ရပ်ရွာလူထု၏ စီမံခန့်ခွဲမှုနှင့် လည်ပတ်နေသော မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းအစပ် မြိုင်မြို့နယ်မြောက်ပိုင်းရှိ တိုက်နယ်ဆေးရုံကို ယမန်နေ့ (ဧပြီ ၁၈) နံနက်တွင် စစ်ကောင်စီတပ်က ရဟတ်ယာဉ်များအသုံးပြုကာ ဝင်ရောက်စီးနင်းခဲ့သည်။
မြိုင်မြို့မြောက်ဘက် ၁၇ မိုင်ကျော်အကွာ မကြီးကန်ရွာရှိ ကိုယ်ထူကိုယ်ထဆေးရုံကို Mi-35 အမျိုးအစား တိုက်ခိုက်ရေးရဟတ်ယာဉ်နှစ်စီးဖြင့် ကနဦးပစ်ခတ်ပြီးနောက် Mi-17 အမျိုးအစား သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ်နှစ်စီးဖြင့် စစ်သားများချကာ စီးနင်းခဲ့ခြင်းဖြစ်ကြောင်း မြိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့် ဒေသခံအချို့က ဆိုသည်။
ရွာလည်ရှိ ဆေးရုံကို ဦးတည်စီးနင်းခဲ့ခြင်းဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံလည်းဖြစ်သော မြိုင် PDF အဖွဲ့မှ ဗိုလ် Cross က ပြောသည်။
“လေယာဉ်က တစ်နာရီခွဲလောက် ကြာတယ်။ ဆက်တိုက်ပစ်တာ။ စက်လက်တွေနဲ့ ပစ်တယ်။ ဘေးချိတ်တဲ့ ရှော့ဒုံးတွေနဲ့လည်း ပစ်တယ်။ နှစ်စီးပြိုင်ပစ်သွားတာ။ ရွာကို ပတ်ပတ်လည် လှည့်ပြီး ပစ်တာ။ ထွက်လို့မရအောင် ပိတ်ပစ်တာ”
အာဏာသိမ်းပြီးနောက်ပိုင်း ရွာရပ်မိရပ်ဖများ ဦးစီးဖွင့်လှစ်ထားသည့် ဆေးရုံဖြစ်ကြောင်း၊ ဒေသခံပြည်သူများ ဆေးကုသရာနေရာ ထိုဆေးရုံအပြင် ၎င်းတို့ PDF အဖွဲ့၏ အဓိကစခန်းလည်း ဆက်လက်စီးနင်းခံရသည်ဟု ဗိုလ် Cross က ပြောသည်။
ချင်းပြည်နယ်အစပ်ရှိ ယောဒေသအပြင် စစ်ကိုင်းတိုင်းနှင့်ပါ နယ်မြေချင်း ထိစပ်နေသည့် မြိုင်မြို့နယ်အတွင်း စစ်ကောင်စီက ရဟတ်ယာဉ်များအသုံးပြုကာ ပထမဆုံးအကြိမ် ဝင်ရောက်စီးနင်းခြင်းဖြစ်သည်။ မကွေးတိုင်းအစွန်အဖျားရှိ မြိုင်မြို့နယ်ရှိ ဒေသခံ PDF အဖွဲ့က အနီးကပ်မြို့နယ်များမှ အခြားတော်လှန်ရေးအဖွဲ့များနှင့် ပူးပေါင်းကာ စစ်ကောင်စီကို ခုခံတိုက်ခိုက်နေခြင်းဖြစ်သည်။
ယမန်နေ့က မကြီးကန်ရွာရှိ ဆေးရုံစီးနင်းခံရစဉ် ဆေးကုသနေသည့် လူနားများ အပါအဝင် ဖမ်းဆီးခံရသူများရှိသည်ဟု ဆိုသော်လည်း အသေးစိတ် အတည်မပြုနိုင်သေးပေ။
ဒေသခံအချို့ကို ယနေ့ (ဧပြီ ၁၉) ဆက်သွယ်မေးမြန်းချက်အရ မကြီးကန်ရွာတစ်ဝိုက်တွင် စစ်သားများရှိနေဆဲဖြစ်ပြီး စစ်ကောင်စီဘက်က မြေပြင်စစ်ကြောင်းအပြင် ရဟတ်ယာဉ်ဖြင့်လည်း ထပ်မံလာရောက်နေသည်ဟုသာ သိရသည်။
ထိုဖြစ်စဉ်နှင့် ပတ်သက်၍ ယနေ့ထုတ် နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် စစ်ကောင်စီက သတင်းထုတ်ပြန်ရာတွင် အလစ်အငိုက်ဝင်ရောက်ပြီးနောက် PDF အပါအဝင် ပတ်သက်ဆက်နွှယ်သူများဟု ယူဆရသူ အမျိုးသား ၁၀ ဦးနှင့် အမျိုးသမီး ၂၀ ကို ဖမ်းဆီးခဲ့သည့်အပြင် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိသည်ဟု ဆိုသည်။
မကြီးကန်ရွာဆေးပေးခန်းအတွင်းမှ လက်ပစ်ဗုံး၊ ဗုံးသီး၊ ကျည်မျိုးစုံ စသည့် ခဲယမ်းများအပြင် မော်တော်ယာဉ် ၃ စီးနှင့် ဆိုင်ကယ်မျိုးစုံ ၅ စီး၊ ကန်ကြီးရွာမှ လက်ပစ်ဗုံး ၁ လုံး၊ မော်တော်ယာဉ် ၁ စီးနှင့် ဆိုင်ကယ် ၁၅ စီး သိမ်းဆည်းရမိသည်ဟု ဆိုသည်။
စစ်တပ်က မကြီးကန်ရွာကို စီးနင်းပြီးနောက် မြောက်ဘက် တစ်မိုင်ခန့်အကွာရှိ ကန်ကြီးရွာကို ဆက်လက်စီးနင်းခဲ့ခြင်းဖြစ်ကြောင်း မြိုင် PDF အဖွဲ့က ဆိုသည်။ ရဟတ်ယာဉ်ပေါ်မှ ဆင်းလာသည့် စစ်သားများသည် မကြီးကန်ရွာနှင့် ကန်ကြီးရွာအတွင်း တပ်စွဲထားဆဲဖြစ်ကာ နေအိမ်များကို မီးရှို့ဖျက်ဆီးသည်ဟုလည်း သိရသည်။
စစ်ကောင်စီထုတ်ပြန်ချက်နှင့် ပတ်သက်၍ မြိုင် PDF အဖွဲ့၏ တုံ့ပြန်ချက် မသိရသေးပေ။
အခြေစိုက်စခန်း စီးနင်းခံရစဉ် တပ်ဖွဲ့ဝင်များ အဖမ်းမခံရသော်လည်း လက်နက်ခဲယမ်းများ ဆုံးရှုံးခဲ့ကြောင်း မြိုင် PDF အဖွဲ့မှ ဗိုလ် Cross က ယမန်နေ့တွင် ပြောသည်။ သို့သော် ၎င်းတို့စခန်းတည်နေရာကို ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။
“ရဲဘော်တွေထဲကတော့ မပါဘူးဗျ။ ကျွန်တော့်စခန်းကတော့ ခဲယမ်းတွေတော့ ပါသွားတာပေါ့ဗျာ။ လက်နက်ခဲယမ်းက စခန်းသိမ်းဖို့ စုထားတာဆိုတော့ သိန်းကို ထောင်ချီတယ်”
သို့သော် အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ PVTV အမည်ရ လူမှုကွန်ရက်စာမျက်နှာက ယမန်နေ့တွင် မကြီးကန်ရွာစီးနင်းခံရစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့ အပါအဝင် ပြည်သူအများအပြား ဓားစာခံအဖြစ် အဖမ်းခံထားရသည်ဟု ဖော်ပြသည်။
မကြီးကန်ရွာဆေးရုံမှာ ဒေသခံပြည်သူများ ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း၊ စီးနင်းခံရစဉ် ပြေးနိုင်သည့် လူနာများသာ လွတ်မြောက်သည်ဟု သိရကြောင်း အသက် ၃၀ အရွယ် ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ အသေးစိတ်အခြေအနေ မသိရဟုလည်း ၎င်းက ယမန်နေ့တွင် ပြောသည်။
အတိအကျ သတင်းရထားသဖြင့် ဆေးရုံကို ပစ်မှတ်ထားစီးနင်းခြင်းဖြစ်သည်ဟု မြိုင် PDF အဖွဲ့မှ ဗိုလ် Cross က ဆိုသည်။
“သူတို့က ဆေးရုံကို သိပြီးစီးတာ။ ဆေးရုံက ကျွန်တော်တို့ ရဲဘော်တွေချည်း ကုဖို့ မဟုတ်ဘူး၊ ပြည်သူတွေကုဖို့ လုပ်ထားတဲ့ ဆေးရုံ”