သတင်း

အိမ်ပြန်ရေး ကူညီရန် တရုတ်ရောက် မြန်မာလုပ်သား ၁၀၀၀ ကျော် သံရုံးထံ အကူအညီတောင်း

မြန်မာနိုင်ငံပြန်ချင်သဖြင့် အကူအညီပေးရန် တရုတ်ရောက်မြန်မာလုပ်သား တစ်ထောင်ကျော်က တရုတ်နိုင်ငံဆိုင်ရာမြန်မာသံရုံးကို ဆက်သွယ်စာရင်းပေးထားကြောင်း အမည်မဖော်လိုသည့် ပေကျင်းအခြေစိုက် မြန်မာသံရုံးမှ တာဝန်ရှိသူတစ်ဦးက Myanmar Now ကိုပြောသည်။

၂၀၁၉ နှစ်ကုန်ပိုင်းတွင် စတင်ခဲ့သည့် ကိုဗစ်-၁၉ (COVID-19) ရောဂါ ကူးစက်ပြန့်ပွားမှုကြောင့် တရုတ်နိုင်ငံအတွင်း စက်ရုံအလုပ်ရုံများ ပိတ်ခဲ့ရပြီး တရုတ်ရောက် မြန်မာနိုင်ငံသားများမှာလည်း အလုပ်လက်မဲ့ဖြစ်ကာ စားစရာ၊နေစရာ အခက်အခဲဖြစ်နေသည်။ အချို့မှာနေစရာမရှိ၍ ကားလမ်းမဘေးများ၊ တောထဲ အဆင်ပြေသည့် နေရာများတွင် နေထိုင်နေကြရသည်။

၎င်းတို့အနက် ၆၀၀ ကျော်ကို မြန်မာနိုင်ငံ ပြန်ပို့နိုင်ရေးအတွက် တရုတ်အာဏာပိုင်များထံ ကမ်းလှမ်းထားကြောင်း အမည်မဖော်လိုသည့် ထိုအရာရှိက ဆိုသည်။

“သူတို့လည်း ကျွန်တော်တို့ တောင်းဆိုထားတဲ့ဟာလေးကို အထက်ကို တင်ပြပေးမယ်လို့ ပြောထားပါတယ်” ဟု ၎င်းကပြောသည်။

ယင်းကြောင့် တရုတ်နိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေသည့် မြန်မာလုပ်သားများအနက် အမိနိုင်ငံသို့ ပြန်လာချင်သည့် စာရင်းကို ဖေဖော်ဝါရီလ ၁၀ ရက်မှစ၍ အသိပေးကြေညာချက်များ ထုတ်ပြန်ပြီး ကောက်ခံခဲ့ရာ ယနေ့ ဖေဖော်ဝါရီ ၂၆ ရက်အထိ ဦးရေ ၁၁၀၀ ခန့် စာရင်း ရရှိကြောင်း သံရုံးက ဆိုခြင်းဖြစ်သည်။

မြန်မာနိုင်ငံသို့ ကနဦး ပြန်ပို့မည့် မြန်မာအလုပ်သမားစာရင်းတွင် တောထဲ၌ ဒုက္ခရောက်နေသည့် အလုပ်သမား ဦးရေ ၂၀၀‌ ကျော်ကို ဦးစားပေး စဉ်းစားပေးစေလိုကြောင်း မြန်မာလုပ်သားများကို ကူညီပေးနေသည့် မိုးမခဖောင်ဒေးရှင်း နာယက ဒေါ်မိုးမခက မြန်မာအစိုးရကို တောင်းဆိုသည်။

မြန်မာသံရုံးက ပြန်ပို့မည့် ကနဦးလုပ်သား ၆၀၀ ကျော်မှာ နေရပ်လိပ်စာ၊ မြန်မာနိုင်ငံသားဖြစ်မှု အချက်အလက်ရရှိမှုအပေါ် မူတည်၍ စီစဉ်ဆောင်ရွက်ခြင်းဖြစ်ပြီး ဦးစားပေးအစီအစဉ်ဟူ၍ မရှိကြောင်း မြန်မာသံရုံးတာဝန်ရှိသူက ပြန်လည်ဖြေကြားသည်။

ရွှေလီမြို့အခြေစိုက် မိုးမခဖောင်ဒေးရှင်းမှာ တရုတ်နိုင်ငံတွင် စက်ရုံများ ပိတ်သိမ်းပြီးနောက် နေစရာ စားစရာ ခက်ခဲပြီး လမ်းပေါ်တွင် အဆင်ပြေသလို နေထိုင်နေရသည့် မြန်မာအလုပ်သမားများအ‌ရေး ကူညီပေးနေသည့် အဖွဲ့ဖြစ်သည်။

တရုတ်နိုင်ငံ ကွမ်းတုန်းနှင့် စန်းတုန်းပြည်နယ်ရှိ တောထဲတွင် ခိုအောင်းနေရသည့် မြန်မာအလုပ်သမား ၂၀၀ ဦးအနက် ကိုယ်ဝန်ဆောင်များ၊ ကျန်းမာရေးမကောင်းသူများ၊ အစားအသောက် ပြတ်လပ်နေသူများ ရှိနေ၍ ၎င်းတို့ကို ကနဦး ဦးစားပေးအဖြစ် မြန်မာနိုင်ငံသို့ ပို့ဆောင်ပေးပါက အကျိုးရှိမည်ဖြစ်ကြောင်း ဒေါ်မိုးမခက ပြောဆိုသည်။

တောထဲတွင် ဒုက္ခရောက်နေသည်ဆိုသော အလုပ်သမား ၂၀၀ ကျော်အနက် အချို့ကို မိုးမခဖောင်ဒေးရှင်းက ရန်ပုံငွေ ထူ‌ထောင်၍ လတ်တလော စားသောက်ရေးအတွက် ကူညီပေးနေသည်။

Show More

Related Articles

Back to top button