သတင်း

ရွှေကုက္ကိုလ်မြို့သစ်အနီး တိုက်ပွဲဆက်ဖြစ်၊ ဒေသခံထောင်ချီ ထိုင်းဘက် တိမ်းရှောင်

ကရင်ပြည်နယ်၊ မြဝတီမြို့အနီးရှိ နာမည်ကျော် ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းတစ်ဝိုက် ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲဆက်ဖြစ်နေကာ ထောင်နှင့်ချီသော ဒေသခံများ ထိုင်းဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။

နယ်ခြားစောင့်တပ်ဖွဲ့ပိုင် အဓိကစီးပွားရေးလုပ်ငန်းကြီးဖြစ်သော ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းအနီးရှိ BGF ကင်းစခန်းအချို့ကို KNU လက်အောက်ခံ ပူးပေါင်းတပ်များက ယမန်နေ့တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ကာ နှစ်ဖက် တိုက်ပွဲဖြစ်နေသည်ဟု တာဝန်ရှိသူများက ဆိုသည်။

အရပ်သားအစိုးရလက်ထက်တွင် ဝေဖန်ကန့်ကွက်မှုများ အကြီးအကျယ်ရင်ဆိုင်ခဲ့ရသည့် ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် လုပ်ငန်းလည်ပတ်နေပြီး နိုင်ငံခြားသားများပါ ကျွန်ပြုခံနေရသည့် အွန်လိုင်းလောင်းကစားလုပ်ငန်းများဖြင့် နာမည်ကြီးနေသည်။​

ထိုဒေသတစ်ဝိုက်တွင် တိုက်ပွဲပြင်းထန်နေပြီး နှစ်ဖက် ထိခိုက်ကျဆုံးမှုများလည်း ရှိနေသော်လည်း အသေးစိတ်မသိရသေးကြောင်း KNU တပ်မဟာ (၆) ၏ ခရိုင်အတွင်းရေးမှူးဖြစ်သူ ပဒိုစောလစ္စတန်က ယနေ့ (ဧပြီ ၆) ပြောသည်။

“အထိအခိုက်တွေ ရှိတာတော့ ကြားတယ်။ ဒါပေမဲ့ အသေးစိတ်က ရှုပ်ထွေးနေလို့ မရသေးပါဘူး။ အခုက ကော့ကရိတ်ရော၊ သင်္ဃန်းညီနောင်ရော၊ မြဝတီရော၊ ရွှေကုက္ကိုလ်ရော အခြေအနေတွေ ရှုပ်ထွေးနေတယ်” ဟု ၎င်းက ဆိုသည်။

တိုက်ပွဲဖြစ်နေသည့် ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းကို စစ်ကောင်စီလက်အောက်ခံ BGF ခေါင်းဆောင် ဗိုလ်မှူးချုပ်စောချစ်သူက ဟောင်ကောင်တွင် မှတ်ပုံတင်ထားသည့် တရုတ်ကုမ္ပဏီ ရထိုင်းနိုင်ငံတကာဦးပိုင်အုပ်စု (Yatai International Holdings Group) နှင့် ပူးပေါင်းလုပ်ကိုင်နေခြင်းဖြစ်သည်။

ယမန်နေ့တွင် ရွှေကုက္ကိုလ်မြို့သစ်နှင့် ၆ မိုင်အကွာ ထီးကောထောရွာရှိ BGF ကင်းစခန်းများကို KNU လက်အောက်ခံတပ်များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ကူအပြင် ရဟတ်ယာဉ်များဖြင့်ပါ ဝင်ရောက်ပစ်ခတ်ခဲ့သည်။

စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် မြေပြင်တိုက်ပွဲကြောင့် ရွှေကုက္ကိုလ်မြို့သစ်အနီးရှိ ထီးကော်ထော၊ ထီးချာထားနှင့် ကျောက်ဖျာကျေးရွာတို့မှ သောင်ရင်းမြစ်ကို ဖြတ်ကူးကာ ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ရသည့် ဒေသခံအရေအတွက်မှာ ယနေ့တွင် ခြောက်ထောင်ကျော်အထိ ရှိလာသည်ဟု သိရသည်။

ထိုင်း−မြန်မာနယ်စပ် သောင်ရင်းမြစ်ကို ဖြတ်ကာ ဘေးလွတ်ရာ တိမ်းရှောင်နေရသည့် စစ်ဘေးဒုက္ခသည်များကို ဧပြီလ ၅ ရက်က တွေ့ရစဉ်။

ထိုင်းနိုင်ငံဘက်ခြမ်း ရောက်လာသည့် ဒေသခံများကို ထိုင်းနိုင်ငံသား အမျိုးသမီးတစ်ဦးက ၎င်းပိုင်ဆိုင်သော သုံးဧကဝန်းကျင်ကျယ်သည့် မြေနေရာတွင် ခိုလှုံခွင့်ပေးထားပြီး ထိုင်းအာဏာပိုင်နှင့် စစ်တပ်ကလည်း ကူညီပေးနေကြောင်း စစ်ရှောင်အရေး ကူညီပေးနေသူတစ်ဦးက ဆိုသည်။

“တစ်ညလုံးလည်း အလုံးကြီးအသံတွေ ကြားရတယ်။ ဒီမနက်အထိလည်း တိုက်ပွဲက ဆက်ဖြစ်‌နေတယ်။ ထော့ကိုကိုးနဲ့ ကျောက်ဖျာဂိတ်ဘက်မှာလည်း တော်တော် အခြေအနေဆိုးကြတယ်လို့ ပြောတယ်” ဟု ၎င်းက ပြောသည်။

အာဏာသိမ်းစစ်ခေါင်းဆောင်က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် PDF အပါအဝင် ၎င်းတို့ကို ကူညီထောက်ပံ့နေသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ပြတ်ပြတ်သားသား အရေးယူမည်ဟု မတ်လ ၂၇ ရက်က နေပြည်တော်၌ ပြုလုပ်သည့် အခမ်းအနားတစ်ခုတွင် ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် ကရင်ပြည်နယ်အတွင်း တိုက်ပွဲများဖြစ်လာသည်။

မြဝတီ၊ သင်္ဃန်းညီနောင်၊ ကော့ကရိတ်မြို့အနီးတစ်ဝိုက်တွင် လွန်ခဲ့သည့် ရက်များကတည်းက တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည်။

လက်နက်ကိုင်ပဋိပက္ခကြောင့် ကရင်ပြည်နယ်တစ်ခုလုံးတွင် စစ်ဘေးရှောင်အရေအတွက် ၅၀၀,၀၀၀ ကျော် ရှိနေသည်ဟု ကရင်အမျိုးသားအစည်းအရုံးပြောခွင့်ရ ပဒိုစောတောနီးက ထုတ်ဖော်ပြောဆိုထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button