သတင်း

မန္တလေးတွင် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများ ဆက်တိုက်ပစ်သတ်ခံနေရ

လွန်ခဲ့သည့်သုံးရက်က ရာအိမ်မှူးနှစ်ဦး ပစ်သတ်ခံရသည့် မန္တလေးမြို့တွင် ယနေ့ (ဧပြီ ၃) တွင်လည်း စစ်ကောင်စီလက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးနှင့် နီးစပ်သူတစ်ဦး ထပ်မံလုပ်ကြံခံရသည်ဟု သိရသည်။

ယနေ့ နံနက် ၇ နာရီဝန်းကျင်က ပစ်ခတ်လုပ်ကြံခံရသူများမှာ ပြည်ကြီးတံခွန်မြို့နယ်၊ (ဆ) ရပ်ကွက် အုပ်ချုပ်ရေးမှူးဖြစ်သူ အသက် ၄၂ နှစ်အရွယ် ဦးစိုးမင်းဟန်နှင့် ဆွေမျိုးတော်စပ်သည့် ၂၆ နှစ်ရွယ် ကိုမျိုးဆန်းဦးတို့ဖြစ်သည်။​

ရပ်ကွက်အုပ်ချုပ်ရေးမှူးမှာ ဆေးရုံအရောက်တွင် သေဆုံးသွားသည်ဟု မြို့ခံတစ်ဦးက Myanmar Now ကို အတည်ပြုပြောဆိုသည်။

“သူကတော့ ချက်ချင်းပဲ ဆေးရုံပို့ချိန် ဆုံးသွားတယ်။ နောက်တစ်ဦးက ဗိုက်ထိတာကိုပဲ အတည်ပြုနိုင်သေးတယ်။ သူနဲ့ တူတော်တယ်လို့လည်း သတင်းထွက်နေတယ်။ အသေးစိတ် မသိရသေးဘူး”

ရတနာလမ်း (၁၃၁ နှင့် ၅၄ လမ်းကြား)၊ လန်ဒန်ဆေးခန်းအနီး နေအိမ်၌ ရှိနေစဉ် ပစ်ခတ်ခံရခြင်းဖြစ်ကာ လူမှုရေးအသင်းကားဖြင့် သယ်သွားပြီးနောက် ထိုနေရာသို့ စစ်သားများ ရောက်ရှိလာကာ စစ်ဆေးမေးမြန်းသည်ဟုလည်း ရပ်ကွက်နေသူတို့က ဆိုသည်။

စစ်ကောင်စီ၏ အောက်ခြေအုပ်ချုပ်ရေးမှူးများသည် စစ်ကောင်စီ၏ အခြေခံယန္တရားများဖြစ်ခြင်း၊ အာဏာသိမ်းမှုဆန့်ကျင်သူတို့ကို ဖမ်းဆီးသတ်ဖြတ်သည့် စစ်ကောင်စီ၏ လုပ်ရပ်များတွင် ပူးပေါင်းပါဝင်ခြင်းတို့ကြောင့် ပစ်မှတ်ထားခံနေရသည်။

အာဏာသိမ်းပြီး နှစ်နှစ်ကျော်သည်အထိ လုပ်ကြံသတ်ဖြတ်မှုများ၊ ပစ်ခတ်တိုက်ခိုက်မှုများ အဆက်မပြတ်ဖြစ်နေသည့် မန္တလေးမြို့တွင် မတ် ၃၁ ရက်နေ့ကလည်း ချမ်းမြသာစည်မြို့နယ်၌ ရာအိမ်မှူးနှစ်ဦး ပစ်သတ်ခံရသည်။

ယင်းနေ့ မွန်းလွဲ ၁ နာရီခွဲက ချမ်းမြသာစည်မြို့နယ် ဦးပွားခုံးကျော်တံတားနှင့် ၇၈ လမ်းအနီး ဖူဂျီဈေးဝယ်စင်တာရှေ့တွင် ဆိုင်ကယ်စီးနင်းလာသည့် ချမ်းမြသာစည် (တောင်) ရပ်ကွက်မှ ရာအိမ်မှူး ဦးစိုးနိုင် ပစ်ခတ်ခံရပြီး ပွဲချင်းပြီး သေဆုံးခဲ့သည်။

၎င်းမှာ စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားသူဖြစ်ပြီး ရပ်ကွက်နေပြည်သူများကို အနိုင်ကျင့်သည်ဟု နာမည်ကြီးသည်ဟုလည်း ရပ်ကွက်နေ အမျိုးသမီးတစ်ဦးက ပြောသည်။

“သူက အရင်က မီးသတ်တပ်ဖွဲ့ဝင်။ အာဏာသိမ်းပြီး စစ်ကောင်စီက ရာအိမ်မှူးခန့်ထားတာ။ သူ့ရပ်ကွက်မှာ အတော်ဆိုးတယ် ကြားတာပဲ။ သေနတ်လည်း ပေးထားတယ်” 

သူ၏ ပြောဆိုချက်များနှင့် ပတ်သက်ပြီး Myanmar Now အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။ 

ထိုပစ်ခတ်မှုကို မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်ကြောင်း မသိရသေးသော်လည်း စစ်ကောင်စီကို ထောက်ခံသည့် တယ်လီဂရမ်ချန်နယ်များတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့ (PDF) များက လုပ်ကြံသွားခြင်းဖြစ်ကြောင်း ရေးသားဖော်ပြနေသည်။

မန္တလေးမြို့တွင်းတစ်နေရာကို ၂၀၂၁ စက်တင်ဘာအတွင်းက တွေ့ရစဉ်။

ထိုနေ့ ညနေပိုင်း ၄ နာရီတွင် ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်မှ ရာအိမ်မှူး ဦးဆန်းအောင် ပစ်ခတ် လုပ်ကြံခံရကာ မန္တလေးအခြေစိုက် မြို့ပြပြောက်ကျားတပ်ဖွဲ့များ စုဖွဲ့ထားသည့် AST-MDY အဖွဲ့က ၎င်းတို့ လက်ချက်ဖြစ်ကြောင်း ထုတ်ပြန်သည်။

လူမိုက်များမွေးထားသည့် ရာအိမ်မှူး ဦးဆန်းအောင်သည် ရပ်ကွက်အတွင်း နေထိုင်သူများကို “ဂရန်ရှိလည်း ဖယ်၊ မဖယ်ရင် အခုဖျက်” ဟု ဆဲဆို၍ ပြောခြင်း၊ လက်နက်ပြကာ နေအိမ်များကို အဓမ္မဖျက်ဆီးခြင်းကြောင့် သေနတ်ဖြင့် ၇ ချက် ပစ်ခဲ့သည်ဟု AST-MDY အဖွဲ့က ဆိုသည်။

ပစ်ခတ်မှုအပြီး ရာအိမ်မှူး ဦးဆန်းအောင်ထံမှ ပွိုင့် ၃၈၀ သေနတ်တစ်လက်၊ ကျည် ၂၂ တောင့်၊ ဖုန်း ၂ လုံးနှင့် ဆက်စပ်ပစ္စည်းတို့ သိမ်းဆည်းရမိကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

AST-MDY အဖွဲ့သည် စစ်ကောင်စီပစ်မှတ်များကို ဆက်တိုက်တိုက်ခိုက်နေရာ ပြီးခဲ့သည့် မတ် ၂၂ ကလည်း တစ်နေ့တည်း၌ပင် ရာအိမ်မှူး၂ ဦး၊ ရဲ ၁ ဦးကို ပစ်ခတ်လုပ်ကြံခဲ့သည်။

ဇန်နဝါရီလကုန်ပိုင်းမှစ၍ အောင်စည်တော်စစ်ဆင်ရေးအမည်ဖြင့် တိုက်ခိုက်မှုများ ထိုအဖွဲ့၏ တယ်လီဂရမ်၌ ဖော်ပြလာသည်။ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ရဲနှင့် သတင်းပေး (ဒလန်) ဟု ယူဆရသူများကို ပစ်မှတ်ထားတိုက်ခိုက်နေကာ မန္တလေးမြို့ရှိ အုပ်ချုပ်ရေးရုံး၊ မီတာရုံး၊ ကင်းတဲနှင့် ရဲစခန်းများကို တိုက်ခိုက်ခဲ့ကြောင်း ထိုအဖွဲ့က ထုတ်ပြန်ထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button