
ပြည်ထောင်စုလွှတ်တော်တွင် အခြေခံဥပဒေပြင်ဆင်ရေးဆွေးနွေးရာ၌ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို “သန္ဓေမမှန်သည့်ဖွဲ့စည်းပုံ” ဟု ရည်ညွှန်း ဆွေးနွေးခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)အမတ်၏ ပြောစကားကို တပ်မတော်ဘက်က ကန့်ကွက်လိုက်သည်။
“ရွေးကောက်ခံ ပြည်သူ့ကိုယ်စားလှယ်တွေ ရေးဆွဲတဲ့ဖွဲ့စည်းပုံနဲ့မဟုတ်ဘဲ အုပ်ချုပ်သူအစိုးရအလိုကျ ဖန်တီးပုံဖော်ပြီး ဆန္ဒခံယူခဲ့တဲ့ သန္ဓေမမှန်တဲ့ ဖွဲ့စည်းပုံအောက်က ဖြတ်သန်းခဲ့ရတဲ့ ခေတ်စနစ်တွေအကြားမှာ နှစ်ဖက်စလုံး သားကောင်တွေဖြစ်ခဲ့ရတာလို့ ယုံကြည်ပါတယ်” ဟု မွန်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၈) ဦးမျိုးဝင်း ထည့်သွင်းပြောဆိုခဲ့သည့် စကားပါအသုံးအနှုန်းကို ကန့်ကွက်ခြင်းဖြစ်သည်။
အခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်း ကော်မတီ (၄၅ ဦးကော်မတီ)က တင်သွင်းထားသည့် ‘လွှတ်တော်များအတွင်း တပ်မတော်သားပါဝင်မှု အချိန်ကာလအလိုက်လျှော့ချရေး’ အဆိုပြုချက်ကို NLD အမတ် ဦးမျိုးဝင်းက ယနေ့ (မတ် ၄) ထောက်ခံဆွေးနွေးရာတွင် ယင်းသို့သုံးနှုန်းခဲ့ခြင်း ဖြစ်သည်။
လာမည့်လွှတ်တော်ငါးနှစ်သက်တမ်း(၂၀၂၀-၂၀၂၅)မှစ၍ တပ်မတော်သားပါဝင်မှုကို ၁၅ ရာခိုင်နှုန်း၊ ၁၀ ရာခိုင်နှုန်း၊ ငါးရာခိုင်နှုန်း စသဖြင့် ငါးနှစ်လျှင်တစ်ကြိမ် အဆင့်အလိုက်လျှော့ချရန် ၄၅ ဦးကော်မတီက အဆိုပြုထားခြင်းဖြစ်သည်။
လွှတ်တော်အတွင်း တပ်မတော်ပါဝင်ရသည်မှာ အတိတ်ကာလက ခါးသီးသော အတွေ့အကြုံများကြောင့်ဟူ၍ တပ်မတော်သားကိုယ်စားလှယ်များ ယမန်နေ့က ပြောဆိုဆွေးနွေးမှုအပေါ်တွင် ဦးမျိုးဝင်းက ခါးသီးသည့် အတွေ့အကြုံများမှာ တပ်မတော်ဘက်မှာသာ ရှိသည်မဟုတ်ဘဲ တစ်နိုင်ငံလုံးက ပြည်သူများ၏ ရင်ထဲတွင်လည်း အပြည့်ရှိကြောင်း ပြောသည်။
၎င်း၏ဆွေးနွေးမှုအပြီးတွင် ဒုတိယဗိုလ်မှူးကြီးမျိုးထွန်းအောင်က မတ်တတ်ရပ်ကန့်ကွက်ပြီး အရေးယူဆောင်ရွက်ပေးရန် လွှတ်တော်နာယကကို တောင်းဆိုသည်။
“တည်ဆဲဖွဲ့စည်းပုံအခြေခံဥပဒေကို ပုတ်ခတ်တဲ့အသုံးအနှုန်း သုံးစွဲသွားပါတယ်။ သန္ဓေမမှန်တဲ့ဖွဲ့စည်းပုံဆိုပြီး သုံးနှုန်းသွားပါတယ်” ဟု ၎င်းက နာယကကိုပြောသည်။
ဆွေးနွေးမှုအတွင်းပါဝင်သည့် စကားရပ်များကို လုံးကောက် ပြန်ဖော်ပြီး စိစစ်ဆောင်ရွက်မည်ဟု ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က ပြောသည်။
ပြည်ထောင်စုလွှတ်တော်၌ အခြေခံဥပဒေပြင်ဆင်ရေးဆွေးနွေးမှု ၆ ရက်တာကာလအတွင်း NLD နှင့် တပ်မတော်တို့အကြား အပြန်အလှန်ကန့်ကွက်မှုများ ပေါ်ပေါက်ခဲ့ပြီး ဆွေးနွေးချက်များထဲမှအချို့ကို မှတ်တမ်းမှပြန်လည်ပယ်ဖျက်ရမှု ၁၁ ခု (ယနေ့နံနက်ပိုင်းအထိ) ရှိနေပြီဖြစ်သည်။