သတင်း

စစ်တွေ၌ ရွေးကောက်ပွဲဆန့်ကျင်ကြောင်း လက်ကမ်းစာစောင်များ ဖြန့်ဝေ

မကြာမီရက်ပိုင်းက ရခိုင်ပြည်နယ် စစ်တွေမြို့သို့ အာဏာသိမ်းခေါင်းဆောင် ရောက်ရှိခဲ့စဉ် ရခိုင်လူငယ်များက အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြသည်ဟု သိရသည်။ 

မင်းအောင်လှိုင်သည် စစ်တွေမြို့သို့ မတ် ၃၁ နှင့် ဧပြီ ၁ အထိ လာရောက်ခဲ့သည်။ ယင်းမတိုင်မီ မတ် ၂၉ ရက်ကတည်းက စစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း မိုဘိုင်းဖုန်းများမှတစ်ဆင့် စာပေးပို့ခဲ့ခြင်း ဖြစ်သည်ဟု ထိုလှုပ်ရှားမှုကို ဦးဆောင်သည့် ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံး (AASYC) က ဆိုသည်။

“စစ်ကျွန်သက်တမ်းမရှည်ဖို့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်စို့” ဟု ခေါင်းစဉ်တပ်ထားသည့် လက်ကမ်းစာစောင်များကို ယခုလ ၂ ရက်နေ့၌ စစ်တွေမြို့၏ အချက်အချာကျသော နေရာများတွင် လိုက်လံကပ်ခဲ့သည်ဟု AASYC ပြန်ကြားရေးတာဝန်ခံ ကိုကောင်းကျော်ဇံက ပြောသည်။

“အဓိကတော့ စစ်ကောင်စီရဲ့ နိုင်ငံရေးထွက်ပေါက်အဖြစ် ဖန်တီးထားတဲ့ ရွေးကောက်ပွဲအတုကို ကန့်ကွက်တာပေါ့။ ပြည်သူတစ်ရပ်လုံး သဘောထားမပါဝင်နိုင်တဲ့ ရွေးကောက်ပွဲကို ကျွန်တော်တို့ မယုံကြည်ဘူး” 

မြန်မာစစ်တပ်သည် ၎င်းတို့လိုလားသော အာဏာရှင်စနစ်နှင့် ၂ဝဝ၈ ဖွဲ့စည်းပုံကို ပြန်လည်အသက်သွင်းရန်၊ တရားဝင် စစ်အစိုးရတစ်ရပ်ဖြစ်တည်နိုင်ရန် အတုအယောင်ရွေးကောက်ပွဲတစ်ရပ်ကို ကျင်းပပြုလုပ်ရေး အပြင်းအထန် ကြိုးပမ်းလျက်ရှိသည်ဟု ၎င်းတို့ဖြန့်ဝေသည့် လက်ကမ်းစာစောင်တွင် ဖော်ပြသည်။

နိုင်ငံတကာမျက်နှာစာတွင် လက်တဆုပ်စာ စစ်အာဏာရှင်များ၏ နိုင်ငံရေးအရ တရားဝင်မှုကို သိဒ္ဓိတင်ပေးရန်သာ ရည်ရွယ်ခြင်းဖြစ်သဖြင့် ထိုရွေးကောက်ပွဲ၌ မိမိတို့ဆန္ဒအလျောက် ပူးပေါင်းပါဝင်ကြမည်ဆိုပါက စစ်ကျွန်ဘဝတွင် သက်တမ်းရှည်ကြာနေထိုင်ရန် မိမိတို့ကိုယ်တိုင် အဆိုပြုသည့်သဘော သက်ရောက်သွားပေလိမ့်မည်ဟုလည်း ရေးသားထားသည်။ 

စစ်ကောင်စီသည် နိုင်ငံရေးပါတီများကို အတင်းအဓမ္မ မှတ်ပုံတင်ခိုင်းသည်ဖြစ်ရာ ပါတီမဖျက်သိမ်းရေးအတွက် ပါတီ၏ မူဝါဒနှင့် သစ္စာတရားကို ချိုးဖျက်ကာ မှတ်ပုံတင်ကြသည်ဟုလည်း ကိုကောင်းကျော်ဇံက ဝေဖန်သည်။ 

စစ်တွေမြို့တစ်နေရာတွင် စစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း စာကပ်နေသူတစ်ဦး။ (ဓာတ်ပုံ – Supplied)

“နိုင်ငံရေးပါတီထဲက လူထုနဲ့ အဆင်ပြေတဲ့ ရခိုင်ခေါင်းဆောင်တချို့ကိုလည်း မက်လောက်စရာ ရာထူးတွေနဲ့ ဗန်းပြပြီး စည်းရုံးတယ်။ ဒီလိုမျိုး (စစ်ကောင်စီရဲ့) နိုင်ငံရေးအရယုတ်မာမှုတွေကို ပြည်သူလူထုသိအောင် လုပ်ရတာဖြစ်ပါတယ်”

စစ်ကောင်စီ၏ လုပ်ရပ်များကို အာဏာမသိမ်းမီကပင် ရခိုင်ပြည်သူများ နဖူးတွေ့ဒူးတွေ့ ကြုံခဲ့ဖူးခဲ့ကြပြီဖြစ်၍ ယခုပြုလုပ်မည့် ရွေးကောက်ပွဲသည် ပြည်သူလူထုအပေါ် သက်ရောက်မှုရှိမည် မဟုတ်သော်လည်း စစ်တပ်နှင့် ညှိနှိုင်းပြီး နိုင်ငံရေးအရတည်ဆောက်မည်ဆိုသည့် အမြင်မျိုးနှင့် သွားနေသည့် နိုင်ငံရေးသမားများလည်း ရှိနေသည်ဟု ကိုကောင်းကျော်ဇံက ထောက်ပြသည်။ 

စစ်ကောင်စီက ပြုလုပ်မည့် ရွေးကောက်ပွဲကို တစ်နိုင်ငံလုံးနည်းတူ ရခိုင်ပြည်သူများလည်း ဆန့်ကျင်ကြကြောင်း၊ သို့သော်လည်း ယခုကဲ့သို့ လက်ကမ်းစာစောင်များ ကပ်ပြီး ကန့်ကွက်ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်ဟု ရခိုင်ပြည်နယ်မြောက်ပိုင်းမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်‌ဟောင်းတစ်ဦးက ဆိုသည်။

“ဒါက ကိုယ့်ရဲ့ ရင်ထဲမှာရှိတဲ့ ဆန္ဒကို ဖော်ထုတ်တာ။ မဖော်ထုတ်လည်း သိပါတယ်။ ရွေးကောက်ပွဲမှာ ထောက်ခံသူက ဘယ်လောက်ရှိမလဲ၊ တစ်ကမ္ဘာလုံးမှာရော မြန်မာတစ်နိုင်ငံလုံးမှာရော ထောက်ခံတဲ့သူက သိပ်နည်းမှာပဲ။ အဆန့်ကျင်ဆုံးသော ရွေးကောက်ပွဲလို့တောင် ပြောလို့ရတယ်” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီက မည်သည့်အချိန်တွင် ရွေးကောက်ပွဲလုပ်မည် မသေချာသော်လည်း စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) အပါအဝင် ပါတီပေါင်း ၅၀ က ပြန်လည်မှတ်ပုံတင်ခဲ့ကြပြီး ရခိုင်ပါတီများဖြစ်သည့် ရခိုင်အမျိုးသားပါတီ (ANP)၊ ဒေါက်တာအေးမောင်တည်ထောင်သည့် ရခိုင့်ဦးဆောင်ပါတီ (AFP) တို့လည်း ပါဝင်သည်။

စစ်ကောင်စီသတ်မှတ်ထားသည့် ကာလအတွင်း ပြန်လည်မှတ်ပုံမတင်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) နှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) တို့ အပါအဝင် ပါတီပေါင်း ၄၀ ကို ဖျက်သိမ်းကြောင်း စစ်ကောင်စီက မတ် ၂၈ တွင် ကြေညာခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button