သတင်း

လူကယ်ပြန်ဝန်ကြီး စီးနင်းလာသည့် ရဟတ်ယာဉ် ဘူးသီးတောင်တွင် ပစ်ခတ်ခံရ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေး စီးနင်းလိုက်ပါလာသည့် ရဟတ်ယာဉ်သည် ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင် သေနတ်ဖြင့် အပစ်ခံရသည်ဟု အဆိုပါဝန်ကြီးရုံး၏ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးနေဝင်းက Myanmar Now ကို အတည်ပြုပြောကြားသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး အသေးစိတ် မသိရသေးသော်လည်း ဒေါက်တာဝင်းမြတ်အေးသည် ညနေ ၄ နာရီလေယာဉ်ဖြင့် ရန်ကုန်မြို့သို့ ပြန်လာခဲ့ကြောင်း ဦးနေဝင်းက ပြောသည်။

ဖေဖော်ဝါရီ ၁၃ ရက်က လက်နက်ကြီးကျ၍ ဒဏ်ရာရရှိခဲ့သည့် ဘူးသီးတောင်မြို့နယ်ရှိ ခမွိချောင်းရွာနေ ကလေးများထံ ဒေါက်တာဝင်းမြတ်အေး သွားရောက်ပြီးအပြန် ယနေ့ (ဖေဖော်ဝါရီလ ၁၉ ရက်) နေ့လယ် ၂ နာရီခွဲ ဝန်းကျင်တွင် ၎င်းလိုက်ပါလာသည့် ရဟတ်ယာဉ်ပစ်ခတ်ခံရခြင်း ဖြစ်သည်ဟု ရခိုင်ပြည်နယ် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနရှိ တာဝန်ရှိသူတစ်ဦးက Myanmar Now ကို ပြောသည်။

“ဝန်ကြီးချုပ်လည်းပါတယ်။ ရဟတ်ယာဉ်လည်း ရှေ့တစ်ချက်၊ နောက်တစ်ချက်လောက် ထိသွားတယ်။ (လူ) ဒဏ်ရာရတာတော့ မရှိပါဘူး” ဟု အဆိုပါတာဝန်ရှိသူက ပြောသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းနှင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးတို့ကို Myanmar Now က ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်း လက်ခံဖြေဆိုခြင်းမရှိသေးပါ။

ရက္ခိုင့်တပ်တော်(AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကိုလည်း Myanmar Now က ယနေ့ (ဖေဖော်ဝါရီလ ၁၉ ရက်) ညနေ ၅ နာရီ ၄၀ မိနစ်တွင် WhatsApp မှတစ်ဆင့် စာပေးပို့မေးမြန်းခဲ့သော်လည်း တုံ့ပြန်ဖြေဆိုခြင်း မရှိသေးပါ။

Related Articles

Back to top button