အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
စီးပွားရေးသတင်း

ရန်ကုန်မှ စက်ရုံ ၁၃ ရုံ ပိတ်မည်၊ လူ ၅၀၀၀ ခန့် အလုပ်လက်မဲ့ဖြစ်လာနိုင်

ကုန်ကြမ်းရှားပါခြင်း၊ မြေငှားရမ်းခကြီးခြင်း နှင့် အရှုံးပေါ်ခြင်း စသည့်အကြောင်းပြချက်များဖြင့် ရန်ကုန်တွင် အခြေစိုက်သည့် လက်ခစားစက်ရုံ ၁၃ ရုံပိတ်သိမ်းရန် ပြင်ဆင်နေကြောင်း ရန်ကုန်တိုင်းအစိုးရ အရာရှိများကို ကိုးကားပြီး အလုပ်သမားခေါင်းဆောင်များက ပြောကြားလိုက်သည်။

အကျိုးသက်ရောက်မှုအားဖြင့် အလုပ်သမား ၅၀၀၀ ခန့် အလုပ်လက်မဲ့ဖြစ်သွားနိုင်သည်ဟုလည်း အလုပ်သမားခေါင်းဆောင်များက ခန့်မှန်းကြသည်။

အထည်ချုပ်၊ အိပ်၊ ဖိနပ် နှင့် တံဆိပ်ရိုက် လုပ်ငန်းလုပ်ကိုင်သည့် စက်ရုံ ၁၃ ရုံသည် ပိတ်သိမ်းတော့မည်ဟု ပြီးခဲ့သည့် ဇန်နဝါရီနှင့် ဖေဖော်ဝါရီလများအတွင်းက အစိုးရထံ အကြောင်းကြားခဲ့သည်ဟု ရန်ကုန်တိုင်းအစိုးရ လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဒေါ်မိုးမိုးစုကြည်ကို ကိုးကားပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမောင်မောင်က ပြောသည်။

ဝန်ကြီးသည် အဆိုပါသတင်းကို ရန်ကုန် ကုန်သည်စက်မှုအသင်းချုပ်ရုံးတွင် မတ် ၅ ရက်က ကျင်းပခဲ့သည့် အစည်းအဝေးတစ်ခုတွင် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

ပိတ်သိမ်းတော့မည့် စက်ရုံအများစုသည် ရန်ကုန်မြို့နှင့် မြစ်တစ်ဖက်ကမ်း လှိုင်သာယာစက်မှုဇုန်မှဖြစ်ကြပြီး တစ်ဝက်ခန့်မှာ တရုတ်ပိုင် စက်ရုံများဖြစ်ကာ ကျန်စက်ရုံများမှာ တောင်ကိုရီးယားနှင့် မြန်မာပိုင်စက်ရုံများဖြစ်ကြကြောင်း ရန်ကုန်တိုင်းအစိုးရ လူ့စွမ်းအားအရင်း အမြစ်ဝန်ကြီးရုံး ရင်းမြစ်များကဆိုသည်။

အဆိုပါ စက်ရုံ ၁၃ ရုံအနက် ကုန်ကြမ်းပြတ်လပ်ခြင်းကြောင့် ပိတ်သိမ်းရန်တင်ပြသည့် စက်ရုံ လေးရုံ၊ ကုန်ချောတင်ပို့ရန်အခက်အခဲကြောင့် ပိတ်သိမ်းရန်တင်ပြသည့် စက်ရုံ နှစ်ရုံ ပါဝင်သည်။ ကျန်စက်ရုံများမှာ မြေဆက်လက်ငှားရန်အခက်အခဲရှိခြင်း၊ အဆောက်အအုံဆက်လက်ငှားရန်အခက်အခဲနှင့် အရှုံးပေါ်သည့်အတွက် ပိတ်သိမ်းရန် တင်ပြခြင်းဖြစ်ကြောင်း ဝန်ကြီးရုံးအသိုင်းအဝိုင်းက ပြောသည်။ စက်ရုံအချို့မှာ ပိတ်သိမ်းပြီးဖြစ်ပြီး အချို့မှာ စိစစ်ဆဲအခြေအနေဖြစ်သည်။

တရုတ်နိုင်ငံမှစ၍ ကမ္ဘာတစ်ဝန်းပျံ့နှံ့ဖြစ်ပွားနေသည့် ကိုဗစ်နိုင်တင်း (COVID-19) အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဂယက်ကြောင့် တရုတ်ကုန်ကြမ်းကို မှီခိုနေရသည့် မြန်မာနိုင်ငံတွင်းမှ အထည်ချုပ်၊ အိတ်၊ ဖိနပ် စသည့် လက်ခစားစနစ်ဖြင့် လည်ပတ်နေသည့် စက်ရုံများ အကျပ်အတည်းဖြစ်နိုင်သည်ဟု ကုန်သည်စက်မှုအသင်းချုပ်က ပြီးခဲ့သည့် လအတွင်းက သတိပေးထားသည်။

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က အထည်ချုပ်စက်ရုံများသည် ဧပြီလလယ် သင်္ကြန်အပြီး သို့မဟုတ် ဧပြီလကုန်ထိ ဆက်လက်လည်ပတ်နိုင်ရန် ကြိုးစားနေဆဲဖြစ်ပြီး ကုန်ကြမ်းပြတ်လပ်သည့် စက်ရုံများအနေဖြင့် ယာယီရပ်ထားရန် တင်ပြမှုများရှိသည်ဟု ပြောသည်။

ကုန်ကြမ်းပြတ်လပ်သည့် အကြောင်းပြချက်ဖြင့် ပိတ်သိမ်းရန်တင်ပြထားသည့် စက်ရုံများအနက် အချို့စက်ရုံများသည် အမှန်တကယ်ပိတ်သိမ်းခြင်းမဟုတ်ဘဲ ကုန်ကြမ်းများကို အခြားစက်ရုံထံပို့ပြီး ဆက်လက်လည်ပတ်နေသည့် စက်ရုံများလည်း ရှိနေသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမောင်မောင်က ပြောသည်။

ထို့ပြင် ကုန်ကြမ်းပြတ်လပ်သည့် အကြောင်းပြချက်ဖြင့် ပိတ်သိမ်းလိုက်သည့် စက်ရုံများတွင် ပြီးခဲ့သည့် လပိုင်းအတွင်း အလုပ်သမားဆန္ဒပြမှုများဖြစ်ပွားခဲ့သည့် စက်ရုံများလည်း ပါဝင်နေသည်။

ဖေဖော်ဝါရီလကုန်ပိုင်းတွင် ပိတ်သိမ်းလိုက်သည့် Lucky sky bag စက်ရုံတွင် အလုပ်သမားများအား ရက်မှန်ကြေး တန်းတူပေးရန်နှင့် အလုပ်သမားဥပဒေပါ အချက်များကို လေးစားလိုက်နာရန်ဟုဆိုကာ အလုပ်သမားများက ဇန်နဝါရီလကုန်ပိုင်းတွင် ဆန္ဒပြတောင်းဆိုခဲ့သည်။

စက်ရုံများပိတ်သိမ်းရာတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကုန်ကြမ်းပြတ်လပ်သည့်အတွက် ပိတ်သိမ်းရသည်ဟု အကြောင်းပြချက်မှာ မှန်ကန်မှုရှိ၊ မရှိ စိစစ်ပေးရန် အလုပ်သမားအဖွဲ့အစည်းများက တောင်းဆိုထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button