သတင်း

ဝူဟန်တွင် ကျန်နေသော မြန်မာကျောင်းသား ၂ ဦးကို အိန္ဒိယရှိ မြန်မာသံရုံးသို့ ပို့ဆောင်

တရုတ်နိုင်ငံ၊ ဝူဟန်မြို့တွင် ပိတ်မိနေသော မြန်မာကျောင်းသား နှစ်ဦးကို အိန္ဒိယနိုင်ငံမှ ဆေးပစ္စည်းလာပို့သည့် လေတပ်လေယာဉ်ဖြင့် အိန္ဒိယနိုင်ငံရှိ နယူးဒေလီမြို့ရှိ မြန်မာသံရုံးသို့ ယမန်နေ့က ပို့ဆောင်လိုက်ကြောင်း ပေကျင်းအခြေစိုက် မြန်မာသံရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါကျောင်းသူတစ်ဦးနှင့် ကျောင်းသားတစ်ဦးမှာ တရုတ်နိုင်ငံတွင်ကျောင်းတက်ရန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ စေလွှတ်ထားသည့် ဝန်ထမ်းများဖြစ်ပြီး ဝူဟန်မြို့တွင်ပိတ်မိနေသည့် ကျောင်းသား ၆၀ ကျော်ကို ဖေဖော်ဝါရီလ ရက်က အထူးလေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်ပို့ဆောင်ရာတွင် ကျန်ရစ်ခဲ့သူ နှစ်ဦးဖြစ်သည်။

၎င်းတို့ ၂ ဦးမှာ ကျန်းမာရေးမကောင်းခြင်း၊ ဝူဟန်မြို့အပြင်ဘက်သို့ ခရီးလွန်နေခြင်းတို့ကြောင့် ကျန်ခဲ့ခြင်းဖြစ်ပြီး ယခုအခါတွင် ကျန်းမာရေးပြန်ကောင်းလာပြီး စိတ်ချရသည့်အခြေအနေရှိပြီဖြစ်၍ မြန်မာနိုင်ငံသို့ ပြန်ပို့ရန် စီစဉ်ခြင်းဖြစ်ကြောင်း ပေကျင်းမြန်မာသံရုံးမှ အမည်မဖော်လိုသည့် တာဝန်ရှိသူက ဆိုသည်။

ပေကျင်းမြန်မာသံရုံးက ၎င်းတို့ကို မြန်မာနိုင်ငံသို့ပြန်ပို့ဆောင်ရန် စီစဉ်နေချိန်တွင် အိန္ဒိယနိုင်ငံဘက်မှ ဝူဟန်မြို့သို့ ဆေးပစ္စည်းလာပို့မည့် လေယာဉ်ရှိ၍ ဝူဟန်မြို့တွင် ပိတ်မိနေသူများကို ခေါ်ဆောင်နိုင်ကြောင်း ကမ်းလှမ်းလာသည်။ ထို့ကြောင့် ပေကျင်းမြန်မာသံရုံးက ဝူဟန်တွင် ကျန်ရစ်သည့် ကျောင်းသူနှင့် ကျောင်းသားကို အိန္ဒိယနိုင်ငံမှ ဆေးပစ္စည်းပို့သည့် လေတပ်လေယာဉ် Globemaster ဖြင့် အိန္ဒိယနိုင်ငံ၊ မြန်မာသံရုံးသို့ ပို့ဆောင်လိုက်ခြင်းဖြစ်ကြောင်း ပေကျင်းမြန်မာသံရုံးမှ တာဝန်ရှိသူက ပြောသည်။

ဝူဟန်ကို ဆေးပစ္စည်းတွေ လာပို့မယ့် လေယာဉ် ရှိပါတယ်တဲ့။ အိမ်နီးနားချင်းနိုင်ငံတွေက လိုက်ချင်တဲ့ ကျောင်းသားတွေရှိရင် ဆက်သွယ်ပါဆိုပြီး ကြေညာချက်ထုတ်တယ်မနေ့ည ၂နာရီလောက်က လေယာဉ်နဲ့ နယူးဒေလီ၊ အိန္ဒိယကို ပါသွားပါတယ်။ အကြမ်းဖျင်း ၁၄ ရက် စောင့်ကြည့်ပါလိမ့်မယ်။ ပြီးရင် မြန်မာပြည်ကို ပြန်ဖို့ ဆက်လက်ဆောင်ရွက်ပါလိမ့်မယ်” ဟု ၎င်းက ဆိုသည်။

ထိုလေယာဉ်တွင် အိန္ဒိယနိုင်ငံသား ၇၆ ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား၂၃ ဦး၊ တရုတ်နိုင်ငံသား ၆ ဦး၊ မြန်မာနိုင်ငံနှင့် မော်လ်ဒိုက်နိုင်ငံမှ ဦးစီ နှင့် အမေရိကန်၊ တောင်ကိုရီးယား၊ မာဒါကစကား နိုင်ငံတို့မှ တစ်ဦးစီပါဝင်ကြောင်း တရုတ်နိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ် Vikram Misri က တွစ်တာတွင် ရေးသားခဲ့သည်။

ကျောင်းသူကျောင်းသားနှစ်ဦးကို အိန္ဒိယနိုင်ငံ၊ မြန်မာသံရုံးသို့ ပို့ဆောင်သည့်အချိန်မှာ မြန်မာနိုင်ငံသမ္မတ ဦးဝင်းမြင့်နှင့် ဇနီးတို့ ဦးဆောင်သည့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့က အိန္ဒိယနိုင်ငံသို့ ရောက်ရှိနေသည့်အချိန်လည်း ဖြစ်သည်။

ပေကျင်းမြန်မာသံရုံးအနေဖြင့် ကျောင်းသားနှစ်ဦးကို ပြန်ပို့နိုင်ရန် လွန်ခဲ့သည့် တစ်ပတ်ကျော်ကတည်းက အိန္ဒိယသံရုံးနှင့် ဆက်သွယ်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံတော်သမ္မတအဖွဲ့ လာရောက်သည့်အချိန်နှင့် တိုက်ဆိုင်သွားခဲ့ခြင်းဖြစ်ကြောင်း သံရုံးတာဝန်ရှိသူက ဆိုသည်။

တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့် ရောဂါကူးစက်ခံရသူ ဦးရေ ၈၀၀၀၀ ကျော်လာပြီး လူ ၂၇၀၀ ကျော် သေဆုံးပြီးဖြစ်သည်။ ထိုဗိုင်းရပ်စ်သည် တရုတ်နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၃၄ နိုင်ငံထိ ကူးစက်ပျံ့နှံ့နေသည်။

Show More

Related Articles

Back to top button