
စင်ကာပူမှ ပြန်လာသည့် တောင်ဒဂုံမြို့နယ် ပုလဲမွန်အိမ်ရာနေ အမျိုးသမီးတစ်ဦးကို ကိုရိုနာဗိုင်းရပ်ရှိမရှိ စစ်ဆေးရန် ဝေဘာဂီဆေးရုံသို့ ယနေ့မနက်တွင် ပို့ဆောင်ထားပြီး စောင့်ကြည့်လူနာအဖြစ် သတ်မှတ်သင့်မသင့် စစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ၏ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးက Myanmar Now ကို ပြောသည်။
“စင်ကာပူမှာ ရှိတဲ့ သံသယလူနာနဲ့ ထိတွေ့မှုရှိတယ်ဆိုပြီးတော့ သတင်းပေးတဲ့အတွက်ကြောင့် သူ့ကို လိုအပ်တဲ့စစ်ဆေးမှုတွေ လုပ်ရအောင် လောလောဆယ် ဆေးရုံကို ခေါ်သွားတယ်။ ဒါပေမဲ့ သူ့မှာ ဖျားတာလည်း မရှိဘူး။ ချောင်းဆိုးတာလည်း မရှိဘူး။ အသံရှုလမ်းကြောင်းတစ်ဝိုက်လည်း ရောဂါမရှိဘူး” ဟု ၎င်းက ဆိုသည်။
အဆိုပါအမျိုးသမီးမှာ စင်ကာပူတွင် ကိုရိုနာဗိုင်းရပ် သံသယရှိသူတစ်ဦးနှင့် နီးကပ်စွာ နေထိုင်မှုရှိသဖြင့် စင်ကာပူရှိ ကျန်းမာရေးဌာနမှ မြန်မာနိုင်ငံဘက်သို့ အကြောင်းကြားသဖြင့် စစ်ဆေးရခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။
တောင်ဒဂုံမြို့နယ်၊ အမှတ် ၆၅ ရပ်ကွက်၊ ပုလဲမွန်အိမ်ရာ တိုက်နံပါတ် ၃ တွင် နေထိုင်သည့် အသက် ၂၉ နှစ်အရွယ် ထိုအမျိုးသမီးမှာ စင်ကာပူနိုင်ငံမှ မြန်မာနိုင်ငံသို့ ဖေဖော်ဝါရီ ၅ ရက်ခန့်က ပြန်လည် ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ကျန်းမာရေးကောင်းမွန်ကြောင်း တောင်ဒဂုံမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီက ပြောသည်။
လက်ရှိတွင် ကျန်းမာရေးဝန်ကြီးဌာနအဖွဲ့၏ သတ်မှတ်ချက်အရ အဆိုပါအမျိုးသမီး၏ မိသားစုဝင်များအပါအဝင် တိုက်အတွင်းနေသူများကို အိမ်အပြင်မထွက်ရန် တိုက်တွန်းထားပြီး အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူများက ၎င်းတို့အား စောင့်ကြည့် ကူညီလျက်ရှိကြောင်း ဦးညီညီက ဆိုသည်။
“လောလောဆယ်မှာ သူတို့နဲ့ အတူနေတဲ့ အခန်းဖော်တွေကို ကျွန်တော်တို့ အပြင်ကို ပေးမထွက်ဘဲ အခန်းထဲမှာ နေဖို့ ပြောထားပါတယ်။ နားလည်အောင် မေတ္တာရပ်ခံပြီးတော့ ရှင်းပြထားပါတယ်။ (စင်ကာပူကပြန်လာတဲ့အမျိုးသမီးက) လက္ခဏာတော့ မပြဘူး ဖျားတာ နားတာ လုံးဝ မရှိဘူး။ သို့သော်လည်းပဲ အနီးကပ် နေလာခဲ့တယ်ဆိုတော့ စောင့်ကြည့်ရမယ့် သဘော ရှိတယ်” ဟု ၎င်းက ရှင်းပြသည်။
မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်နှင့် ပတ်သက်၍ ဖေဖော်ဝါရီ ၉ ရက်ထိ သံသယရှိ လူနာတစ်ဦးနှင့် စောင့်ကြည့် လူနာ ၁၁ ဦးကို စစ်ဆေးကုသနေကြောင်း ဒေါက်တာခင်ခင်ကြီးက ပြောသည်။
ရည်ညွှန်းဓာတ်ခွဲခန်းမှ စစ်ဆေးရရှိသည့် အဖြေအရ အနယ်နယ်အရပ်ရပ်မှ စောင့်ကြည့်လူနာ ၇ ဦးမှာ ကိုရိုနာဗိုင်းရပ်စ် မတွေ့ရှိ၍ ဆေးရုံဆင်းခွင့် ပြုထားသည်။ ထို့ကြောင့် ယနေ့အချိန်ထိ မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ် ကူးစက်ခံရသူ မတွေ့ရှိရသေးပေ။
Johns Hopkins တက္ကသိုလ်၏ ဖော်ဝါရီလ ၉ ရက်အထိ အချက်အလက်များအရ တရုတ်နိုင်ငံ၊ ဟူပေပြည်နယ်အလယ်ပိုင်း၊ ဝူဟန်မြို့မှ စတင်ခဲ့သည့် ကိုရိုနာဗိုင်းရပ်ကြောင့် တစ်ကမ္ဘာလုံးတွင် ကူးစက်ခံရသူ ၃၇,၅၆၅ ဦး ရှိသည့်အနက် ၃၇,၂၀၀ မှာ တရုတ်နိုင်ငံတွင် ဖြစ်ပြီး သေဆုံးသူ ၈၁၃ ဦး ရှိပြီဖြစ်သည်။