မန္တလေးမြို့မှ နာမည်ကျော် အထည်ချုပ်လုပ်ငန်းဖြစ်သည့် အညာသားကြီးဆိုင်ပိုင်ရှင်မိသားစုမှာ စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံရပြီး နှစ်ပတ်ကျော်ကြာသည်အထိ သတင်းအစအန ပျောက်နေသည်။
“အညာသာကြီး အထည်ချုပ်လုပ်ငန်းနှင့် မြန်မာ့ရိုးရာပွဲတက်အဝတ်အထည်” ဆိုင်ပိုင်ရှင် ကိုကောင်းကျော်ဇံနှင့် ဇနီး မနော်မာဒီ ခေါ် မာလာဝေ၊ သမီးဖြစ်သူ မမိုးငယ် ခေါ် မိုးသီတာထွန်းတို့ကို အောင်မြေသာစံမြို့နယ် ပြည်လုံးချမ်းသာရပ်ကွက်ရှိ နေအိမ်တွင် စစ်ကောင်စီက မတ် ၂၄ မွန်းလွဲပိုင်းတွင် လာဖမ်းသွားခြင်းဖြစ်သည်။
မိသားစုလိုက် ဖမ်းခံရပြီးနောက် ဧပြီ ၅ တွင် စစ်ကောင်စီက နေအိမ်ကို လာရောက်ချိပ်ပိတ်သည်ကို တွေ့ရသည်မှလွဲ၍ မည်သည့်အကြောင်းမျှ စုံစမ်းမရ၍ ဖမ်းခံရသူတို့၏ အသက်အန္တရာယ်ကို ဆွေမျိုးအသိုင်းအဝိုင်းက စိုးရိမ်နေသည်ဟု ထိုရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောသည်။
“ရပ်ကွက်ထဲမှာတော့ သို့လောသို့လောပေါ့။ ဘာလို့ဖမ်းမှန်း တိတိကျကျမသိရဘူး” ဟု ပြည်လုံးချမ်းသာရပ်ကွက်တွင် နေထိုင်သည့် အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။
“ရပ်ကွက်ထဲမှာလည်း သူတို့လုပ်ငန်းလေး သူတို့လုပ်ပြီး အေးအေးဆေးဆေးနေထိုင်တဲ့ မိသားစုပါ” ဟု အထက်ပါ သတင်းရင်းမြစ်က ပြောသည်။
ထိုမိသားစုဖမ်းခံရသည့် ကိစ္စနှင့် ပတ်သက်၍ အသေးစိတ် မသိရသေးသလို စစ်ကောင်စီထံ မေး၍ မရသေးပါ။
စစ်ကောင်စီ၏ ဝါဒဖြန့် လူမှုကွန်ရက်စာမျက်နှာများတွင်မူ အညာသားကြီး အထည်ချုပ်လုပ်ငန်းမိသားစုသည် စစ်တပ်ကို ခုခံနေသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ကို ငွေကြေးထောက်ပံ့သည်ဟု စွပ်စွဲထားသည်။
ထိုစာမျက်နှာများတွင် အိမ်ကို ချိပ်ပိတ်လိုက်သည့်ပုံများ တင်ထားရာ အိမ်ရှေ့ခြံစည်းရိုးနှင့် တံခါးတွင် အဝါရောင်ကြိုးတန်းထားသည်ကို တွေ့ရသည်၊ မှတ်တမ်းဓာတ်ပုံတွင် စစ်ကောင်စီလက်နက်ကိုင်အဖွဲ့မှ ၄ ဦး တံခါးရှေ့တွင် မတ်တတ်ရပ်နေသည်ကို တွေ့ရသည်။
စစ်ကောင်စီသည် မတ်လ (၉) ရက်နေ့ကလည်း မန္တလေးမြို့ရှိ ဇလုံကြီး ဟင်းအနှစ်ထုပ်လုပ်ငန်းပိုင်ရှင်ကို PDF ကို ထောက်ပံ့နေသူများထံ ရောင်းသည်ဟု စွပ်စွဲ၍ ဖမ်းဆီးကာ နေအိမ်နှင့် လုပ်ငန်းကို ချိပ်ပိတ်ထားသည်။
စစ်ကောင်စီ၏လုပ်ရပ်တွင် လူထုကို ခြောက်လှန့်လိုသည့် ရည်ရွယ်ချက်လည်း ပါဝင်သည်ဟု ဒေသခံတစ်ဦးက မှတ်ချက်ပြုသည်။
“သူတို့ မနိုင်နိုင်ရာ မဲတယ် ခေါ်မှာပေါ့။ နောက်ပြီး ဒီလိုနာမည်ရှိတဲ့ လုပ်ငန်းရှင်တွေ၊ ဆိုင်ရှင်တွေကို လုပ်ပြခြင်းအားဖြင့် မြို့နေလူထု မလုပ်ရဲအောင်၊ မလှူရဲအောင်၊ ကြောက်အောင်ပေါ့၊ အကြောက်တရားပေးတာပေါ့” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် အသက် ၄၀ အရွယ် မန္တလေးမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
ယဉ်ကျေးမှုမြို့တော်ဟု တင်စားခေါ်ဝေါ်ကြသည့် နိုင်ငံအလယ်ပိုင်းမှ မန္တလေးသည် လွန်ခဲ့သည့် နှစ်နှစ်ကျော်က အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းသည့် စစ်တပ်၏ လုပ်ရပ်ကို လမ်းပေါ်ထွက်၍ အစောဆုံးဆန္ဒပြခဲ့သည့် မြို့ဖြစ်သည်။
ထို့အတူ ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံနေကြရာတွင် မန္တလေးသည်လည်း အပါအဝင်ဖြစ်သည်။ စစ်ကောင်စီကလည်း ၎င်းတို့ကို ဆန့်ကျင်သည်ဟု ယူဆလျှင် ရဟန်း၊ သံဃာများပင်မချန် ဖိနှိပ်နေသည်။ စစ်ကောင်စီဖမ်းသွားပြီးနောက် အချိန်တိုအတွင်း အသက်ဆုံးရှုံးခဲ့ရသည့် မန္တလေးမြို့ခံများလည်း ရှိနေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)