နိုင်ငံအနှံ့တွင် စစ်မျက်နှာများစွာ ဖွင့်ထားရသည့် စစ်ကောင်စီက ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်းရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်ရင်း (၆) စခန်းကို ယမန်နေ့ (ဧပြီ ၁၉) တွင် တိုက်လေယာဉ်သုံး၍ တိုက်ခိုက်သည်။
ကျောက်စိမ်းမြို့တော် ဖားကန့်မြို့ အရှေ့မြောက်ဘက် မိုင် ၂၀ ခန့်အကွာရှိ KIA တပ်ရင်း (၆) စခန်းကို ယမန်နေ့ ညနေ ၅ နာရီဝန်းကျင်တွင် တိုက်လေယာဉ်နှစ်စင်းက ဒုံးကျည်ဖြင့် ပစ်သည်ဟု KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
“ရော့ကတ်ပုံစံမျိုးပေါ့။ ဗုံးသီးတွေတော့ မဟုတ်ဘူးပေါ့၊ လာကြဲတယ်လို့ ပြောတယ်။ လူတွေတော့ ထိခိုက်မှုတော့ မရှိဘူး။ ဒါပေမဲ့ လူနေအိမ်တွေကတော့ တော်တော်တော့ ထိခိုက်ပျက်စီးသွားတယ်လို့တော့ ကြားရပါတယ်”။
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုမှာ တပ်ရင်း (၆) စခန်းနေရာကို တိုက်ရိုက်ထိမှန်ခြင်း မရှိဘဲ စခန်းအနီး မူးယစ်ဆေးသုံးစွဲသူများကို ထိန်းသိမ်းဆေးဖြတ်ရာ တောင်ကုန်းတစ်ခုပေါ်သို့ ကျခဲ့ကြောင်း KIA တာဝန်ရှိသူက ဆိုသည်။
ထိုလေယာဉ်များမှာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် အခြေစိုက်သည့် ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမှ ဖြစ်သည်ဟုလည်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။ တိုက်ခိုက်မှု၊ ထိခိုက်ပျက်စီးမှု အခြေအနေအသေးစိတ်ကို မသိရပေ။ စစ်ကောင်စီကလည်း နှုတ်ဆိတ်နေဆဲဖြစ်သည်။
လုံခြုံရေးအရ အမည်မဖော်လိုသော အသက် ၄၀ အရွယ် ဒေသခံ အမျိုးသားတစ်ဦး၏ အဆိုအရ စစ်ကောင်စီ တိုက်လေယာဉ်က ဗုံး သို့မဟုတ် ဒုံး ၉ လုံးဖြင့် ပစ်ခဲ့သည်ဟု သိရသည်။
“ဘာမှကို မထိဘူးလို့တော့ ပြော (ကြား) တာပဲ။ ဒါပေမဲ့ ဘာမှမထုတ်ပြန်တော့ ကျွန်တော်တို့လည်း အတိအကျ မသိဘူး”။
KIA တပ်ရင်း (၆) စခန်းမှာ ယခင်ဗုံးကြဲခံရသည့် အနန့်ပါစခန်း၏ မြောက်ဘက် မိုင်အနည်းငယ်အကွာ ဥရုမြစ်အရှေ့ဘက်ကမ်းတွင် ရှိပြီး စစ်ကောင်စီတပ်များ အထိုင်ချထားသည့် ကံစီးရွာမြောက်ဘက် ၁၀ မိုင်ကျော် ဝေးသည်ဟု သိရသည်။
၂၀၂၂ အောက်တိုဘာလ ၂၃ ရက်က အနန့်ပါရွာတွင် ပြုလုပ်ခဲ့သည့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) တည်ထောင်ခြင်း နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဂီတဖျော်ဖြေပွဲကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ KIA အရာရှိ၊ အနုပညာရှင်၊ စီးပွားရေးသမားတို့ အပါအဝင် ၆၂ ဦး သေဆုံး၊ ၁၀၀ နီးပါး ထိခိုက်ဒဏ်ရာရခဲ့သည်။
လွန်ခဲ့သော နှစ်နှစ်ကျော်ကတည်းက အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းထားသည့် စစ်တပ်၏ လုပ်ရပ်ကို အတိအလင်းဆန့်ကျင်သည့် ဝါရင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ KIA နှင့် စစ်ကောင်စီအကြား တိုက်ပွဲများကို KIA ဌာနချုပ်အခြေစိုက်ရာ ကချင်ပြည်နယ်အပြင် စစ်ကိုင်းတိုင်းနှင့် ရှမ်းပြည်နယ်ဒေသအချို့တွင်လည်း တွေ့ရသည်။
KIA သည် ၎င်းတို့ကို ဆန့်ကျင်နေသည့် အဖွဲ့များကို အကူအညီပေးနေသည်၊ စစ်ရေး ပူးပေါင်းလုပ်ဆောင်နေသည်ဟု စစ်ကောင်စီက မကြာခဏ စွပ်စွဲသည်။ ပြီးခဲ့သည့် ဧပြီ ၁၁ ရက်တွင် ကလေး အပါအဝင် လူပေါင်း ၁၇၀ နီးပါး သေဆုံးခဲ့ရသည့် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာကို လေကြောင်းမှ ပစ်ခတ်ခဲ့သည့် စစ်ကောင်စီက KIA နှင့် တော်လှန်ရေးအဖွဲ့များရှိ၍ ပစ်ခတ်ရသည်ဟု ဆိုသည်။
အဖိုးတန်ကျောက်စိမ်းထွက်ရှိရာ ဖားကန့်ဒေသအတွင်း မြို့ပေါ်၌ ပုံမှန်အတိုင်းဖြစ်နေသော်လည်း အခြားနေရာများ၌ စစ်ကောင်စီတပ်နှင့် KIA တပ်များ တိုက်ပွဲအဆက်မပြတ်ဖြစ်ပွားနေသည်။
ဧပြီ ၁၇ ရက်ကပင် ဖားကန့်မြို့နှင့် နယ်နိမိတ်ထိစပ်နေသည့် စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်ရှိ စစ်ကောင်စီတပ်နှင့် ရှမ်းနီအမျိုးသားတပ်မတော် (SNA) တို့ ပူးတွဲစခန်းထိုင်ထားသည့် စခန်းကို KIA တပ်က တိုက်ခိုက်သိမ်းပိုက်ထားသည်။
ဧပြီ ၁၈ ရက်တွင်လည်း ဖားကန့်မြို့နယ်အတွင်းရှိ ဆိုင်းဖရာရွာအနီးတွင် စစ်ကောင်စီယာဉ်တန်းကို တိုက်ခိုက်ခဲ့သလို ထိုဒေသတွင်း တိုက်ပွဲများဆက်ရှိနေသည်ဟု ဗိုလ်မှူးကြီးနော်ဘူထံမှ သိရသည်။
“(ဆိုင်းဖရာ) အဲဒီဘက်မှာ ဆက်တိုက်ဆိုသလိုပေါ့။ ရင်ဆိုင်တိုက်ပွဲ၊ ထိတွေ့တိုက်ပွဲတွေရှိတော့ (စစ်တပ်) သူတို့ကတော့ တိုက်ပွဲကြောင့် သူတို့ဘက်က ထိခိုက်နစ်နာမှုတွေရှိရင်တော့ လေကြောင်းကနေ ပစ်ကူပေးတာကတော့ လုပ်ထုံးလုပ်နည်းတွေပေါ့” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီကို လေယာဉ်ဆီနှင့် လက်နက်သွင်းပေးနေသည့် လူပုဂ္ဂိုလ်နှင့် ကုမ္ပဏီအချို့ကို ကမ္ဘာ့နိုင်ငံများက ပိတ်ဆို့ အရေးယူနေသည်ဆိုသော်လည်း အရာမထင်ဖြစ်နေသည်။ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများအတွင်း အရပ်သားထိခိုက်သေဆုံးမှု အများအပြားဖြစ်ပေါ်နေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)