အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကိုရိုနာကြောင့် အလုပ်ထွက်ခဲ့ရသည့် အလုပ်သမားများ အလုပ်လက်မဲ့အကျိုး ခံစားခွင့်မရှိ

ကိုရိုနာဗိုင်းရပ်စ် (COVID-19) ဂယက်ကြောင့် ပိတ်သိမ်းသွားသည့် စက်ရုံများမှ အလုပ်သမားများအနေဖြင့် လူမှုဖူလုံရေးဥပဒေအရ အလုပ်လက်မဲ့အကျိုးခံစားခွင့်ကို ရရှိနိုင်မည်မဟုတ်ကြောင်း လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်က ပြောသည်။

COVID-19 ဂယက်ကြောင့် ကုန်ကြမ်းပြတ်လပ်သည့်အတွက်ဟုဆိုကာ ရန်ကုန်တိုင်း လှိုင်သာယာစက်မှုဇုန်နှင့် ဧရာဝတီတိုင်းတို့မှ အထည်ချုပ်စက်ရုံ သုံးရုံ ပိတ်သွားခဲ့ပြီးဖြစ်ကြောင်း ပြည်တွင်းမီဒီယာများ၏ သတင်းများတွင် ပါရှိထားသည်။

၂၀၁၂ လူမှုဖူလုံရေးဥပဒေအရ အာမခံစနစ်ခြောက်မျိုးတွင် အလုပ်လက်မဲ့အာမခံစနစ် ပါဝင်သော်လည်း ယင်းစနစ်အား လက်တွေ့ကျင့်သုံးနေခြင်းမရှိသေးသည့်အတွက် အလုပ်လက်မဲ့အကျိုးခံစားခွင့်ကို ရရှိနိုင်မည် မဟုတ်ကြောင်း ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အေးက ပြောသည်။

အလုပ်လက်မဲ့အာမခံစနစ် ဆောင်ရွက်မည်ဆိုပါက “အလုပ်ရှင်က ၁ ရာခိုင်နှုန်း၊ အလုပ်သမားက ၁ ရာခိုင်နှုန်း ထည့်ရမှာ။ အဲ့ဒီစနစ်မလုပ်ရသေးတဲ့အတွက် သူတို့ကို အလုပ်လက်မဲ့အကျိုး ခံစားခွင့်ပေးဖို့တော့ ​လောလောဆယ်ဖြစ်နိုင်ခြေမရှိသေးဘူး” ဟု ဦးမောင်မောင်အေးက Myanmar Now ကို ပြောသည်။

လက်ရှိတွင် ကျန်းမာရေးနှင့်လူမှုရေး စောင့်ရှောက်မှုအာမခံစနစ်၊ လုပ်ငန်းခွင်ထိခိုက်မှုအာမခံစနစ်တို့အတွက် အလုပ်ရှင်က ၃ ရာခိုင်နှုန်း၊ အလုပ်သမားက ၂ ရာခိုင်နှုန်းဖြင့် ထည့်ဝင်ထားခြင်းဖြစ်သည်။

ပိတ်သိမ်းသွားသည့် စက်ရုံ၊ အလုပ်ရုံများမှ အလုပ်သမားများအနေဖြင့် အလုပ်လက်မဲ့အကျိုးခံစားခွင့်မရသော်လည်း ထည့်ဝင်ထားသည့် လူမှုဖူလုံရေးကြေးပေါ်မူတည်ပြီး ဆေးကုသခွင့်နှင့် မီးဖွားခွင့် အကျိုးခံစားခွင့်များ ရရှိနိုင်မည်ဖြစ်ကြောင်း ဦးမောင်မောင်အေးက ပြောသည်။

ကုန်သည်စက်မှုအသင်းချုပ်နှင့် နိုင်ငံတကာကုန်သည်ကြီးများအသင်း၊ စီးပွားရေးအသင်းများ၊ စီးပွားရေးလုပ်ငန်းရှင်များက ဖေဖော်ဝါရီလကုန်ပိုင်းတွင် တွေ့ဆုံဆွေးနွေးရာတွင် ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့် ယာယီပိတ်သိမ်းမည့် လုပ်ငန်းများ၊ အလုပ်လျှော့ချမည့်လုပ်ငန်းများမှ အလုပ်သမားများကို လူမှုဖူလုံရေးဥပဒေပါ အလုပ်လက်မဲ့အကျိုးခံစားခွင့်ကို အစိုးရက ဆောင်ရွက်ပေးရန်ဟူသည့်အချက်ကို ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

အလုပ်သမားအရေးဆောင်ရွက်နေသော လူမှုအဖွဲ့အစည်း အနာဂတ်အလင်းတန်းဆုံမှတ်အဖွဲ့မှ ဒါရိုက်တာ ဒေါ်သက်သက်အောင်က “စက်ရုံအလုပ်ရုံတွေပိတ်မယ်ဆိုရင် ကြိုတင်အကြောင်းကြားဖို့ လိုပါတယ်။ ပိတ်သိမ်းမယ့်စက်ရုံတွေကိုလည်း သက်ဆိုင်ရာဌာနတွေက သေချာစိစစ်တာမျိုးတွေ လုပ်သင့်တယ်” ဟု ဆိုသည်။

အလုပ်ရုံတစ်ခုကို ခေတ္တပိတ်ခြင်း သို့မဟုတ် အချိန်အကန့်အသတ်မရှိဘဲ ပိတ်သည့် စက်ရုံများအနေဖြင့် လုပ်ငန်းပြန်လည်ပတ်ပါက မူလအလုပ်သမားများကို မူလတာဝန်အတိုင်း ပြန်လည်ခန့်ထားပေးရန်လည်း အလုပ်သမားအဖွဲ့အစည်း ၁၀ ခုက မတ် ၃ တွင် တောင်းဆိုခဲ့သည်။

ထို့ပြင် COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် လူမှုစီးပွားပြဿနာများကို အဖြေရှာရန် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် အရေးပေါ်အစည်းအဝေး လုပ်သင့်သည်ဟု တိုက်တွန်းခဲ့သည်။

တရုတ်နိုင်ငံမှ စတင်ခဲ့သည့် COVID-19 ကြောင့် နိုင်ငံပေါင်း ၅၈ နိုင်ငံတွင် ၈၇,၁၃၇ ဦး ရောဂါကူးစက်ခဲ့ပြီး ၂,၉၇၇ ဦး သေဆုံးခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မတ် ၁ တွင် ထုတ်ပြန်ထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button