဆေးရေးဂိတ်ကို ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့က တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
ကန့်ဘလူမြို့နယ် အနောက်ခြမ်း ဆားကုန်း (အရှေ့) ရွာတွင် အင်အား ၅၀ ခန့်ဖြင့် တပ်စွဲထားသည့် စစ်ကောင်စီလက်အောက်ခံ စစ်ဆေးရေးဂိတ်ကို ညသန်းခေါင်ယံမတိုင်မီ တော်လှန်ရေးအဖွဲ့က ပစ်ခတ်ခဲ့ခြင်းဖြစ်ကာ ငါးဦး သေဆုံးသည်ဟု ဆိုသည်။
သေဆုံးသူများထဲတွင် ပျူစောထီးတစ်ဦး၊ စစ်ကောင်စီက ဖိအားပေး၍ လက်နက်မဲ့ဖြင့် ကင်းလာစောင့်နေရသူ သုံးဦး၊ အနီးအနားတွင် ရှိနေသည့် အရပ်သားတစ်ဦး ပါဝင်သည်ဟု အမည်မဖော်လိုသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးနှင့် ဒေသခံတစ်ဦးက အတည်ပြုသည်။
“(ကင်းစခန်းမှာ) အရပ်သားတွေ ဘာတွေ ရှိတာသိတော့ ထပ်ထိမှာစိုးပြီး ပြန်ဆုတ်ခဲ့တာလို့ ပြောတယ်” ဟု တိုက်ခိုက်မှုတွင် မပါဝင်သော်လည်း ဖြစ်စဉ်ကို သိရှိသည့် ကန့်ဘလူမြို့နယ်အခြေစိုက် တော်လှန်ရေးအဖွဲ့တစ်ခုမှ အထက်ပါအဖွဲ့ဝင်က ပြောသည်။
“(ကင်းစခန်းမှာ) ပျူတွေကတော့ ရှိတယ်။ လက်နက်ကိုင်တဲ့ကောင်တွေကတော့ ထွက်ပြေးတာ။ လက်နက်ကိုင် ပျူကတော့ တစ်ယောက်ပဲ ရလိုက်တာ။ ကျန်တဲ့ဟာတွေက ရွာသူရွာသားတွေ ပါသွားတာပေါ့ဗျာ။ အတင်းအကျပ်စောင့်ခိုင်းလို့ စောင့်နေရတဲ့သူတွေပဲ” ဟု ၎င်းက ဆက်ပြောသည်။
ကင်းစခန်းအတွင်း သေဆုံးသည့် အရပ်သားများမှာ အသက် ၄၅ နှစ်အရွယ် အစ္စလာမ်ဘာသာရေးဆရာ မော်လဝီ ဦးသိန်းဌေး၊ အသက် ၂၃ နှစ်အရွယ် ဟာဖွစ် မော်လဝီမူစာ၊ မောင်အောင်ကိုမင်း၊ ကင်းတဲအနီး နေအိမ်တွင် ရှိနေသည့် အသက် ၂၀ အရွယ် မမိုးသူဇာတို့ ဖြစ်သည်။
ကျန်သူများမှာ နေရာတွင်ပင် သေဆုံးခဲ့ကြပြီး ဝမ်းဗိုက် ကျည်ထိမှန် ဒဏ်ရာရခဲ့သည့် မမိုးသူဇာမှာ နှစ်ရက်အကြာ (ဧပြီ ၁၈) တွင် ကန့်ဘလူမြို့နယ်ဆေးရုံ၌ ကွယ်လွန်သွားသည်ဟု အထက်ပါ သတင်းရင်းမြစ်များက ဆိုသည်။
အထက်ပါဖြစ်စဉ်နှင့် ပတ်သက်၍ အသေးစိတ်မသိရသေးသလို စစ်ကောင်စီက နှုတ်ဆိတ်နေဆဲဖြစ်သည်။
အလားတူ ဆားကုန်း (အရှေ့) ရွာရှိ စစ်ဆေးရေးဂိတ်ကို ပစ်ခတ်ရာတွင် ပါဝင်သည့် တော်လှန်ရေးအဖွဲ့ကို ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းနေဆဲဖြစ်သည်။
ကန့်ဘလူမြို့အနောက်ဘက် ၁၂ မိုင်ခန့်အကွာ၊ အိမ်ခြေ ၅၀၀ ခန့်ရှိသည့် ဆားကုန်း (အရှေ့) ရွာတွင် အစ္စလာမ်ဘာသာဝင်အများစု နေထိုင်သည်။ ထိုရွာတွင် မတ်လမှစ၍ စစ်ကောင်စီက တပ်စွဲထားခြင်းဖြစ်ပြီး ရွာခံများ ကင်းမစောင့်လိုလျှင် ဒဏ်ငွေပေးဆောင်ရသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“ရွာကို (အပြင်လူ) အဝင်အထွက်တောင် ပေးမလုပ်တော့ဘူး။ (ကင်းကတော့) မစောင့်မနေရပါ။ မစောင့်နိုင်တဲ့သူတွေကတော့ လူငှားပြီး အစောင့်ထည့်ပေးရတယ်။ တစ်ညကို ၅၀၀၀ (ကျပ်) ပေးရတယ်” ဟု ၎င်းက ဆိုသည်။
ထိုဒေသတွင်းတွင် ပြည်သူ့စစ်ခေါင်းဆောင်အဖြစ် နာမည်ကြီးသည့် ဘုန်းကြီး ဦးဝါသဝက ဆားကုန်း (အရှေ့) ရွာကို မတ်လတွင် လာရောက်စည်းရုံးကာ ဒေသခံများကို စစ်သင်တန်းပေး၍ ပျူစောထီးစခန်း ဖွင့်လှစ်ခဲ့သည်ဟုလည်း ဆိုသည်။
တော်လှန်မှုအားကောင်းသည့် စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်အတွင်းတွင် စစ်ကောင်စီက လေကြောင်းဖြင့်ပါ တိုက်ခိုက်နေသော်လည်း ပျူစောထီးရွာ အများအပြားရှိသည့် ကန့်ဘလူမြို့နယ်အနောက်ဘက်ခြမ်းမှာ ကင်းလွတ်လေ့ရှိသည်။
ကန့်ဘလူမြို့နယ်အရှေ့ပိုင်းရှိ ပဇီကြီးရွာ၌ ယခုလဆန်းပိုင်းက လူစုလူဝေးပြုလုပ်နေစဉ် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကြဲသည့်အပြင် ရဟတ်ယာဉ်ဖြင့်ပါ ပစ်ခတ်ခဲ့သည်။ ထို့ပြင် ညနေပိုင်း၌ အလောင်းကောက်နေသူများကိုပါ ထပ်မံဗုံးကြဲတိုက်ခိုက်သည်။
ကလေးငယ်များ အပါအဝင် လူပေါင်း ၁၇၀ ခန့် သေဆုံးခဲ့ရသည့် ပဇီကြီးရွာဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကောင်စီကို နိုင်ငံတကာက ပြင်းပြင်းထန်ထန် ရှုတ်ချထားသည်။
(လွတ်လပ်သည့်မီဒီယာအဖြစ်ရေရှည်ရပ်တည်နိုင်ရေးသင်တို့အကူအညီလိုအပ်နေပါသည်။ဤနေရာတွင်https://www.userroll.com/site/register/m1f6penနှိပ်၍လှူဒါန်းနိုင်ပါသည်)